Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 24, 2018

ရိုမန်ကက်သလစ်ဘာသာဝင်များက ခရစ်တော်မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး ၁ဝဝ အား နေ့ဆွမ်းဆက်ကပ်

ကလေး ဒီဇင်ဘာ ၂၁
ကလေးမြို့နယ် ကက်သလစ်သာသနာပိုင်(RC) ဂိုဏ်းအုပ် ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်သည် သူငယ်တော် ယေရှုခရစ်တော်၏ မွေးနေ့ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာနှစ်ဘာသာ ချစ်ကြည် ရင်းနှီးကြစေရန်အကျိုးငှာ စည်းလုံးညီညွတ်ရေးကို ဦးတည် ၍ သံဃာတော်အပါး ၁ဝဝ တို့အား ခရစ်တော်မွေးနေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁ဝ နာရီက ရိုမန်ကက်သလစ် ကလေး သာသနာနယ်ဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ရိုမန်ကက်သလစ်ဘုန်းတော် ကြီးများဥက္ကဋ္ဌ ကလေးရိုမန်ကက်သလစ် သာသနာပိုင် (RC)ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်က အဖွင့်နှုတ်ခွန်းဆက် ဝမ်းမြောက်မေတ္တာစကား မိန့်ကြားပြီး နောက် ကလေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသန္တာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာကျော် ဘဒ္ဒန္တပုညသေဋ္ဌ အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မေတ္တာစကား ပြန်လည် မြွက်ကြားသည်။ ယင်းနောက် ကြွရောက်တော်မူလာကြ သော ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများပြုလုပ်ပြီး ရိုမန်ကက်သလစ် ကလေးသာသနာပိုင်ဆရာတော်က သံဃာတော်အရှင်သူမြတ်များကို လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကက်သလစ်ဘုန်းတော် ကြီးများအဖွဲ့ဥက္ကဋ္ဌ ရိုမန်ကက်သလစ် ကလေးသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးက ရှေ့တန်းသံဃာတော်များထံ သို့ အမှတ်တရလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီးနောက် ဆရာတော်သံဃာတော်များကိုယ်စား နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည် ဆရာတော်က ကလေးကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ထံသို့ ခရစ္စမတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ချီးမြှင့်ပေးအပ်သည်။

အခမ်းအနားတွင် ကက်သလစ်သာသနာနယ်မှ Choir Groupက ခရစ္စမတ်ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုကြကာ ကက်သလစ်သာသနာပိုင် ဆရာတော် ကြီးက နေ့လယ်စာသုံးဆောင်မည့် အစားအစာများကို ဆုတောင်းကောင်းချီးပေးပြီး ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်အပါး ၁ဝဝ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသည် ဘာသာဓလေ့ထုံးစံမပျက် စေရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရိုမန်ကက်သလစ် အသင်းတော်များမှ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် စည်ကား သိုက်မြိုက်စွာ ခရစ္စမတ်အကြိုအထိမ်းအမှတ်ပွဲတော်ကို ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား

No comments:

Post a Comment