Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

Jack Dorsey လှစ်ပြလိုက်တဲ့ ဖဲတချပ်


Twitter လူမှုကွန်ရက်ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Jack Dorsey က မြန်မာနိုင်ငံမှာလာပြီး ဝိပဿနာတရားအားထုတ်ခဲ့တဲ့အတွေ့အကြုံကို ကိုယ်ပိုင်အကောင့်ကနေ ဝေမျှခဲ့ရာကနေ အင်တာနက်ပေါ် မှာ မုန်တိုင်းထန်နေတာ ရက်အတော်လေးကြာသွားပြီ ဖြစ်ပါတယ်။ ယနေ့ထိ မရပ်စဲသေးပါ။

Jack Dorsey ဟာ တရားကျင့်ကြံအားထုတ်ခဲ့တာ နှစ် ၂ဝ ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံအထိလာရောက် အားထုတ်ရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ဝိပဿနာကျင့်စဉ်ကို မပျောက်ကွယ်သွားအောင် ခေတ်အဆက်ဆက် ထိန်းသိမ်းထားခဲ့တဲ့မြေဖြစ်တာကြောင့်လို့ သူကိုယ်တိုင် ပြောထားပါတယ်။

သူ့မွေးနေ့အထိမ်းအမှတ် ပြင်ဦးလွင်မှာရှိတဲ့ ဓမ္မမဟိမတရားစခန်းမှာ ၁ဝ ရက်စခန်းဝင်ပြီး ဝိပဿနာ တရားအားထုတ်ခဲ့ပါတယ်။ ဒါအပြင် ဂူချောင်တခုမှာလည်း တရားအားထုတ်ခဲ့တယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်၊ မန္တလေး၊ ပုဂံ အစရှိတဲ့နေရာတွေကိုလည်း လည်ပတ်ခဲ့ပြီး ရောက်ရှိရာနေရာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း တရားအားထုတ်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကို သူ့ရဲ့တွစ် တာကတဆင့် အများသိစေဖို့ ဝေငှရာမှာတော့ ''မြန်မာနိုင်ငံဟာ သိပ်ကိုလှပတဲ့နိုင်ငံတခုပါ။ မြန်မာပြည်သူ တွေမှာ ပျော်ရွှင်မှုနဲ့ ပြည့်လွှမ်းနေပြီး စားသောက်ဖွယ်ရာတွေကလည်း အံ့မခန်းပါပဲ''လို့ ရေးခဲ့ပါတယ်။

ပြဿနာက အဲဒီမှာစတာပါ။ အားလုံးသိတဲ့အတိုင်း ယနေ့တွစ်တာပေါ်မှာ #myanmar လို့ ရိုက်လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်ပြဿနာ၊ ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ရပုံများ၊ ဗုဒ္ဓဘာသာဝင် မြန်မာတွေဟာ ရက်စက်ကြမ်းကြုတ်သူများသဖွယ် အထင်ရောက်စေတဲ့ရေးသားမှုများ၊ မြန်မာနိုင်ငံအပေါ် ကျရောက်ခဲ့ ကျရောက်လတ္တံ့သော အရေးယူပိတ်ဆို့မှုများအစရှိတဲ့ အမင်္ဂလာသတင်း၊ မကောင်းသတင်းများသာ လွှမ်းမိုးနေတာပဲ ဖြစ်ပါတယ်။

သာမန်တွစ်တာအသုံးပြုသူတွေအနေနဲ့လည်း နိစ္စဓူဝ ဒီအကြောင်းတွေကိုပဲ မြင်တွေ့ဖန်များလာတော့ မြန်မာနိုင်ငံဆိုတာ မြေပုံပေါ် ဘယ်နားရှိမှန်းမသိပေမဲ့၊ ကိုယ်တိုင်ကိုယ်ကျသာ မရောက်ဖူးပေမဲ့ မြန်မာဆိုတာနဲ့ ဖုန်းဆိုးမြေလို့သာ အထင်ရောက်နေချိန်မှာ Jack Dorsey က မြန်မာနိုင်ငံဟာ အင်မတန်လှပတဲ့ နိုင်ငံ၊ မြန်မာတွေဟာ ပျော်ရွှင်မှုအပြည့်ရှိတဲ့လူမျိုးလို့ ပြောလိုက်ခြင်းက သူ့တို့ရဲ့အခံအသိကို ကိုင်လှုပ်နှိုးဆွလိုက် ပါတယ်။ တကယ်တမ်းမှာတော့ Jack Dorsey ဟာ အဇ္ဈတ္တငြိမ်းချမ်းရေးအကြောင်းကို သဘောရိုးနဲ့ ဝေမျှခဲ့ တာပါ။ ဒီအကြောင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ တွစ်တာ Thread အရှည်ကြီးမှာ နိုင်ငံရေး၊ လူမျိုးရေးအကြောင်း တလုံးမှမပါဘဲ ဝိပဿနာအကြောင်း၊ ကိုယ်တွေ့သိမြင်ကြုံတွေ့မှုတွေကိုသာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါကိုမှ ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ဒုက္ခအကြောင်း မပြောရကောင်းလား မသိရကောင်းလားဆိုပြီး ဘယ်၊ ညာ၊ အထက်၊ အောက် ထောင့်ပေါင်းစုံကနေ Jack Dorsey ကို တိုက်ခိုက်ကြလေတယ်။

ဒီဖြစ်ရပ်က ကမ္ဘာ့စာမျက်နှာမှာ မြန်မာနိုင်ငံဟာ ဆိုးဆိုးရွားရွားပုံဖျက်ခံထားရပြီဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီး လူမှုမီဒီယာ ပြဿနာရပ်ကို မီးမောင်းထိုးပြလိုက်ပါတယ်။ လူမှု ကွန်ရက်နဲ့မီဒီယာတွေမှာ တွေ့ရလေ့ရှိတာက ဖြစ်ရပ်တခုကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ဝေဖန်ခြင်းထက် လွှမ်းခြုံပြီး ပြစ်တင်ရှုတ်ချခြင်း၊ ချီးမွမ်းစန်းတင်ခြင်းကို အလွယ်တကူပဲလုပ်ကြလေ့ရှိပါတယ်။ ကိုယ်မြင်တဲ့အပိုင်းလေး တစကိုပဲ အလုံးစုံအမှန်အဖြစ် မှတ်ယူခြင်းပြဿနာရဲ့အကျိုးဆက်က Jack Dorsey အပေါ် ကျရောက် လာတာဖြစ်ပါတယ်။ ဒါ့အပြင်လည်း ဒီလိုဖြစ်ရပ်မျိုးမှာ မသိသလိုနေလိုက်ရင် ကိုယ်ကပဲ လူသားမဆန်သူ လိုလို၊ နိုင်ငံရေးအသိမရှိသူလိုလို ဖြစ်သွားမလားဆိုတဲ့ အတွေးမျိုးနဲ့ Jack Dorsey ကို ဆွမ်းကြီးဝင်လောင်း တာတွေလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြဿနာတွေဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖြေရှင်းရမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတယ်ဆိုတာလည်း မှန်ပါတယ်။ ဒီပြဿနာတွေကို အချိန်ယူပြီး မှ ဖြေရှင်းလို့ရမယ်ဆိုတာလည်း အမှန်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Jack Dorsey ကို ထိုးနှက်တိုက်ခိုက်တဲ့ မှတ်ချက်တွေက တကယ့်ပြဿနာအပေါ်မှာ ပြောဆိုကြတာ မဟုတ်သလို သူတို့ပြစ်တင်မာန်မဲတဲ့ လူပုဂ္ဂိုလ်ဟာလည်း ဒီပြဿနာနဲ့ ဘာမှမဆိုင်တဲ့အတွက် လွဲနေပါတယ်။ ဒီလိုရေးနေပြောနေကြသူတွေထဲမှာ မြန်မာနိုင်ငံရောက်ဖူးသူ ဘယ်နှယောက်ပါသလဲ။ မြန်မာဘယ်နှယောက်နဲ့ ထိတွေ့ဆက်ဆံဖူးသလဲ။ ပြဿနာရဲ့ အတိမ်အနက်ကိုရော တကယ်သိရဲ့လားဆိုတာကို သိချင်နေမိပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပေမဲ့ အခြားသော ဘာသာယုံကြည်မှုတွေလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုတာကိုရော သိကြရဲ့လား တွေးနေမိပါတယ်။

တွစ်တာပေါ်က ရေးသားချက်တွေက အဖြစ်မှန်ရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ကိုသာ သိပုံရပြီး ရေခြားမြေ ခြားတိုင်းပြည်တခုကနေ ကွန်ပျူတာမျက်နှာပြင်နောက်ကွယ်ကရေးလိုက်တဲ့ မှတ်ချက်တွေက ရခိုင်ပြည်နယ် ပြဿနာအတွက် မီးထိုးပေးသလိုပဲရှိမယ်ဆိုတာ နားလည်ပုံမရဘူး။

Jack Dorsey အနေနဲ့ သူ့အပေါ်ဝေဖန်တာတွေအပေါ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က အခုလိုရေး သားထားပါတယ်။

''မြန်မာနိုင်ငံမှာရှိခဲ့တဲ့အချိန်ကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချမယ်ဆိုတဲ့ တခုတည်းသော ရည်ရွယ်ချက်ပဲ ရှိခဲ့ပါတယ်။ ဒီအတွေ့အကြုံကို ဝေငှတဲ့နေရာမှာလည်း အခြားသူတွေအနေနဲ့ အလားတူကျင့်စဉ်မျိုးကို စဉ်းစားကြစေချင်လို့ အားပေးအားမြှောက်ပြုမယ်ဆိုတဲ့ တခုတည်းသော ရည်ရွယ်ချက်ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝိပဿနာအားထုတ်ခြင်းဟာ နေ့စဉ်ဘဝမှာ ကျွန်တော့်အတွက် အကျိုးပေးတဲ့ အကောင်းဆုံးအရာဖြစ်လို့ပါပဲ။ မြန်မာနိုင်ငံက ဒုက္ခပြဿနာတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရက်စက်မှုတွေကို ကျွန်တော် သတိပြုမိပါတယ်။ မြန်မာနိုင်ငံကို အလည်အပတ်သွားခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ မြန်မာပြည်သူတွေနဲ့ ပြောဆိုဆက်ဆံခြင်းက ဒီအတွက် ထောက်ခံ အားပေးမှုအဖြစ် ကျွန်တော် မခံယူပါဘူး။ ဒီပြဿနာတွေကို မှေးမှိန်သွားစေချင်တဲ့ရည်ရွယ်ချက်နဲ့ မပြောမ ဆိုနေခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဝန်ခံရမယ်ဆိုရင်တော့ ကျွန်တော် ဒီပြဿနာတွေကို လုံလုံလောက်လောက် မသိတဲ့အတွက် လေ့လာဖို့လိုပါသေးတယ်''

တွစ်တာ CEO ဝေဖန်ခံရတဲ့အကြောင်းကို ကမ္ဘာ့သတင်းဌာနအသီးသီးကလည်း သတင်းဖော်ပြခဲ့ကြပြီး ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ ဒီသတင်းတွေရဲ့အောက်က မှတ်ချက်တွေမှာတော့ မြန်မာနိုင်ငံအတွက် အားတက်စရာ ရေးသားချက်တွေကို တွေ့ရပါတယ်။ ဒါကတော့ အဆိုးထဲကအကောင်းလို့ ဆိုရမှာပါ။ Jack Dorsey ဘက်က ကာကွယ်ရေးသားသူအများစုဟာ မြန်မာနိုင်ငံကို ရောက်ဖူးသူတွေဖြစ်တာကို တွေ့ရပါ တယ်။ အပြောကျယ်တဲ့ အင်တာနက်ကမ္ဘာကြီးမှာ သူတို့ဟာ အနည်းစုလေးဆိုပေမဲ့ သူတို့ရဲ့ ရှုမြင်မှုတွေက ကိုယ်တွေ့မှတ်တမ်းမှာ အခြေခံတာ ဖြစ်ပါတယ်။

Channel News Asia သတင်းအောက်က မှတ်ချက်တခုမှာတော့ မြန်မာနိုင်ငံကို ၅ ကြိမ် ရောက်ဖူးသူ တယောက်က သူ့အနေနဲ့ ပြဿနာတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်းရောက်ဖူးကြောင်း၊ အင်မတန်လှပတဲ့နိုင်ငံဖြစ်ပြီး မြန်မာတွေဟာ အင်မတန်ရိုးရှင်းပြီး ဖော်ရွေပျူငှာကြောင်း၊ အနောက်မီဒီ ယာတွေရဲ့ ဘက်လိုက်မှုအပေါ်မှာ စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။

နောက်တဦးကလည်း ''လုံးဝသဘောတူတယ်။ မြန်မာနိုင်ငံကို သုံး၊ လေးကြိမ်ရောက်ဖူးပါတယ်။ မြန်မာပြည်သူတွေက အံ့သြစရာကောင်းတယ်။ ကျွန်တော့်အလုပ်မှာ မြန်မာဝန်ထမ်းတွေလည်း ရှိခဲ့တယ်။ ကျွန်တော့်ကုမ္ပဏီပိတ်သွားတာ ၁ဝ နှစ်လောက်ရှိပြီ ဖြစ်ပေမဲ့ ဒီနေ့အထိ မိတ်ဆွေတွေအနေနဲ့ ရှိနေတုန်း ပါပဲ''လို့ ဆိုပါတယ်။

Jack Dorsey လှစ်ပြလိုက်တဲ့ ဖဲချပ်ကလေးကတော့ အနောက်မီဒီယာနဲ့ လက်ဝေခံမီဒီယာတွေ ရဲ့တဖက်စောင်းနင်း သတင်းဖော်ပြမှုကြောင့် မြန်မာနိုင်ငံ ပုံဖျက်ခံထားရပြီဆိုတာရယ်၊ လူအများစုဟာ ကိုယ်တွေ့မျက်မြင် အတွေ့အကြုံအပေါ်အခြေခံပြီး ဝိဘစ္ဆဉာဏ်နဲ့ ဝေဖန်ဆန်းစစ်ခြင်းထက် မီဒီယာတွေရဲ့ ပြောဆိုရေးသားခြင်းအပေါ်မှာပဲ အမှန်တရားကို ရှာဖွေနေကြတယ်ဆိုတာရယ်ပါပဲ။

တစုံတယောက်အနေနဲ့ အင်တာနက်လူမှု ကွန်ရက်ရဲ့စွမ်းပကားနဲ့ ကမ္ဘာကြီးအတွက် တခုခုလုပ် ပေးချင်တဲ့ဆန္ဒရှိတယ်ဆိုရင်လည်း မိမိအနေနဲ့ သင်ယူ လေ့လာစရာအများကြီးရှိသေးတယ်ဆိုတဲ့ နှိမ့်ချတဲ့ ခံယူချက်ရှိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ အပြောင်းအလဲအတွက် လုပ်ရပ်ကမှန်ကန်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ကွန်ပျူတာမျက်နှာပြင်နောက်မှာထိုင် ပြီး ဝေဖန်လေကန်ရေးပဲ လုပ်နေမယ်ဆိုရင်တော့ ဘယ်ပြဿနာမှ ပြေလည်လာမှာ မဟုတ်ဘူးဆိုတာကို Jack Dorsey ရဲ့ ဖြစ်ရပ်က ပြောပြနေပါတယ်။

မော်ရိုး
NewsWatch

No comments:

Post a Comment