Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

အိန္ဒိယဘုန်းကြီး တောထဲမှာ တရားထိုင်နေတုန်း ကျားသစ် ကိုက်ခံရလို့ ပျံလွန်

ဘုန်းကြီးကျောင်းနဲ့ ခပ်ဝေးဝေး နေရာကို ရွေးပြီး ဘုန်းကြီး ရာဟူး ဝေါ့ခ် သွားတရားထိုင်ခဲ့
အိန္ဒိယနိုင်ငံ မဟာရာရှ်ထရာ ပြည်နယ်က တောအုပ်တစ်ခုထဲမှာ တရားထိုင်နေတဲ့ ဘုန်းကြီးတပါး ကျားသစ် ကိုက်ခံရလို့ သေဆုံးသွားတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ဘုန်းကြီး ရာဟူး ဝေါ့ခ် ဟာ တာဒိုဘာ တောအုပ်ထဲက သစ်ပင် တပင်အောက်မှာ တရားထိုင်နေတာ ဖြစ်ပါတယ်။

အဲဒီ တောအုပ်ဟာ ရှားပါး ကျား တိရစ္ဆာန်တွေကို ဘေးမဲ့ပေး ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာ ဖြစ်ပါတယ်။

ဘုန်းကြီး ရာဟူး ဝေါ့ခ် ဟာ တောအုပ်ထဲက ဘုန်းကြီးကျောင်း တခုမှာ သီတင်းသုံးနေတာ ဖြစ်ပေမယ့် တရားထိုင်ဖို့ ဘုန်းကြီးကျောင်းနဲ့ ခပ်ဝေးဝေး နေရာကို ရွေးခဲ့တာပါ။

ဘုန်းကြီးတွေကို တောအုပ် အတွင်းပိုင်းထဲ မသွားကြဖို့ သစ်တော တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အခုအခါမှာတော့ ဘုန်းကြီးကို ကိုက်သွားတဲ့ အဲဒီ ကျားသစ်ကို ဖမ်းဆီးဖို့ စီစဉ်နေပါတယ်။

"လှောင်ချိုင့် နှစ်ခုနဲ့ ကင်မရာ ထောင်ချောက်တခုကို ဆင်ထားပြီးပါပြီ၊ အဲဒီ ကျားသစ်ကို မေ့ဆေးပေးနိုင်ဖို့လည်း ကြိုးစားပါ့မယ်" လို့ သစ်တော တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ဘီဘီစီ မရာသီ ဘာသာ ဌာနကို ပြောပါတယ်။

ဘုန်းကြီး ရာဟူး ဝေါ့ခ်ရဲ့ မိသားစုကို အမေရိကန် ဒေါ်လာ တသောင်း ခုနှစ်ထောင် လျော်ကြေးပေးမယ်လို့ ပြည်နယ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ နောက်ဘုန်းကြီး တပါးက ဗုဒ္ဓဟူးနေ့တုန်းက ဘုန်းကြီး ဝေါ့ခ် တရားထိုင်နေတဲ့ နေရာဆီ အစားအစာ သွားပို့တုန်းက အဲဒီ ကျားသစ်က ဘုန်းကြီး ဝေါ့ခ် ကို ကုတ်နေ ကိုက်နေတာ သူတွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။

အကူအညီ ပေးမယ့် လူတွေ သွားခေါ်အပြီး ပြန်အလာမှာတော့ ဘုန်းကြီး ဝေါ့ခ် သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ တောအုပ်ဟာ ကျား အကောင်ရေ ၈၈ ကောင်လောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ နေရာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျားသစ်တွေ၊ ဝက်ဝံတွေ၊ ခွေးအတွေ အပါအဝင် တခြား တိရစ္ဆာန် အတော်များများလည်း ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment