Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 31, 2019

ခေတ်သစ်လက်နက်တွေ နဲ့ မတူညီတဲ့ တပ်စွမ်းရည်ကို ပေါင်းစည်းတဲ့ စစ်ရေးလေ့ကျင့်မှု


တပ်မတော် ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်ကာတပ်တွေရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
မန္တလေးတိုင်း မိတ္ထီလာလွင်ပြင်ဒေသ မုန်တိုင်မှာ တပ်မတော်(ကြည်း)၊တပ်မတော်(လေ)၊ အမြောက်တပ်နဲ့ သံချပ်ကာတပ်တွေရဲ့ ပူးပေါင်းစစ်ဆင်ရေး ဘုရင့်နောင် စစ်ဆင်ရေး လေ့ကျင့်ခန်းကို ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ခေတ်သစ် စစ်ပွဲတွေမှာ ခေတ်မီနည်းနဲ့ ခေတ်သစ် လက်နက်တွေကို စနစ်တကျ အသုံးချနိုင်အောင် အခုလို စစ်ရေး လေ့ကျင့်မှုတွေကို နှစ်စဉ် ပြုလုပ်တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဓိကက ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ၊ အင်ဂျင်နီယာ၊ ဆေးစတဲ့ တပ်ဖွဲ့မျိုးစုံတွေရဲ့ မတူညီတဲ့ စွမ်းရည်တွေကို တပေါင်းတစည်းတည်း ဖြစ်အောင် ပေါင်းစည်း ဆောင်ရွက်တဲ့ လေ့ကျင့်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်လေယာဉ် အမျိုးအစား နှစ်မျိုး ပါဝင်လေ့ကျင့်
အခု လေ့ကျင့်ခန်းမှာ တပ်မတော် လေတပ်က တိုက်လေယာဉ် အမျိုးအစား နှစ်မျိုးပါဝင်ပြီး JF 17 နဲ့ YAK 130 တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းချီ တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် နှိမ်နှင်းရေး တပ်ဖွဲ့တွေရဲ့ စီးနင်း တိုက်ခိုက်တဲ့ လေ့ကျင့်မှုတွေ၊ လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရဲ့ ပစ်မှတ် ချေမှုန်းတာ၊ အမြောက်ကြီးတွေ အတွဲလိုက် ဒုံးတွေနဲ့ တိုက်ခိုက် လေ့ကျင့်တာမျိုးတွေနဲ့ ခြေလျင်နှင့် သံချပ်ကာ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ တိုက်ခိုက် သိမ်းပိုက်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ အင်တာနက် စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ၁၂၂ မီလီမီတာ ဒုံးကိုလည်း ပစ်ခတ် လေ့ကျင့်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
 ဒုံးလက်နက်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် လေ့ကျင့်
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံတွင်းမှာပဲ လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး စစ်သည်တွေကိုင်ဆောင်တဲ့ လက်နက်ငယ် အားလုံးနီးပါးလောက်ကို ထုတ်လုပ်နိုင်တယ်လို့ သူကဆိုပါတယ်။

နောက်ပြီး ခြေလျင်တပ်မှာသုံးတဲ့ တချို့ အမြောက်ကြီးတွေနဲ့ လက်နက်ကြီးအားလုံးလောက်ကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်။

ရေတပ်ဆိုရင်လည်း စစ်သင်္ဘောတချို့ကို ကိုယ်ပိုင်ထုတ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပါဝင်ခဲ့သလို ရဟတ်ယာဉ်နဲ့ လူနာ သယ်ထုတ်တာတွေလည်း လေ့ကျင့်ခဲ့
တပ်မတော်လေ အတွက် လိုအပ်တဲ့ လေယာဉ်တွေကိုတော့ အများအားဖြင့် ရုရှားနဲ့ တရုတ်က ဝယ်ယူတယ်လို့ ဆိုပါတယ်။

အခုလို စစ်ရေး လေ့ကျင့်ရာမှာ စစ်သည်တွေရော၊ ဒေသခံအရပ်သားတွေပါ ဘေးကင်း လုံခြုံရေးအတွက် စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြီး ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။

စစ်ရေး လေ့ကျင့်မှုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ တက်ရောက် ကြည့်ရှုခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment