Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 16, 2019

ယနေ့ အချိန် ထိ အဖြေမပေါ်သေးတဲ့ မြေနီကုန်း လမ်းဆုံက ပုဏ္ဏကတိုက်ခြင်း ဖြစ်ရပ်


၁၉၉၇ ခုနှစ်လား၊ ၁၉၉၈ ခုနှစ်လား သိပ်တော့ မသေချာတော့ပါ။ ၁၉၉၇ ခုနှစ် ဖြစ်ဖို့ များပါတယ်။ ရန်ကုန်၊ စမ်းချောင်း မြေနီကုန်းမီးပွိုင့်လမ်းဆုံက တီဗီအရောင်းဆိုင် တစ်ခုမှာ ပုဏ္ဏက တိုက်တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီ အကြောင်းကို လူအတော်များများ မှတ်မိကြ၊ သိကြမှာပါ။

ရန်ကုန်မြို့ထဲက လူတွေ မြေနီကုန်း မီးပွိုင့်က အဲဒီ ပုဏ္ဏက တိုက်တယ်ဆိုတဲ့ တီဗီအရောင်းဆိုင်ကို လာကြည့်တာ ဘယ်လောက်တောင် များသလဲဆိုရင် လမ်းနံဘေးမှာ ဈေးသည်တွေတောင် စည်ပင်ရဲက မနည်းမောင်းထုတ် ရပါတယ်။ ရပ်ကွက်ထဲက ငယ်သူငယ်ချင်းတွေနဲ့ အဲဒီနားကို သုံး၊လေးခေါက် နီးပါးသွား စပ်စုခဲ့ပါတယ်။

ပထမနဲ့ ဒုတိယ အခေါက်တွေ တုန်းကတော့ ပိတ်ထားတဲ့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ ထုပြီး အခန်းထဲက ပုဏ္ဏက သရဲကို လှမ်းအော်ပြီး စ လိုက်၊ ထွက်ပြေးလိုက်နဲ့ ပျော်စရာပါ။ နောက်အခေါက်တွေကြတော့ လုံထိန်းရဲတွေ ချထားလို့ အဲဒီ တီဗီ အရောင်းဆိုင် နံဘေးကို ကပ်လို့ မရတော့ပါဘူး။ ပထမတော့ ရိုးရိုးသရဲပါ။ နောက်တော့ ၈၈ တုန်းက သေဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေ ခြောက်လန့်တယ်ဆိုတဲ့ အသံတွေပါ ရောထွက်လာတော့ စစ်အစိုးရလည်း စစ်တပ်ကို နေ့ရော ညပါ အစောင့်ချထားရတဲ့

VIP ပုဏ္ဏက သရဲ ဖြစ်လာပါတယ်။ ကျနော့် သူငယ်ချင်းတချို့က အဲဒီနား တဝိုက်မှာ နေထိုင်လို့ သူတို့ဆီမှ တဆင့် သတင်းတချို့ ကြားရပါတယ်။ တီဗီ အရောင်းဆိုင်ရဲ့ ဆက်ဆံရေးကြောင့် ပြဿနာဖြစ်ပွားခဲ့တယ်လို့ ပြောကြပါတယ်။

တနေ့တော့ တီဗီဆိုင်ကို ဘိုးတော်လိုလို၊ ရသေ့လိုလို ပုဂ္ဂိုလ်တစ်ဦး တီဗီ လာဝယ်ပါတယ်။ ဆိုင်အနေနဲ့ လာဝယ်သူကို ဘောင်ချာပေးပါတယ်။ တစုံတရာ ပျက်စီးမှု၊ ချို့ယွင်းမှု ဖြစ်ခဲ့ရင် အဲဒီဈေးဝယ်ဘောင်ချာနဲ့ အမြန်ဆုံး လာပြန်ပို့ပေးဖို့၊ ဆိုင်အနေနဲ့လည်း ပြင်ပေးတာတို့၊ အသစ်နဲ့ လဲပေးတာတို့ လုပ်ပေးမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

နောက်တစ်လလောက် အကြာမှာ အဲဒီဈေးဝယ်တဲ့ ပုဂ္ဂိုလ်ဆိုင်ကို ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ တီဗီတစ်လုံးကို သယ်လာပါတယ်။ ဒီဆိုင်မှာ ဝယ်ထားတာ ဖြစ်ကြောင်း၊ ကြည့်ရှုရာမှာ တီဗီပေါ်မှာ အစင်းစင်း လိုင်းကြောင်းတွေနဲ့ ကြည့်မကောင်းကြောင်း ပြောပါတယ်။ ဒါနဲ့ဆိုင်က ဝန်ထမ်းဖြစ်သူက ဘောင်ချာပြဖို့ ပြောတော့ သူ့ထံမှာ ဘောင်ချာ မရှိတော့ကြောင်း၊ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်းပြောပါတယ်။

တီဗီဆိုင်က ဝန်ထမ်းလည်း ဆိုင်စည်းကမ်းအရ ဘောင်ချာမပါတဲ့ ပစ္စည်းကို တာဝန်မယူနိုင်ကြောင်း ပြောပါတယ်။ အဲဒီလို ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “မင်းတို့ဆိုင် ငါ့အကြောင်း၊ ကောင်းကောင်း သိစေရမယ်” လို့ ကြိမ်းဝါးပြီး ပြန်သွားပါတယ်။

အဲဒီနောက်တော့ ဇာတ်လမ်း စပါတော့တယ်။ နေ့ခင်းဖက် ဆိုင်ထဲမှာ ဈေးဝယ်သူရော၊ ဆိုင်ကလူတွေရော အစုံအလင် ရှိနေချိန်မှာ နောက်ခန်းထဲမှာ ရှိတဲ့ ရေခဲသေတ္တာဟာ အလိုအလျောက် ပွင့်သွားပြီး အထဲက အမောပြေ သောက်တဲ့ အအေး ပုလင်းတွေ လေထဲမှာ လွင့်ပြီး ပစ်ပေါက်သလို ဖြစ်လာပါတယ်။ ပထမ စဖြစ်တဲ့ ရက်က သိပ်မဆိုးသေးပဘူး။ ဒါနဲ့ ထုံးစံအတိုင်း ဘာသာရေးအရ အမျှအတန်း ပေးဝေတာတွေ လုပ်ကြပါတယ်။ အဲဒီနောက်တော့ ပိုကြမ်းလာပါတယ်။ ညဖက်မှာ စောင့်အိပ်ရတဲ့ အစောင့်လည်း ညဖက်ကြီး အခန်းထဲကနေ ထွက်ပြေးရတဲ့ အထိ ဖြစ်လာပါတယ်။

ဒါနဲ့ သတင်းကို ဖုံးဖုံးဖိဖိ လုပ်ကြပါတယ်။ ဆိုင်ကို ခဏပိတ်ပြီး ထားလိုက်ပါတယ်။ အခန်းထဲမှာ နေ့ရော ညပါ တဝုန်းဝုန်း ဖြစ်သံတွေကို အရှေ့က ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတဲ့ လူတောင် ကြားရတဲ့အထိ ဖြစ်လာတော့ သတင်းက ထိန်းထားလို့ မရတော့ပါဘူး။ ဒါနဲ့ တမြို့လုံး ပွဲကြည့်သလို လာကြည့်တဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နောက် နှစ်လလောက် အကြာမှာ ပြဿနာ ပြေလည်သွားတယ်လို့ သိရပါတယ်။ ဘယ်လို ပြေလည်သွားသလဲလို့ မေးကြည့်တော့ တစ်ယောက် တမျိုးစီ ပြောကြပါတယ်။

အများစု ပြောသံကတော့ အခန်းကို ပြန်ပြီး သန့်ရှင်းရေး လုပ်တော့ ဖယောင်းတိုင် အတိုအစတွေ အများကြီးတွေ့ရ တယ်လို့ ပြောပါတယ်။ အဲဒီ ဖယောင်းတိုင်တွေရဲ့ အပေါ်မှာ အင်းကွက်ပုံစံ ရေးခြစ်ထားတယ်လို့ ပြောကြပါတယ်။ တချို့ပြောပုံကတော့ အဲဒီ တီဗီအရောင်းဆိုင်ကို အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမား အချို့က ပြန်ဝယ်ချင်တာကို ကြည်ကြည် ဖြူဖြူ ပြန်မရောင်းတာကြောင့် အောက်လမ်းဆရာတချို့နဲ့ ပေါင်းပြီး အဲဒီလို ပုဏ္ဍက တိုက်အောင် စီရင်တာ ဖြစ်နိုင်ကြောင်း ပြောကြတဲ့ လူတွေလည်း ရှိပါတယ်။

အဲဒီဆိုင်ရဲ့ အခြေအနေဆိုးကို ပြေလည်အောင် ဖြေရှင်းပေးသူ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ယနေ့အထိ မသိသေးပါ။

(ပုဏ္ဏက တိုက်တယ်လို့ ယူဆရတဲံ တခြား ကိုယ်တွေ့ အဖြစ်အပျက်တွေကို အားတဲ့အခါ ထပ်ပြီး ပို့စ်တင်ပါဦးအမယ်၊ ဒီတစ်ခါတော့ ဒီလောက်နဲ့ ကျေနပ်ပေးကြပါ။)

စစ်ငြိမ်းဒီရေ (ပျူနိုင်ငံ)

No comments:

Post a Comment