Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 18, 2018

ဂဠဳန္ဦးေစာ ႏွင့္ ရဲမင္းႀကီး ပညာၿပိဳင္ခန္း မွာဘယ္သူအႏိုင္ရသြားခဲ႔သလဲ ?


ဂဠဳန္ဦးေစာ ႏွင့္ ရဲမင္းႀကီး ပညာၿပိဳင္ခန္း ဇာတ္လမ္းတစ္ပုဒ္

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ နံနက္ ၁၀ နာရီ ၃၇ မိနစ္တြင္ ဂဠဳန္ဦးေစာ၏ လက္မရြံ႔ အာဏာပါးကြက္သား လူရမ္းကားတို႔၏ အၾကမ္းဖက္ ရက္စက္မႈျဖင့္ ျမန္မာ့လြတ္လပ္ေရး ဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဝန္ႀကီးမ်ား က်ဆံုးခဲ့ၾက႐ွာသည္။ထိုေန႔ညတြင္ ဂဠဳန္ဦးေစာႏွင့္ အေပါင္းပါ လူသတ္သမားတို႔ကို ေသာင္းက်န္းမႈ ႏွိမ္နင္းေရးတပ္၊ တပ္ရင္း (၁) ဗိုလ္မွဴးေအးေငြ (စာေရးဆရာ ဒဂုန္ျမတ္ေလးႏြယ္) ဦးေဆာင္ေသာ လက္နက္ကိုင္တပ္ဖြဲ႔က ရန္ကုန္ၿမိဳ႕ ေအဒီလမ္း (ေနာင္၊ ေမခလမ္း) တြင္ ေနထိုင္ေသာ ဂဠဳန္ဦးေစာ၏ အိမ္ကို ဝိုင္းသည္။

ဂဠဳန္ဦးေစာႏွင့္ အၾကမ္းဖက္သမားမ်ားအားလံုးကို လက္နက္အစံုအညီႏွင့္ ဖမ္းမိသည္။ ဂဠဳန္ဦးေစာကို အင္းစိန္အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခ်ဳပ္ေႏွာင္ထားသည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ေခါင္းေဆာင္ႀကီးမ်ားကို ဂဠဳန္ဦးေစာတို႔ လုပ္ၾကံခဲ့စဥ္က ရန္ကုန္တိုင္း ပုလိပ္တပ္ဖြဲ႔ ဒုတိယပုလိပ္မင္းႀကီး ရဲမင္းႀကီး ဦးဘေအးသည္ ၿဗိတိန္ႏိ္ုင္ငံ လန္ဒန္ၿမိဳ႕သို႔ ေရာက္ေနသည္။

လန္ဒန္သို႔ ေခတၱေရာက္လာေသာ ျပည္ထဲေရးဝန္ႀကီး ဦးေက်ာ္ၿငိမ္းက လန္ဒန္ေရာက္ စေကာ့တလန္ယာဒ္ စံုေထာက္ပညာသင္ေက်ာင္း တက္ေရာက္ေလ့လာေနသူ ဦးဘေအးကို ျမန္မာျပည္ျပန္ရန္ အမိန္႔ေပးခဲ့သည္။ဦးဘေအးသည္ ျပည္ထဲေရးဝန္ႀကီး၏ အမိန္႔စာရသည္ႏွင့္ ျမန္မာႏိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ ျပန္လာစဥ္ လမ္းခရီးတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ လုပ္ၾကံခံရေၾကာင္း သတင္းကို ေရဒီယိုမွတဆင့္ ၾကားသိရသည္။

ဒုတိယပုလိပ္မင္းႀကီး ဦးဘေအး ရန္ကုန္ျပန္ေရာက္ေရာက္ခ်င္းပင္ ႏိုင္ငံေရး အေရးႀကီးေနခ်ိန္ျဖစ္၍ ခ်က္ခ်င္းပင္ အလုပ္တာဝန္ကို ယူရေတာ့သည္။ ဒုတိယပုလိပ္မင္းႀကီး ဦးဘေအးက အင္းစိန္အက်ဥ္းေထာင္ အတြင္း႐ွိ ဂဠဳန္ဦးေစာကို ႀကီးၾကပ္ေစာင့္ေ႐ွာက္ရေသာ တာဝန္ကို ယူရသည္။

တစ္ေန႔တြင္ ဂဠဳန္ဦးေစာက အင္းစိန္ေထာင္ပိုင္မွတဆင့္ ေထာင္အျပင္႐ွိ ၿဗိတိသ်ွ အရာ႐ွိတစ္ဦးထံသို႔ အဂၤလိပ္ဘာသာျဖင့္ စာတစ္ေစာင္ ေရးပို႔သည္။ ရန္ကုန္ၿမိဳ႕ တကၠသိုလ္ရိပ္သာလမ္း ထိုစဥ္ကအေခၚ University Avenue Road အိမ္အမွတ္ ၅၅ ႐ွိ Mr. ဘင္ဂေလထံ ေရးေသာစာ၌ ျမန္မာဘာသာျပန္လ်ွင္ ဤသို႔ပါ႐ွိပါသည္။

မိတ္ေဆြႀကီးခင္ဗ်ား …

မိတ္ေဆြႀကီးတို႔ ေစခိုင္းသည့္အတိုင္း ယခု က်ဳပ္ လုပ္ေဆာင္ခဲ့ၿပီးပါၿပီ။ ယခု က်ဳပ္တို႔ ဘယ္လိုျဖစ္ေနတယ္ ဆိုတာလည္း ခင္ဗ်ားတို႔ အသိအျမင္ပါပဲ။ က်ဳပ္ကို ခင္ဗ်ားတို႔ မကယ္ႏိုင္ၾကေတာ့ဘူးလား။

စာျပန္ရင္ ခင္ဗ်ားလက္ေရးနဲ႔ မျပန္ပါနဲ႔။ ၿပီးေတာ့ ကြမ္ေလာက္ဟိုတယ္တြင္ ညစာစားၾကစဥ္က ကြၽန္ေတာ္ အႀကိဳက္ဆံုး အစားအစာကို ျပန္စာ၌ ေဖာ္ျပေပးပါ။

သင္၏ သစၥာ႐ွိေသာေမာင္ေစာ

ထိုစာကို ေထာင္ပိုင္မွတဆင့္ ပုလိပ္မင္းႀကီးရံုးသို႔ ပို႔သည္။ ေနာက္ကြယ္မွ ပါဝင္ပတ္သက္သူမ်ားကို ေဖာ္ထုတ္ႏိုင္ရန္အတြက္ ပုလိပ္မင္းႀကီးက စာကို ဓာတ္ပံု႐ိုက္ယူထားၿပီး မူရင္းစာကို လိပ္စာၫႊန္းေသာ မစၥတာဘင္ဂေလထံ သြားပို႔သည္။ ဦးေစာ၏စာတြင္ ေဖာ္ျပေသာ ကြမ္ေလာက္ဟိုတယ္၌ မစၥတာဘင္ဂေလႏွင့္ ဦးေစာတို႔ ညစာစားစဥ္က ဦးေစာ အႀကိဳက္ဆံုး အစားအစာကို သိ႐ွိႏိုင္ရန္ ဦးဘေအး ႀကိဳးပမ္းရသည္။ ဒါမွလည္း မစၥတာဘင္ဂေလထံမွ ျပန္စာအတုတြင္ ဦးေစာ ယံုၾကည္ရန္ ထိုအစားအစာကို ေဖာ္ျပႏိုင္ေပမည္။

ဦးဘေအးသည္ ရန္ကုန္ၿမိဳ႕ တ႐ုတ္တန္း႐ွိ ၂၂ လမ္း၊ ပထမထပ္၊ ကြမ္ေလာက္ဟိုတယ္သို႔သြားၿပီး မစၥတာဘင္ဂေလႏွင့္ ဂဠဳန္ဦးေစာ ဓာတ္ပံုျပသလ်က္ ဦးေစာ အႀကိဳက္ဆံုး အစားအေသာက္ ဘာလဲဟု ေမးျမန္းရသည္။ ထိုေန႔က ဦးေစာ စားသည့္ စားပြဲထိုး တာဝန္က်သူ မၾကည္ဆိုသည့္ မိန္းမပ်ိဳကိုေမးရာ မၾကည္မွာ ဦးေစာဓာတ္ပံုကို အေသအခ်ာ မွတ္မိ၏။ မၾကည္ ေျပာျပသည့္ ထိုေန႔က ဦးေစာ ခဏ ခဏ မွာစားေသာ အစားအစာမွာ “႐ွမ္းပင္ေလာင္း လက္ဖက္ရည္ၾကမ္း” ဟူ၏။

ျပန္စာအတု၌ ယင္းလက္ဖက္ရည္ၾကမ္းကို ထည့္သြင္းေဖာ္ျပခဲ့ၿပီး ေနာက္တစ္ေန႔တြင္ ဒုတိယပုလိပ္မင္းႀကီး ဦးဘေအးသည္ မိမိတို႔ ဉာဏ္ကစားထားေသာ မစၥတာဘင္ဂေလ၏ စာအတုကို ဦးေစာ မည္သို႔သေဘာထားသည္ကို သိရရန္ အင္းစိန္ေထာင္တြင္းသို႔ သြားေလသည္။ဦးေစာႏွင့္ အလႅာပ သလႅာပေျပာရင္း မစၥတာဘင္ဂေလ၏ ျပန္စာကိစၥကို အမွတ္တမဲ့ ေမးၾကည့္သည္။ ဂဠဳန္ဦးေစာကား ပါးနပ္လွသည္။ ျပန္စာမွာ အစစ္မဟုတ္ဟု သိထားပံုရသည္။ ထူးထူးျခားျခား ဘာမွမေျပာဘဲ မသိက်ိဳးကြၽန္ျပဳကာ ဒါေတြ ထားလိုက္စမ္းပါဟူေသာ သေဘာအမူအရာကိုသာ ျပသည္။

ဂဠဳန္ဦးေစာႏွင့္ ပုလိပ္ဌာန ဒုတိယမင္းႀကီး ဦးဘေအးတို႔၏ ဉာဏ္ရည္ၿပိဳင္ပြဲ၌ ျမင္းပြဲစကားသံုး၍ ေျပာရလ်ွင္ ဦးေစာက ႏွာတစ္ဖ်ားအသာႏွင့္ ႏိုင္သြားေလၿပီ။

Ref – တကၠသိုလ္စိန္တင္
Ko Kyel Sin

# Unicode Version ျဖင့္ ဖတ္ပါ #

ဂဠုန်ဦးစော နှင့် ရဲမင်းကြီး ပညာပြိုင်ခန်း ဇာတ်လမ်းတစ်ပုဒ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဂဠုန်ဦးစော၏ လက်မရွံ့ အာဏာပါးကွက်သား လူရမ်းကားတို့၏ အကြမ်းဖက် ရက်စက်မှုဖြင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ ကျဆုံးခဲ့ကြရှာသည်။ထိုနေ့ညတွင် ဂဠုန်ဦးစောနှင့် အပေါင်းပါ လူသတ်သမားတို့ကို သောင်းကျန်းမှု နှိမ်နင်းရေးတပ်၊ တပ်ရင်း (၁) ဗိုလ်မှူးအေးငွေ (စာရေးဆရာ ဒဂုန်မြတ်လေးနွယ်) ဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့က ရန်ကုန်မြို့ အေဒီလမ်း (နောင်၊ မေခလမ်း) တွင် နေထိုင်သော ဂဠုန်ဦးစော၏ အိမ်ကို ဝိုင်းသည်။

ဂဠုန်ဦးစောနှင့် အကြမ်းဖက်သမားများအားလုံးကို လက်နက်အစုံအညီနှင့် ဖမ်းမိသည်။ ဂဠုန်ဦးစောကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို ဂဠုန်ဦးစောတို့ လုပ်ကြံခဲ့စဉ်က ရန်ကုန်တိုင်း ပုလိပ်တပ်ဖွဲ့ ဒုတိယပုလိပ်မင်းကြီး ရဲမင်းကြီး ဦးဘအေးသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်နေသည်။

လန်ဒန်သို့ ခေတ္တရောက်လာသော ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက လန်ဒန်ရောက် စကော့တလန်ယာဒ် စုံထောက်ပညာသင်ကျောင်း တက်ရောက်လေ့လာနေသူ ဦးဘအေးကို မြန်မာပြည်ပြန်ရန် အမိန့်ပေးခဲ့သည်။ဦးဘအေးသည် ပြည်ထဲရေးဝန်ကြီး၏ အမိန့်စာရသည်နှင့် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လာစဉ် လမ်းခရီးတွင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရကြောင်း သတင်းကို ရေဒီယိုမှတဆင့် ကြားသိရသည်။

ဒုတိယပုလိပ်မင်းကြီး ဦးဘအေး ရန်ကုန်ပြန်ရောက်ရောက်ချင်းပင် နိုင်ငံရေး အရေးကြီးနေချိန်ဖြစ်၍ ချက်ချင်းပင် အလုပ်တာဝန်ကို ယူရတော့သည်။ ဒုတိယပုလိပ်မင်းကြီး ဦးဘအေးက အင်းစိန်အကျဉ်းထောင် အတွင်းရှိ ဂဠုန်ဦးစောကို ကြီးကြပ်စောင့်ရှောက်ရသော တာဝန်ကို ယူရသည်။

တစ်နေ့တွင် ဂဠုန်ဦးစောက အင်းစိန်ထောင်ပိုင်မှတဆင့် ထောင်အပြင်ရှိ ဗြိတိသျှ အရာရှိတစ်ဦးထံသို့ အင်္ဂလိပ်ဘာသာဖြင့် စာတစ်စောင် ရေးပို့သည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ထိုစဉ်ကအခေါ် University Avenue Road အိမ်အမှတ် ၅၅ ရှိ Mr. ဘင်ဂလေထံ ရေးသောစာ၌ မြန်မာဘာသာပြန်လျှင် ဤသို့ပါရှိပါသည်။

မိတ်ဆွေကြီးခင်ဗျား …

မိတ်ဆွေကြီးတို့ စေခိုင်းသည့်အတိုင်း ယခု ကျုပ် လုပ်ဆောင်ခဲ့ပြီးပါပြီ။ ယခု ကျုပ်တို့ ဘယ်လိုဖြစ်နေတယ် ဆိုတာလည်း ခင်ဗျားတို့ အသိအမြင်ပါပဲ။ ကျုပ်ကို ခင်ဗျားတို့ မကယ်နိုင်ကြတော့ဘူးလား။

စာပြန်ရင် ခင်ဗျားလက်ရေးနဲ့ မပြန်ပါနဲ့။ ပြီးတော့ ကွမ်လောက်ဟိုတယ်တွင် ညစာစားကြစဉ်က ကျွန်တော် အကြိုက်ဆုံး အစားအစာကို ပြန်စာ၌ ဖော်ပြပေးပါ။

သင်၏ သစ္စာရှိသောမောင်စော

ထိုစာကို ထောင်ပိုင်မှတဆင့် ပုလိပ်မင်းကြီးရုံးသို့ ပို့သည်။ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရန်အတွက် ပုလိပ်မင်းကြီးက စာကို ဓာတ်ပုံရိုက်ယူထားပြီး မူရင်းစာကို လိပ်စာညွှန်းသော မစ္စတာဘင်ဂလေထံ သွားပို့သည်။ ဦးစော၏စာတွင် ဖော်ပြသော ကွမ်လောက်ဟိုတယ်၌ မစ္စတာဘင်ဂလေနှင့် ဦးစောတို့ ညစာစားစဉ်က ဦးစော အကြိုက်ဆုံး အစားအစာကို သိရှိနိုင်ရန် ဦးဘအေး ကြိုးပမ်းရသည်။ ဒါမှလည်း မစ္စတာဘင်ဂလေထံမှ ပြန်စာအတုတွင် ဦးစော ယုံကြည်ရန် ထိုအစားအစာကို ဖော်ပြနိုင်ပေမည်။

ဦးဘအေးသည် ရန်ကုန်မြို့ တရုတ်တန်းရှိ ၂၂ လမ်း၊ ပထမထပ်၊ ကွမ်လောက်ဟိုတယ်သို့သွားပြီး မစ္စတာဘင်ဂလေနှင့် ဂဠုန်ဦးစော ဓာတ်ပုံပြသလျက် ဦးစော အကြိုက်ဆုံး အစားအသောက် ဘာလဲဟု မေးမြန်းရသည်။ ထိုနေ့က ဦးစော စားသည့် စားပွဲထိုး တာဝန်ကျသူ မကြည်ဆိုသည့် မိန်းမပျိုကိုမေးရာ မကြည်မှာ ဦးစောဓာတ်ပုံကို အသေအချာ မှတ်မိ၏။ မကြည် ပြောပြသည့် ထိုနေ့က ဦးစော ခဏ ခဏ မှာစားသော အစားအစာမှာ “ရှမ်းပင်လောင်း လက်ဖက်ရည်ကြမ်း” ဟူ၏။

ပြန်စာအတု၌ ယင်းလက်ဖက်ရည်ကြမ်းကို ထည့်သွင်းဖော်ပြခဲ့ပြီး နောက်တစ်နေ့တွင် ဒုတိယပုလိပ်မင်းကြီး ဦးဘအေးသည် မိမိတို့ ဉာဏ်ကစားထားသော မစ္စတာဘင်ဂလေ၏ စာအတုကို ဦးစော မည်သို့သဘောထားသည်ကို သိရရန် အင်းစိန်ထောင်တွင်းသို့ သွားလေသည်။ဦးစောနှင့် အလ္လာပ သလ္လာပပြောရင်း မစ္စတာဘင်ဂလေ၏ ပြန်စာကိစ္စကို အမှတ်တမဲ့ မေးကြည့်သည်။ ဂဠုန်ဦးစောကား ပါးနပ်လှသည်။ ပြန်စာမှာ အစစ်မဟုတ်ဟု သိထားပုံရသည်။ ထူးထူးခြားခြား ဘာမှမပြောဘဲ မသိကျိုးကျွန်ပြုကာ ဒါတွေ ထားလိုက်စမ်းပါဟူသော သဘောအမူအရာကိုသာ ပြသည်။

ဂဠုန်ဦးစောနှင့် ပုလိပ်ဌာန ဒုတိယမင်းကြီး ဦးဘအေးတို့၏ ဉာဏ်ရည်ပြိုင်ပွဲ၌ မြင်းပွဲစကားသုံး၍ ပြောရလျှင် ဦးစောက နှာတစ်ဖျားအသာနှင့် နိုင်သွားလေပြီ။

Ref – တက္ကသိုလ်စိန်တင်
Ko Kyel Sin

No comments:

Post a Comment