Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 3, 2018

မီဒီယာျပားျပီ (မြန္မြန္ျမတ္)


 မိုဘိုင္းဖုန္းနဲ႔ ဆိုရွယ္မီဒီယာဆိုတာ လူတိုင္းရဲ့ ကိုယ္ပိုင္သတင္းစာတိုက္ ျဖစ္လာၾကတယ္

ဒစ္ဂ်စ္တယ္ေခတ္မွာ သတင္းေတြ အြန္လိုင္းေပၚကေန အခ်ိန္နဲ႔ တေျပးညီျဖစ္လာသလို ဆိုရွယ္မီဒီယာ ပလက္ေဖာင္း က်ယ္ျပန႔္ျဖစ္ထြန္းလာတဲ့အတြက္ သတင္းစာတိုက္ဟာလည္း စာဖတ္သူနဲ႔ ၾကမ္းတေျပးတည္း ျဖစ္သြားတယ္။ ဆိုရွယ္မီဒီယာမွာ အားလုံးဟာ တေျပးညီ တတန္းစားတည္း ဆက္ဆံေရးကို ေပးထားတယ္။
ေရွးရိုးထုံးစံ သတင္းကို သတင္းသမားက လိုက္၊ အယ္ဒီတာက တည္းျဖတ္ၿပီး နည္းပညာဌာနက ျဖန႔္ခ်ိၿပီး ပရိသတ္ဆီေရာက္တဲ့ေခတ္ကေန လူတိုင္းက သတင္းျဖန႔္ခ်ိနိုင္တဲ့ သတင္းရင္းျမစ္ေတြ ျဖစ္လာၿပီး အျပန္အလွန္ ယွက္ႏြယ္ ေပါင္းစပ္ျဖစ္ထြန္းေနၾကတဲ့ ဆိုရွယ္မီဒီယာေခတ္ ေျပာင္းသြားခဲ့ပါၿပီ။ အထက္ေအာက္ ဆက္သြယ္ေရး ပုံစံကေန ပုခုံးခ်င္းတိုက္ ဆက္သြယ္ေရးပုံစံကို ေရာက္လာၾကတယ္။ ကမၻာျပားသလိုပဲ မီဒီယာဟာလည္း ျပားသြားတယ္။

ပုံႏွိပ္ေခတ္ ႐ုပ္ျမင္သံၾကားေခတ္က မီဒီယာဆိုတာ သတင္းစာတို႔ တီဗီတို႔စတဲ့ မီဒီယမ္ေတြက တဆင့္ လူထုနဲ႔ ဆက္သြယ္ၾကတယ္။ အခုကေတာ့ လူထုလက္ဖဝါးထဲက မိုဘိုင္းဖုန္းေတြေပၚက ဆိုရွယ္မီဒီယာ အပလီေကးရွင္းေတြက မီဒီယမ္ျဖစ္လာၾကတယ္။ ဆိုရွယ္မီဒီယာဆိုတာ လူတိုင္းရဲ့ ကိုယ္ပိုင္မီဒီယာ ျဖစ္လာၾကတယ္။

လူထုဆက္သြယ္ေရး မီဒီယမ္တခု ျဖစ္တဲ့ သတင္းမီဒီယာရဲ့ အႀကီးဆုံး စိန္ေခၚမွုက နည္းပညာ အေျပာင္းအလဲပဲ။ သူ႔ေၾကာင့္ ပရိသတ္ ေပ်ာက္သြားတယ္။ ေဈးကြက္ေပ်ာက္ သြားတယ္။ မီဒီယမ္ရဲ့ အခန္းက႑ ေပ်ာက္သြားတယ္။ အင္တာနက္က ပုံႏွိပ္မီဒီယာရဲ့ ေဈးကြက္ကို လု သြားတယ္။ ဆိုရွယ္မီဒီယာက အင္တာနက္ သတင္းမီဒီယာရဲ့ ေဈးကြက္ကို ျဖတ္ခုတ္သြားတယ္။ သတင္းမီဒီယာရဲ့ ပရိသတ္ေတြ ဘယ္ကိုေရြ႕သြားၾကၿပီလဲ။

လူထုကိုယ္ႏွိုက္က UGC လို႔ေခၚတဲ့ User-generated content ကိုယ္တိုင္ေရးတဲ့ သတင္းေတြ သတင္းဓါတ္ပုံေတြ ဗီဒီယိုေတြ ဖန္တီးလာနိုင္ၾကၿပီ။ သတင္းစာေခတ္က ေျပာေလ့ရွိၾကတဲ့ voice for the voiceless ဆိုတဲ့စကားက ေခတ္ေနာက္က်က်န္ခဲ့ၿပီ။ အခုကေတာ့ လူတိုင္းမွာ ကိုယ္ပိုင္အသံ ရွိလာၾကသလို၊ အျခားသူေတြအတြက္လည္း အသံထုတ္ေပးနိုင္လာၾကၿပီ။

သတင္းမီဒီယာေတြဆီက ေၾကာ္ျငာရွင္ေတြ အေတာ္မ်ားမ်ားဟာ သုံးစြဲသူ ဘီလီယံ ခ်ီၿပီးရွိတဲ့ ဆိုရွယ္မီဒီယာေပၚ ေရာက္သြားၾကတယ္။ ေၾကာ္ျငာမရွိပဲ ပရိသတ္မရွိပဲ သတင္းမီဒီယာေတြ ရပ္တည္နိုင္ဖို႔ တေန႔တျခား ပို ပို ခက္လာတယ္။ ဆိုရွယ္မီဒီယာပလက္ေဖါင္းကို မီဒီယမ္တခုလိုသုံးၿပီး ပရိသတ္ေတြေနာက္က တေကာက္ေကာက္ လိုက္ေနရတဲ့ အေနအထားကို ေရာက္လာတယ္။

သတင္းမီဒီယာေတြ ရပ္တည္ဖို႔ ခက္လာတဲ့အထဲမွာ အႀကီးဆုံးစိန္ေခၚမွုက လူေတြက သတင္းေတြကို ဝယ္ၿပီး မဖတ္ခ်င္ၾကေတာ့တာပဲ။ လက္ဖဝါးေပၚ အလိုလိုေရာက္လာတဲ့ သတင္းေတြထဲကပဲ ဖတ္ခ်င္တာ ေရြးခ်ယ္ဖတ္လာၾကေတာ့တယ္။

ေနာက္ထပ္စိန္ေခၚမွုတခုက သတင္းမီဒီယာအေပၚ ယုံၾကည္မွုက်ဆင္းလာတာျဖစ္တယ္။ သတင္းမီဒီယာေပၚက ရတဲ့သတင္းေတြဟာ ဆိုရွယ္မီဒီယာေပၚက လူထုသတင္းသမားေတြရဲ့ သတင္းေတြ ေလာက္ အခ်ိန္နဲ႔တေျပးညီ မျဖစ္ေတာ့ဘူးလို႔ ယူဆလာၾကတယ္။ ေနရာတိုင္းမွာ လူထုသတင္းသမားေတြရွိေနေတာ့ သူတို႔က သတင္းမီဒီယာေတြထက္ အျမဲတမ္း သတင္းဦးတယ္။ အဲဒီေတာ့ ဆိုရွယ္မီဒီယာေပၚက လူထုသတင္းသမားေတြရဲ့ ကိုယ္ပိုင္မီဒီယာေတြကို ေက်ာ္လႊားဖို႔ အဓိကၿပိဳင္ရတာက quality content နဲ႔ ၿပိဳင္လာရတယ္။ ပိုၿပီး တိက်ခိုင္မာတဲ့၊ အေၾကာင္းရင္း အခ်က္အလက္ ျပည့္စုံတဲ့ ယုံၾကည္ကိုးစားနိုင္ေလာက္တဲ့ သတင္းအေရးအသားေတြနဲ႔ ၿပိဳင္လာရတယ္။

မီဒီယာေရစီးေၾကာင္း အေရြ႕ထဲမွာ လူထုက ပဥၥမမ႑ိဳင္ ေနရာကို တျဖည္းျဖည္းေရာက္ လာသလို၊ ဒီမိုကေရစီစနစ္ဟာလည္း မဲေပးသူ/မီဒီယာစားသုံးသူေတြက မ႑ိဳင္တရပ္လို ေထာက္ကူထားတဲ့ ငါးေခ်ာင္းေထာက္ စားပြဲဝိုင္းေပၚကို ေရာက္လာတယ္။

အေမရိကန္ေရြးေကာက္ပြဲကို ဂ်င္းထည့္ခံလိုက္ရတဲ့ ကိစၥမ်ိဳးေတြ၊ ဇူကာဘတ္ ဦးေဏွာက္ေဖါက္စားခံလိုက္ရတဲ့ ကိစၥေတြ၊ Facebook ရဲ့ လုံျခဳံေရးစည္း က်ိဳးေပါက္မွုေတြ ျဖစ္လာတဲ့ျဖစ္ရပ္ေတြအေပၚ ဘယ္သူေတြက တာဝန္ယူမလဲ တာဝန္ခံမလဲ ဆိုတဲ့ ေမးခြန္းေတြရွိလာတဲ့အခါ ဆိုရွယ္မီဒီယာေတြအေပၚမွာလည္း စားသုံးသူေတြရဲ့ ယုံၾကည္မွု က်ဆင္းလာရျပန္တာပါပဲ။

ဆိုရွယ္မီဒီယာ မင္းမဲ့ကမၻာႀကီးေပၚမွာ ဒီမိုကေရစီ အနိုင္က်င့္ခံရမွုေတြ တျဖည္းျဖည္းမ်ား လာသလို သုံးစြဲသူေတြရဲ့ ကိုယ္ေရးအခ်က္အလက္ေတြဟာ လုံျခဳံမွု မရွိသလို ျဖစ္လာျပန္ ပါတယ္။ ဆိုရွယ္မီဒီယာေခတ္အလြန္မွာ ေနာက္ထပ္ ဘယ္လိုအေရြ႕တခုကို ဆက္သြားမလဲဆိုတာေတာ့ လက္ရွိမွာ ဆိုရွယ္မီဒီယာေတြ မ်က္ခုံးလွုပ္ေနရတဲ့ကိစၥပါ။ ဘာပဲျဖစ္ျဖစ္ မီဒီယာအခင္းအက်င္းေတြ ေျပာင္းလဲပုံက မ်က္စိတမွိတ္ လၽွပ္တျပက္ အတြင္းမွာပဲ ၿဖိဳးကနဲ ဖ်တ္ကနဲ ေျပာင္းလဲသြားတတ္ၾကလို႔ ဝါးလုံးေခါင္းထဲ လသာေနတဲ့ နိုင္ငံေတြကေတာ့ အဆက္ျပတ္ က်န္ခဲ့မွာပါပဲ။

သမရိုးက်မီဒီယာကေန မီဒီယာပုံစံသစ္တခုကို ေျပာင္းသြားတဲ့ ဒစ္ဂ်စ္တယ္ေခတ္မွာ မျဖစ္မေန ၾကဳံေတြ႕ရတဲ့ စိန္ေခၚမွုအသစ္ ၃ ခုရွိတယ္လို႔ မီဒီယာ သုေတသနပညာရွင္ Jose Luis Orihuela က ေရးသားခဲ့ပါတယ္။ အဲဒါေတြက ပရိသတ္နဲ႔ အခ်ိန္နဲ႔တေျပးညီ အျပန္အလွန္ ဆက္သြယ္ရတဲ့ ဆက္သြယ္မွုပုံစံ အသစ္၊ multimedia မာလတီမီဒီယာ ဆိုတဲ့ ဘာသာစကားအသစ္ နဲ႔ hypertext ဆိုတဲ့ အင္တာနက္ သဒၵါအသစ္တို႔ပဲ ျဖစ္တယ္။

ဒစ္ဂ်စ္တယ္ေခတ္မွာ ေျပာင္းသြားတဲ့ ရွုျမင္ခ်က္ ၁၀ မ်ိဳး အေၾကာင္းကို ပေရာ္ဖက္ဆာ Jose Luis Orihuela က ခုလို ေရးသားထားပါတယ္။


၁။ ၾကည့္ရွုသူက သုံးစြဲသူျဖစ္လာတယ္ (From audience to user)
၈၀ ခုႏွစ္ဝန္းက်င္ေတြမွာ ၿဂိဳလ္တုေတြ ေကဘယ္လိုင္းေတြ ေပၚလာၿပီးတဲ့ေနာက္ ႐ုပ္သံလႊင့္မီဒီယာ ဖြံ့ၿဖိဳးလာတယ္။ အဲဒီကေနတဆင့္ ရည္ရြယ္တဲ့ ပရိသတ္အုပ္စုေတြ အတြက္ သီးသန႔္ထုတ္လႊင့္ေပးတဲ့ အသံလႊင့္အစီအစဥ္ေတြ (from broadcasting to narrowcasting)၊ ၉၀ ခုႏွစ္ဝန္းက်င္မွာ အင္တာနက္ဖြံ့ၿဖိဳးလာေတာ့ သတင္းမီဒီယာေတြဟာ စားသုံးသူ တေယာက္ခ်င္းကို ဦးတည္တဲ့ေခတ္ေရာက္လာတယ္ (from narrowcasting to pointcasting)၊ ဒစ္ဂ်စ္တယ္ ဆိုရွယ္မီဒီယာေခတ္မွာေတာ့ မီဒီယာပရိသတ္ေတြ ကိုယ္တိုင္က မီဒီယာသုံးစြဲသူေတြ ျဖန႔္ေဝသူေတြ ျဖစ္လာတယ္။ အဲဒီမွာပဲ ဆက္သြယ္ေရးပုံစံက ေျပာင္းသြားေတာ့တယ္။ သုံးစြဲသူဗဟိုျပဳ ပုံစံျဖစ္လာတယ္။ သုံးစြဲသူမွာပဲ ေရြးျခယ္ခြင့္၊ ဆုံးျဖတ္ခြင့္၊ ရွာေဖြခြင့္၊ သတ္မွတ္ခြင့္၊ သတင္းေပးပို႔ခ်က္ ေတြကို လက္ခံ မခံ ဆုံးျဖတ္ခြင့္၊ မွတ္ခ်က္ေပးခြင့္၊ အေရးအႀကီးဆုံးကေတာ့ ေရးသားခြင့္၊ ေျပာဆိုခြင့္နဲ႔ ရိုက္ကူးခြင့္ေတြပါ ရွိသြားတယ္။

၂။ မီဒီယာအစား အေၾကာင္းအရာက ပိုအေရးပါလာတယ္ (From media to content)
National Geographic ဆိုရင္ သဘာဝပါတ္ဝန္းက်င္အေၾကာင္း ရိုက္ကူးျပသတဲ့ မီဒီယာတခု၊ CNN ဆိုရင္ သတင္းနဲ႔ပါတ္သက္တဲ့ မီဒီယာတခုအေနနဲ႔ သူတို႔ထုတ္လႊင့္ေလ့ရွိတဲ့ အေၾကာင္းအရာေပၚမူတည္ၿပီး သိၾကတယ္။ ဒါေပမယ့္ ဆိုရွယ္မီဒီယာမွာ ဘယ္သတင္းဌာနက ေရးတာဆိုတာထက္ ဘယ္အေၾကာင္းအရာဆိုတာက လူေတြက ပိုစိတ္ဝင္စားတယ္။ ပိုလိုက္တယ္။ ပိုရွယ္မယ္။ ခ်က္ျခင္း ေကာ္မန႔္ ဝင္ေရးလိုက္ဦးမယ္။ ဒီထက္ပိုလို႔ စိတ္တူကိုယ္တူ ဂ႐ုဖြဲ႕လို႔ ရေသးတယ္။


၃။ တမ်ိဳးတည္းက မ်ိဳးစုံ မီဒီယာကို လိုက္ေျပာင္းလာရတယ္ (From monomedia to multimedia)
အသုံးျပဳတဲ့အမ်ိဳးအစား (ပုံႏွိပ္၊ ေရဒီယို၊ တီဗီ) ေပၚမူတည္ၿပီး မီဒီယာအမ်ိဳးအစား ကြဲျပားတာေတြမရွိေတာ့ဘူး။ အြန္လိုင္းမီဒီယာဟာ က႑စုံထည့္လို႔ရတဲ့ မီဒီယာတစ္ခု ျဖစ္လာတယ္။ ခင္ဗ်ား လက္ဖဝါးေပၚမွာတင္ အ႐ုပ္ အသံ စာသား အကုန္ အဆက္အသြယ္ ရေနၿပီ။

၄။ အခ်ိန္နဲ႔တေျပးညီ ျဖစ္လာတယ္ (From periodicity to real-time)
လစဥ္၊ အပါတ္စဥ္၊ ေန႔စဥ္ထုတ္ေတြကေန အခ်ိန္နဲ႔တေျပးညီ ထုတ္လႊင့္ရတဲ့ ပုံစံေျပာင္းသြားတယ္။ သတင္းကို ေနာက္တရက္ မနက္ခင္း သတင္းစာ ဂ်ာနယ္မွာ ပါမယ့္ သတင္းေတြဟာ အြန္လိုင္းမွာ ေဖာ္ျပၿပီးတာေတြမို႔ ေနာက္က်သြားၿပီ။ သတင္းထူးရင္လည္း တီဗီေရွ႕ ေျပးၾကည့္ဖို႔ မလိုေတာ့ဘူး။ ကိုယ့္လက္ဖဝါးေပၚ ၾကည့္႐ုံပဲ။

၅။ သတင္းရွားပါးရာကေန သတင္းေတြ ေဖါင္းပြလာတယ္ (From scarcity to abundance)
သတင္းမီဒီယာ ပရိသတ္ေတြကိုယ္တိုင္ ေရးသူေတြျဖစ္လာတဲ့အတြက္ သတင္းေတြ ထင္ျမင္ယူဆခ်က္ေတြ ေဆာင္းပါးေတြ မွိုလိုေပါက္လာတယ္။ Influencer လို႔ေခၚတဲ့ ဆိုရွယ္မီဒီယာမွာ လူႀကိဳက္မ်ားသူေတြ အေလးေပးခံလာရတယ္။ လူအမ်ား စိတ္ဝင္စားတဲ့ဟာ သတင္း ပိုျဖစ္တာမို႔ ဆယ္လီသတင္းေတြ၊ ရာဇဝတ္မွုေတြ၊ အရွုပ္အရွင္းေတြက နိုင္ငံေရး၊ စီးပြားေရး သတင္းေတြထက္ engage ဆက္သြယ္မွု ပိုမ်ားတယ္။


၆။ အယ္ဒီတာ ဦးေဆာင္မွု ေပ်ာက္လာတယ္ (From editor-mediated to non-mediated)
Gatekeeper Paradigm လို႔ေခၚတဲ့ သတင္းခန္းေတြမွာ အယ္ဒီတာဦးေဆာင္ၿပီး သတင္းေထာက္ေတြကို သတင္းေရးဖို႔ တာဝန္ခြဲေဝေပးတဲ့ အခန္းက႑ ေပ်ာက္သြားတယ္။ သတင္းေရးဖို႔ သတင္းရင္းျမစ္ေတြ မ်ားလာတဲ့အတြက္ သတင္းရင္းျမစ္ေတြဆီက သတင္းအတိုအစေတြက အဓိက ႏွပ္ေၾကာင္းေပးရမယ့္ သတင္းႀကီးေတြ အလိုအေလ်ာက္ ျဖစ္လာၾကတယ္။ ဒါကို အယ္ဒီတာက သတင္းစာ ေပၚလစီနဲ႔ ကိုက္ညီမယ့္ ရွုေထာင့္နဲ႔ ဘယ္လို တင္ျပမလဲ တာဝန္ယူမယ့္ သတင္းေထာက္နဲ႔ လက္တြဲလုပ္႐ုံပါပဲ။

သတင္းစာတိုက္ေတြမွာ ဆိုရွယ္မီဒီယာ အယ္ဒီတာခန႔္ၿပီးလည္း ထြက္သမၽွ သတင္းကို လူေတြ ဖတ္ေအာင္ ရွယ္ေအာင္ ေကာ္မန႔္ ေပးေအာင္ ဘယ္လိုတင္မလဲ တာဝန္ယူေစတယ္။ သက္ဆိုင္ရာ ကၽြမ္းက်င္ဘာသာရပ္အလိုက္ အယ္ဒီတာေတြလည္း မ်ားလာတယ္။ တေယာက္တည္းက အကုန္ မသိနိုင္ေတာ့ဘူး။ အမ်ားနဲ႔ ကြဲတဲ့ သတင္းေကာင္းတပုဒ္ ေရးသားေပးပို႔နိုင္ဖို႔က ဘက္ေပါင္းစုံ ေကာင္းဖို႔လိုေတာ့ အဖြဲ႕လိုက္ ပူးေပါင္းေဆာင္ရြက္နိုင္မွုက ပို အေရးပါလာတယ္။

၇။ ျဖန႔္ခ်ိသူကေန စားသုံးသူဗဟိုျပဳအေရြ႕ကို ေရာက္လာတယ္ (From distribution to access)
သတင္းအခ်က္အလက္ျဖန႔္ေဝတဲ့ သတင္းမီဒီယာေတြအေနအထားကေန စားသုံးသူက ဖတ္မယ္မဖတ္ဘူး ဆုံးျဖတ္တဲ့ စားသုံးသူဗဟိုျပဳအေရြ႕ကို ေရာက္သြားတယ္။ သတင္းအခ်က္အလက္ရွာေဖြတာ၊ ဘယ္ဟာကိုဖတ္မလဲဆုံးျဖတ္တာ၊ ဆႏၵအေလ်ာက္ ဆက္သြယ္ ေျပာဆိုတာ၊ ဦးေဆာင္ဆုံးျဖတ္တာ၊ အရင္တုန္းက သတင္းသမားေတြ လုပ္ခဲ့တာေတြအားလုံးကို အခု အင္တာနက္ ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြကိုယ္တိုင္ လုပ္လာၾကတယ္။


၈။ တလမ္းသြားကေန အျပန္အလွန္ဆက္သြယ္ေရးစနစ္ကို ေရာက္လာတယ္ (From one way to interactivity)
ဆက္သြယ္ေရးပုံစံက သတင္းစာေခတ္တုန္းကလို စာမ်က္ႏွာေပၚကေနသြားတဲ့ တီဗီဖန္သားျပင္ေပၚကသြားတဲ့ one way communcication ပုံစံေသ ဆက္သြယ္ေရး မဟုတ္ေတာ့ဘူး။ အျပန္အလွန္ဆက္သြယ္မွုသေဘာေဆာင္လာတယ္။ သမၼတ ထရမ့္ကို ေဝဖန္မလား၊ သမၼတဦးဝင္းျမင့္ကို တိုင္စာပို႔မလား၊ နိုင္ငံေတာ္အတိုင္ပင္ခံကို ပစ္တင္ရွုံ႔ခ် မလား၊ အခ်ိန္နဲ႔တေျပးညီ လုပ္လို႔ရလာၿပီ။

၉။ တေျဖာင့္တည္းကေန လမ္းဆုံလမ္းခြျဖစ္လာတယ္ (From linear to hyper text)
သတင္းေတြကို ဖတ္မယ္၊ သတင္းေၾကျငာသူေျပာတဲ့ သတင္းနားေထာင္မယ္ ဆိုတာေတြက သမရိုးက် မီဒီယာေခတ္က အစီအစဥ္တက်လုပ္ခဲ့တဲ့ လုပ္ရိုးလုပ္စဥ္ ပုံစံေတြေပါ့။ ဒစ္ဂ်စ္တယ္သဘာဝမွာေတာ့ တခုၿပီးမွ တခုသြားတာမ်ိဳး မဟုတ္ေတာ့ဘူး။ လမ္းေတြအားလုံး ပြင့္သြားတယ္။ သတင္းစာမ်က္ႏွာေပၚမွာ ေဖၚျပထားတဲ့ Link လင့္ တခုကေန အျခား ဝက္(ဘ)ဆိုက္ေတြ၊ ဘေလာ့(ဂ)ေတြ၊ ဆိုရွယ္မီဒီယာစာမ်က္ႏွာေတြကို ခုန္ကူးလို႔ ရလာတယ္။ က်ယ္ေျပာလွတဲ့ မ်က္ျမင္ပုံတူ ဟင္းလင္းျပင္ Virtual spaces ထဲမွာ အခ်င္းခ်င္း ေတြ႕ဆုံနိုင္လာတယ္။ ေလ့လာနိုင္လာတယ္။ သတင္းအခ်က္အလက္ေတြ အေတြးအျမင္ အယူအဆေတြ စုေဆာင္း မၽွေဝနိုင္လာတယ္။ ေဈးဝယ္မလား၊ ဂိမ္းေဆာ့မလား ဒါမွမဟုတ္ သီခ်င္းနားေထာင္ ႐ုပ္ရွင္ၾကည့္မလား၊ အႏုပညာလက္ရာ တခုခုဖန္တီးမလား ႀကိဳက္တာလုပ္လို႔ ရလာတယ္။

၁၀။ အခ်က္အလက္ကေန ဗဟုသုတအျဖစ္ကို ထုပ္ပိုးလာရတယ္ (From data to knowledge)
ဒစ္ဂ်စ္တယ္ေခတ္မွာ မေရမတြက္နိုင္ေအာင္ ေဖါင္းပြေနတဲ့ သတင္း အခ်က္အလက္ေတြေၾကာင့္ သတင္းမီဒီယာရဲ့ ဗ်ဴဟာက်တဲ့အခန္းက႑က ဗဟုသုတ ဟင္းေလးအိုးႀကီး (social manager of knowledge) အေနနဲ႔ ျပန္ေပၚလာတယ္။

ေဒတာေတြကို ေဝဖန္ဆန္းစစ္ၿပီး ဗဟုသုတတခုျဖစ္လာေအာင္ ေျပာင္းလဲတာက သတင္းမီဒီယာေတြရဲ့ အဓိက ဝင္ရိုးျဖစ္လာတယ္။ ဒီကေန႔ သတင္းမီဒီယာေတြရဲ့ ဗ်ဴဟာက်တဲ့တာဝန္က အခ်က္အလက္ေတြကို ဗဟုသုတအျဖစ္ ေျပာင္းေပးဖို႔၊ ဉာဏစြမ္းရည္ျပည့္ဝတဲ့ သတင္းအခ်က္အလက္ေတြ ျဖစ္လာဖို႔၊ ဆက္စပ္ေပါင္းစည္းေပးဖို႔၊ လစ္ဟာေနတဲ့ အခ်က္အလက္ေတြကို ျဖည့္စြက္ေပးဖို႔၊ အျပန္အလွန္ဆက္သြယ္ ေပါင္းကူးေပးနိုင္တဲ့ ပုံစံသစ္ မာလ္တီမီဒီယာေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ျဖဴးေပးနိုင္ဖို႔ ျဖစ္လာတယ္။

သတင္းမီဒီယာဟာ ေလွနံဓါးထစ္ ၾကားခံ လူထုဆက္သြယ္ေရး ေပါင္းကူးမီဒီယမ္ တခုအေနနဲ႔ ရပ္တည္ဖို႔ ခက္လာၿပီ။ အင္တာနက္ဆိုတာကလည္း လူထုသိခ်င္တဲ့ အခ်က္အလက္ေတြ ရွာေဖြနိုင္တဲ့ ၾကားခံ မီဒီယမ္ တခုပဲ။ ဂူဂဲလ္လို search engine ရွာေဖြေရး အင္ဂ်င္ေတြကေန ကိုယ္လိုခ်င္တဲ့ စာလုံးေတြ ရိုက္ၿပီး သတင္း အခ်က္အလက္ေတြ အလြယ္တကူ ရွာလို႔ ရေနၿပီ။

ဆိုရွယ္မီဒီယာဆိုတာကလည္း လူမွုကြန္ယက္ ၾကားခံမီဒီယမ္တခုပဲ။ သတင္းမီဒီယာက အသစ္အသစ္ေပၚလာသမၽွ လူထုဆက္သြယ္ေရး ၾကားခံမီဒီယမ္ေတြ အားလုံးနဲ႔ ၿပိဳင္ေနရတာပဲ။ အဓိကက ပရိသတ္ရွိမယ့္ေနရာ စားသုံးသူရွိမယ့္ေနရာကို သတင္းမီဒီယာေတြ အားလုံး လိုက္ေနရတာေၾကာင့္ျဖစ္တယ္။

ဆိုရွယ္မီဒီယာပလက္ေဖါင္းကို ဘယ္ေလာက္ပဲ ေဈးအိမ္သာႀကီးနဲ႔တူတယ္ပဲဆိုဆို သာလာယံဇရပ္ႀကီးနဲ႔ တူတယ္ပဲ ေျပာေျပာ သတင္းသမားေတြကိုယ္ႏွိုက္က မသုံးပဲ ေနလို႔ မရေတာ့ဘူး ျဖစ္လာတယ္။ ဘာလို႔လည္းဆိုေတာ့ ကမၻာ့လူဦးေရရဲ့ တဝက္ေက်ာ္ေက်ာ္က အဲဒီေပၚမွာ ေရာက္ႏွင့္ၿပီး ျဖစ္ေနတာကိုး။
အစိုးရတရပ္ကို Check and Balance လုပ္ၿပီး ထိန္းေက်ာင္းတဲ့အလုပ္ကို ဆိုရွယ္မီဒီယာေပၚက လူထုကပါ လုပ္လာနိုင္ၾကၿပီဆိုေတာ့ သတင္းမီဒီယာသမားေတြ ဩဇာက် လုပ္ကြက္ေပ်ာက္လာတာေတာ့ အမွန္ပါပဲ။ သတင္းမီဒီယာသမားေတြကိုယ္ႏွိုက္က ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ ပို လိုအပ္လာပါတယ္။ ငါတို႔သတင္းသမားကြလို႔ ေကာ္လာတေထာင္ေထာင္ လုပ္ေနလို႔ မရေတာ့ဘူး၊ ကိုယ့္သတင္းေတြက ဘယ္ေလာက္ထိ က်င့္ဝတ္နဲ႔ ညီညြတ္သလဲ။ ဘယ္ေလာက္ထိ အမွန္တရားနဲ႔ နီးစပ္သလဲ။ ဘယ္ေလာက္အထိ ဘက္လိုက္မွု ကင္းသလဲ။ ဘယ္ေလာက္အထိ စိတ္ခံစားမွု ေနာက္မလိုက္ဘူးလဲ။ ဘယ္ေလာက္ အရင္းအျမစ္ ႂကြယ္ဝသလဲ။ ဘယ္ေလာက္ က်ယ္က်ယ္ ျပန႔္ျပန႔္ နက္နက္ရွိုင္းရွိုင္း ေဆြးေႏြးနိုင္သလဲ။ ဘယ္ေလာက္ အမ်ားျပည္သူ အက်ိဳးစီးပြားကို ျဖစ္ထြန္းေစသလဲ ဆိုတာေတြက ပိုအေရးႀကီး လာတယ္။ တခ်ိဳ႕ သမရိုးက် မီဒီယာသမားေတြထက္ က်င့္ဝတ္ျပည့္ဝတဲ့ တာဝန္ေက်ပြန္တဲ့ လူထုေတြကလည္း ဆိုရွယ္မီဒီယာေပၚမွာ အၿပိဳင္းအရိုင္း ရွိေနၾကတာကိုး။

ဒစ္ဂ်စ္တယ္လိုက္ေဇးရွင္းေၾကာင့္ ကမၻာျပားသလိုပဲ ဆိုရွယ္မီဒီယာေၾကာင့္ သတင္းမီဒီယာ ျပားသြားပါၿပီ။ ေသခ်ာတာကေတာ့ အရွိန္အဟုန္နဲ႔ ေျပာင္းလဲေနတဲ့ နည္းပညာကို တားဆီးထားနိုင္မွာ မဟုတ္တာပါပဲ။


(ေဆာင္းပါးရွင္ မြန္မြန္ျမတ္သည္ စာေရးဆရာမတဦးျဖစ္ၿပီး ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ႕ရွိ ဖယပ္တကၠသိုလ္တြင္ Peace Building PhD program တက္ေရာက္ သင္ယူေနသူျဖစ္သည္)
https://burma.irrawaddy.com/opinion/viewpoint/2018/12/02/176176.html
......................

မိုဘိုင်းဖုန်းနဲ့ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင်သတင်းစာတိုက် ဖြစ်လာကြတယ်
ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းတွေ အွန်လိုင်းပေါ်ကနေ အချိန်နဲ့ တပြေးညီဖြစ်လာသလို ဆိုရှယ်မီဒီယာ ပလက်ဖောင်း ကျယ်ပြန့်ဖြစ်ထွန်းလာတဲ့အတွက် သတင်းစာတိုက်ဟာလည်း စာဖတ်သူနဲ့ ကြမ်းတပြေးတည်း ဖြစ်သွားတယ်။ ဆိုရှယ်မီဒီယာမှာ အားလုံးဟာ တပြေးညီ တတန်းစားတည်း ဆက်ဆံရေးကို ပေးထားတယ်။

ရှေးရိုးထုံးစံ သတင်းကို သတင်းသမားက လိုက်၊ အယ်ဒီတာက တည်းဖြတ်ပြီး နည်းပညာဌာနက ဖြန့်ချိပြီး ပရိသတ်ဆီရောက်တဲ့ခေတ်ကနေ လူတိုင်းက သတင်းဖြန့်ချိနိုင်တဲ့ သတင်းရင်းမြစ်တွေ ဖြစ်လာပြီး အပြန်အလှန် ယှက်နွယ် ပေါင်းစပ်ဖြစ်ထွန်းနေကြတဲ့ ဆိုရှယ်မီဒီယာခေတ် ပြောင်းသွားခဲ့ပါပြီ။ အထက်အောက် ဆက်သွယ်ရေး ပုံစံကနေ ပုခုံးချင်းတိုက် ဆက်သွယ်ရေးပုံစံကို ရောက်လာကြတယ်။ ကမ္ဘာပြားသလိုပဲ မီဒီယာဟာလည်း ပြားသွားတယ်။

ပုံနှိပ်ခေတ် ရုပ်မြင်သံကြားခေတ်က မီဒီယာဆိုတာ သတင်းစာတို့ တီဗီတို့စတဲ့ မီဒီယမ်တွေက တဆင့် လူထုနဲ့ ဆက်သွယ်ကြတယ်။ အခုကတော့ လူထုလက်ဖဝါးထဲက မိုဘိုင်းဖုန်းတွေပေါ်က ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေက မီဒီယမ်ဖြစ်လာကြတယ်။ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင်မီဒီယာ ဖြစ်လာကြတယ်။

လူထုဆက်သွယ်ရေး မီဒီယမ်တခု ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အကြီးဆုံး စိန်ခေါ်မှုက နည်းပညာ အပြောင်းအလဲပဲ။ သူ့ကြောင့် ပရိသတ် ပျောက်သွားတယ်။ ဈေးကွက်ပျောက် သွားတယ်။ မီဒီယမ်ရဲ့ အခန်းကဏ္ဍ ပျောက်သွားတယ်။ အင်တာနက်က ပုံနှိပ်မီဒီယာရဲ့ ဈေးကွက်ကို လု သွားတယ်။ ဆိုရှယ်မီဒီယာက အင်တာနက် သတင်းမီဒီယာရဲ့ ဈေးကွက်ကို ဖြတ်ခုတ်သွားတယ်။ သတင်းမီဒီယာရဲ့ ပရိသတ်တွေ ဘယ်ကိုရွေ့သွားကြပြီလဲ။

လူထုကိုယ်နှိုက်က UGC လို့ခေါ်တဲ့ User-generated content ကိုယ်တိုင်ရေးတဲ့ သတင်းတွေ သတင်းဓါတ်ပုံတွေ ဗီဒီယိုတွေ ဖန်တီးလာနိုင်ကြပြီ။ သတင်းစာခေတ်က ပြောလေ့ရှိကြတဲ့ voice for the voiceless ဆိုတဲ့စကားက ခေတ်နောက်ကျကျန်ခဲ့ပြီ။ အခုကတော့ လူတိုင်းမှာ ကိုယ်ပိုင်အသံ ရှိလာကြသလို၊ အခြားသူတွေအတွက်လည်း အသံထုတ်ပေးနိုင်လာကြပြီ။

သတင်းမီဒီယာတွေဆီက ကြော်ငြာရှင်တွေ အတော်များများဟာ သုံးစွဲသူ ဘီလီယံ ချီပြီးရှိတဲ့ ဆိုရှယ်မီဒီယာပေါ် ရောက်သွားကြတယ်။ ကြော်ငြာမရှိပဲ ပရိသတ်မရှိပဲ သတင်းမီဒီယာတွေ ရပ်တည်နိုင်ဖို့ တနေ့တခြား ပို ပို ခက်လာတယ်။ ဆိုရှယ်မီဒီယာပလက်ဖေါင်းကို မီဒီယမ်တခုလိုသုံးပြီး ပရိသတ်တွေနောက်က တကောက်ကောက် လိုက်နေရတဲ့ အနေအထားကို ရောက်လာတယ်။

သတင်းမီဒီယာတွေ ရပ်တည်ဖို့ ခက်လာတဲ့အထဲမှာ အကြီးဆုံးစိန်ခေါ်မှုက လူတွေက သတင်းတွေကို ဝယ်ပြီး မဖတ်ချင်ကြတော့တာပဲ။ လက်ဖဝါးပေါ် အလိုလိုရောက်လာတဲ့ သတင်းတွေထဲကပဲ ဖတ်ချင်တာ ရွေးချယ်ဖတ်လာကြတော့တယ်။

နောက်ထပ်စိန်ခေါ်မှုတခုက သတင်းမီဒီယာအပေါ် ယုံကြည်မှုကျဆင်းလာတာဖြစ်တယ်။ သတင်းမီဒီယာပေါ်က ရတဲ့သတင်းတွေဟာ ဆိုရှယ်မီဒီယာပေါ်က လူထုသတင်းသမားတွေရဲ့ သတင်းတွေ လောက် အချိန်နဲ့တပြေးညီ မဖြစ်တော့ဘူးလို့ ယူဆလာကြတယ်။ နေရာတိုင်းမှာ လူထုသတင်းသမားတွေရှိနေတော့ သူတို့က သတင်းမီဒီယာတွေထက် အမြဲတမ်း သတင်းဦးတယ်။ အဲဒီတော့ ဆိုရှယ်မီဒီယာပေါ်က လူထုသတင်းသမားတွေရဲ့ ကိုယ်ပိုင်မီဒီယာတွေကို ကျော်လွှားဖို့ အဓိကပြိုင်ရတာက quality content နဲ့ ပြိုင်လာရတယ်။ ပိုပြီး တိကျခိုင်မာတဲ့၊ အကြောင်းရင်း အချက်အလက် ပြည့်စုံတဲ့ ယုံကြည်ကိုးစားနိုင်လောက်တဲ့ သတင်းအရေးအသားတွေနဲ့ ပြိုင်လာရတယ်။

မီဒီယာရေစီးကြောင်း အရွေ့ထဲမှာ လူထုက ပဉ္စမမဏ္ဍိုင် နေရာကို တဖြည်းဖြည်းရောက် လာသလို၊ ဒီမိုကရေစီစနစ်ဟာလည်း မဲပေးသူ/မီဒီယာစားသုံးသူတွေက မဏ္ဍိုင်တရပ်လို ထောက်ကူထားတဲ့ ငါးချောင်းထောက် စားပွဲဝိုင်းပေါ်ကို ရောက်လာတယ်။

အမေရိကန်ရွေးကောက်ပွဲကို ဂျင်းထည့်ခံလိုက်ရတဲ့ ကိစ္စမျိုးတွေ၊ ဇူကာဘတ် ဦးဏှောက်ဖေါက်စားခံလိုက်ရတဲ့ ကိစ္စတွေ၊ Facebook ရဲ့ လုံခြုံရေးစည်း ကျိုးပေါက်မှုတွေ ဖြစ်လာတဲ့ဖြစ်ရပ်တွေအပေါ် ဘယ်သူတွေက တာဝန်ယူမလဲ တာဝန်ခံမလဲ ဆိုတဲ့ မေးခွန်းတွေရှိလာတဲ့အခါ ဆိုရှယ်မီဒီယာတွေအပေါ်မှာလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု ကျဆင်းလာရပြန်တာပါပဲ။

ဆိုရှယ်မီဒီယာ မင်းမဲ့ကမ္ဘာကြီးပေါ်မှာ ဒီမိုကရေစီ အနိုင်ကျင့်ခံရမှုတွေ တဖြည်းဖြည်းများ လာသလို သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ လုံခြုံမှု မရှိသလို ဖြစ်လာပြန် ပါတယ်။ ဆိုရှယ်မီဒီယာခေတ်အလွန်မှာ နောက်ထပ် ဘယ်လိုအရွေ့တခုကို ဆက်သွားမလဲဆိုတာတော့ လက်ရှိမှာ ဆိုရှယ်မီဒီယာတွေ မျက်ခုံးလှုပ်နေရတဲ့ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် မီဒီယာအခင်းအကျင်းတွေ ပြောင်းလဲပုံက မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာပဲ ဖြိုးကနဲ ဖျတ်ကနဲ ပြောင်းလဲသွားတတ်ကြလို့ ဝါးလုံးခေါင်းထဲ လသာနေတဲ့ နိုင်ငံတွေကတော့ အဆက်ပြတ် ကျန်ခဲ့မှာပါပဲ။

သမရိုးကျမီဒီယာကနေ မီဒီယာပုံစံသစ်တခုကို ပြောင်းသွားတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ မဖြစ်မနေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအသစ် ၃ ခုရှိတယ်လို့ မီဒီယာ သုတေသနပညာရှင် Jose Luis Orihuela က ရေးသားခဲ့ပါတယ်။ အဲဒါတွေက ပရိသတ်နဲ့ အချိန်နဲ့တပြေးညီ အပြန်အလှန် ဆက်သွယ်ရတဲ့ ဆက်သွယ်မှုပုံစံ အသစ်၊ multimedia မာလတီမီဒီယာ ဆိုတဲ့ ဘာသာစကားအသစ် နဲ့ hypertext ဆိုတဲ့ အင်တာနက် သဒ္ဒါအသစ်တို့ပဲ ဖြစ်တယ်။

ဒစ်ဂျစ်တယ်ခေတ်မှာ ပြောင်းသွားတဲ့ ရှုမြင်ချက် ၁၀ မျိုး အကြောင်းကို ပရော်ဖက်ဆာ Jose Luis Orihuela က ခုလို ရေးသားထားပါတယ်။

၁။ ကြည့်ရှုသူက သုံးစွဲသူဖြစ်လာတယ် (From audience to user)

၈၀ ခုနှစ်ဝန်းကျင်တွေမှာ ဂြိုလ်တုတွေ ကေဘယ်လိုင်းတွေ ပေါ်လာပြီးတဲ့နောက် ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးလာတယ်။ အဲဒီကနေတဆင့် ရည်ရွယ်တဲ့ ပရိသတ်အုပ်စုတွေ အတွက် သီးသန့်ထုတ်လွှင့်ပေးတဲ့ အသံလွှင့်အစီအစဉ်တွေ (from broadcasting to narrowcasting)၊ ၉၀ ခုနှစ်ဝန်းကျင်မှာ အင်တာနက်ဖွံ့ဖြိုးလာတော့ သတင်းမီဒီယာတွေဟာ စားသုံးသူ တယောက်ချင်းကို ဦးတည်တဲ့ခေတ်ရောက်လာတယ် (from narrowcasting to pointcasting)၊ ဒစ်ဂျစ်တယ် ဆိုရှယ်မီဒီယာခေတ်မှာတော့ မီဒီယာပရိသတ်တွေ ကိုယ်တိုင်က မီဒီယာသုံးစွဲသူတွေ ဖြန့်ဝေသူတွေ ဖြစ်လာတယ်။ အဲဒီမှာပဲ ဆက်သွယ်ရေးပုံစံက ပြောင်းသွားတော့တယ်။ သုံးစွဲသူဗဟိုပြု ပုံစံဖြစ်လာတယ်။ သုံးစွဲသူမှာပဲ ရွေးခြယ်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ရှာဖွေခွင့်၊ သတ်မှတ်ခွင့်၊ သတင်းပေးပို့ချက် တွေကို လက်ခံ မခံ ဆုံးဖြတ်ခွင့်၊ မှတ်ချက်ပေးခွင့်၊ အရေးအကြီးဆုံးကတော့ ရေးသားခွင့်၊ ပြောဆိုခွင့်နဲ့ ရိုက်ကူးခွင့်တွေပါ ရှိသွားတယ်။

၂။ မီဒီယာအစား အကြောင်းအရာက ပိုအရေးပါလာတယ် (From media to content)

National Geographic ဆိုရင် သဘာဝပါတ်ဝန်းကျင်အကြောင်း ရိုက်ကူးပြသတဲ့ မီဒီယာတခု၊ CNN ဆိုရင် သတင်းနဲ့ပါတ်သက်တဲ့ မီဒီယာတခုအနေနဲ့ သူတို့ထုတ်လွှင့်လေ့ရှိတဲ့ အကြောင်းအရာပေါ်မူတည်ပြီး သိကြတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာမှာ ဘယ်သတင်းဌာနက ရေးတာဆိုတာထက် ဘယ်အကြောင်းအရာဆိုတာက လူတွေက ပိုစိတ်ဝင်စားတယ်။ ပိုလိုက်တယ်။ ပိုရှယ်မယ်။ ချက်ခြင်း ကော်မန့် ဝင်ရေးလိုက်ဦးမယ်။ ဒီထက်ပိုလို့ စိတ်တူကိုယ်တူ ဂရုဖွဲ့လို့ ရသေးတယ်။

၃။ တမျိုးတည်းက မျိုးစုံ မီဒီယာကို လိုက်ပြောင်းလာရတယ် (From monomedia to multimedia)

အသုံးပြုတဲ့အမျိုးအစား (ပုံနှိပ်၊ ရေဒီယို၊ တီဗီ) ပေါ်မူတည်ပြီး မီဒီယာအမျိုးအစား ကွဲပြားတာတွေမရှိတော့ဘူး။ အွန်လိုင်းမီဒီယာဟာ ကဏ္ဍစုံထည့်လို့ရတဲ့ မီဒီယာတစ်ခု ဖြစ်လာတယ်။ ခင်ဗျား လက်ဖဝါးပေါ်မှာတင် အရုပ် အသံ စာသား အကုန် အဆက်အသွယ် ရနေပြီ။

၄။ အချိန်နဲ့တပြေးညီ ဖြစ်လာတယ် (From periodicity to real-time)

လစဉ်၊ အပါတ်စဉ်၊ နေ့စဉ်ထုတ်တွေကနေ အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရတဲ့ ပုံစံပြောင်းသွားတယ်။ သတင်းကို နောက်တရက် မနက်ခင်း သတင်းစာ ဂျာနယ်မှာ ပါမယ့် သတင်းတွေဟာ အွန်လိုင်းမှာ ဖော်ပြပြီးတာတွေမို့ နောက်ကျသွားပြီ။ သတင်းထူးရင်လည်း တီဗီရှေ့ ပြေးကြည့်ဖို့ မလိုတော့ဘူး။ ကိုယ့်လက်ဖဝါးပေါ် ကြည့်ရုံပဲ။

၅။ သတင်းရှားပါးရာကနေ သတင်းတွေ ဖေါင်းပွလာတယ် (From scarcity to abundance)

သတင်းမီဒီယာ ပရိသတ်တွေကိုယ်တိုင် ရေးသူတွေဖြစ်လာတဲ့အတွက် သတင်းတွေ ထင်မြင်ယူဆချက်တွေ ဆောင်းပါးတွေ မှိုလိုပေါက်လာတယ်။ Influencer လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာမှာ လူကြိုက်များသူတွေ အလေးပေးခံလာရတယ်။ လူအများ စိတ်ဝင်စားတဲ့ဟာ သတင်း ပိုဖြစ်တာမို့ ဆယ်လီသတင်းတွေ၊ ရာဇဝတ်မှုတွေ၊ အရှုပ်အရှင်းတွေက နိုင်ငံရေး၊ စီးပွားရေး သတင်းတွေထက် engage ဆက်သွယ်မှု ပိုများတယ်။

၆။ အယ်ဒီတာ ဦးဆောင်မှု ပျောက်လာတယ် (From editor-mediated to non-mediated)

Gatekeeper Paradigm လို့ခေါ်တဲ့ သတင်းခန်းတွေမှာ အယ်ဒီတာဦးဆောင်ပြီး သတင်းထောက်တွေကို သတင်းရေးဖို့ တာဝန်ခွဲဝေပေးတဲ့ အခန်းကဏ္ဍ ပျောက်သွားတယ်။ သတင်းရေးဖို့ သတင်းရင်းမြစ်တွေ များလာတဲ့အတွက် သတင်းရင်းမြစ်တွေဆီက သတင်းအတိုအစတွေက အဓိက နှပ်ကြောင်းပေးရမယ့် သတင်းကြီးတွေ အလိုအလျောက် ဖြစ်လာကြတယ်။ ဒါကို အယ်ဒီတာက သတင်းစာ ပေါ်လစီနဲ့ ကိုက်ညီမယ့် ရှုထောင့်နဲ့ ဘယ်လို တင်ပြမလဲ တာဝန်ယူမယ့် သတင်းထောက်နဲ့ လက်တွဲလုပ်ရုံပါပဲ။

သတင်းစာတိုက်တွေမှာ ဆိုရှယ်မီဒီယာ အယ်ဒီတာခန့်ပြီးလည်း ထွက်သမျှ သတင်းကို လူတွေ ဖတ်အောင် ရှယ်အောင် ကော်မန့် ပေးအောင် ဘယ်လိုတင်မလဲ တာဝန်ယူစေတယ်။ သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်အလိုက် အယ်ဒီတာတွေလည်း များလာတယ်။ တယောက်တည်းက အကုန် မသိနိုင်တော့ဘူး။ အများနဲ့ ကွဲတဲ့ သတင်းကောင်းတပုဒ် ရေးသားပေးပို့နိုင်ဖို့က ဘက်ပေါင်းစုံ ကောင်းဖို့လိုတော့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုက ပို အရေးပါလာတယ်။

၇။ ဖြန့်ချိသူကနေ စားသုံးသူဗဟိုပြုအရွေ့ကို ရောက်လာတယ် (From distribution to access)

သတင်းအချက်အလက်ဖြန့်ဝေတဲ့ သတင်းမီဒီယာတွေအနေအထားကနေ စားသုံးသူက ဖတ်မယ်မဖတ်ဘူး ဆုံးဖြတ်တဲ့ စားသုံးသူဗဟိုပြုအရွေ့ကို ရောက်သွားတယ်။ သတင်းအချက်အလက်ရှာဖွေတာ၊ ဘယ်ဟာကိုဖတ်မလဲဆုံးဖြတ်တာ၊ ဆန္ဒအလျောက် ဆက်သွယ် ပြောဆိုတာ၊ ဦးဆောင်ဆုံးဖြတ်တာ၊ အရင်တုန်းက သတင်းသမားတွေ လုပ်ခဲ့တာတွေအားလုံးကို အခု အင်တာနက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကိုယ်တိုင် လုပ်လာကြတယ်။

၈။ တလမ်းသွားကနေ အပြန်အလှန်ဆက်သွယ်ရေးစနစ်ကို ရောက်လာတယ် (From one way to interactivity)

ဆက်သွယ်ရေးပုံစံက သတင်းစာခေတ်တုန်းကလို စာမျက်နှာပေါ်ကနေသွားတဲ့ တီဗီဖန်သားပြင်ပေါ်ကသွားတဲ့ one way communcication ပုံစံသေ ဆက်သွယ်ရေး မဟုတ်တော့ဘူး။ အပြန်အလှန်ဆက်သွယ်မှုသဘောဆောင်လာတယ်။ သမ္မတ ထရမ့်ကို ဝေဖန်မလား၊ သမ္မတဦးဝင်းမြင့်ကို တိုင်စာပို့မလား၊ နိုင်ငံတော်အတိုင်ပင်ခံကို ပစ်တင်ရှုံ့ချ မလား၊ အချိန်နဲ့တပြေးညီ လုပ်လို့ရလာပြီ။

၉။ တဖြောင့်တည်းကနေ လမ်းဆုံလမ်းခွဖြစ်လာတယ် (From linear to hyper text)

သတင်းတွေကို ဖတ်မယ်၊ သတင်းကြေငြာသူပြောတဲ့ သတင်းနားထောင်မယ် ဆိုတာတွေက သမရိုးကျ မီဒီယာခေတ်က အစီအစဉ်တကျလုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ် ပုံစံတွေပေါ့။ ဒစ်ဂျစ်တယ်သဘာဝမှာတော့ တခုပြီးမှ တခုသွားတာမျိုး မဟုတ်တော့ဘူး။ လမ်းတွေအားလုံး ပွင့်သွားတယ်။ သတင်းစာမျက်နှာပေါ်မှာ ဖေါ်ပြထားတဲ့ Link လင့် တခုကနေ အခြား ဝက်(ဘ)ဆိုက်တွေ၊ ဘလော့(ဂ)တွေ၊ ဆိုရှယ်မီဒီယာစာမျက်နှာတွေကို ခုန်ကူးလို့ ရလာတယ်။ ကျယ်ပြောလှတဲ့ မျက်မြင်ပုံတူ ဟင်းလင်းပြင် Virtual spaces ထဲမှာ အချင်းချင်း တွေ့ဆုံနိုင်လာတယ်။ လေ့လာနိုင်လာတယ်။ သတင်းအချက်အလက်တွေ အတွေးအမြင် အယူအဆတွေ စုဆောင်း မျှဝေနိုင်လာတယ်။ ဈေးဝယ်မလား၊ ဂိမ်းဆော့မလား ဒါမှမဟုတ် သီချင်းနားထောင် ရုပ်ရှင်ကြည့်မလား၊ အနုပညာလက်ရာ တခုခုဖန်တီးမလား ကြိုက်တာလုပ်လို့ ရလာတယ်။

၁၀။ အချက်အလက်ကနေ ဗဟုသုတအဖြစ်ကို ထုပ်ပိုးလာရတယ် (From data to knowledge)

ဒစ်ဂျစ်တယ်ခေတ်မှာ မရေမတွက်နိုင်အောင် ဖေါင်းပွနေတဲ့ သတင်း အချက်အလက်တွေကြောင့် သတင်းမီဒီယာရဲ့ ဗျူဟာကျတဲ့အခန်းကဏ္ဍက ဗဟုသုတ ဟင်းလေးအိုးကြီး (social manager of knowledge) အနေနဲ့ ပြန်ပေါ်လာတယ်။

ဒေတာတွေကို ဝေဖန်ဆန်းစစ်ပြီး ဗဟုသုတတခုဖြစ်လာအောင် ပြောင်းလဲတာက သတင်းမီဒီယာတွေရဲ့ အဓိက ဝင်ရိုးဖြစ်လာတယ်။ ဒီကနေ့ သတင်းမီဒီယာတွေရဲ့ ဗျူဟာကျတဲ့တာဝန်က အချက်အလက်တွေကို ဗဟုသုတအဖြစ် ပြောင်းပေးဖို့၊ ဉာဏစွမ်းရည်ပြည့်ဝတဲ့ သတင်းအချက်အလက်တွေ ဖြစ်လာဖို့၊ ဆက်စပ်ပေါင်းစည်းပေးဖို့၊ လစ်ဟာနေတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးဖို့၊ အပြန်အလှန်ဆက်သွယ် ပေါင်းကူးပေးနိုင်တဲ့ ပုံစံသစ် မာလ်တီမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ဖို့ ဖြစ်လာတယ်။

သတင်းမီဒီယာဟာ လှေနံဓါးထစ် ကြားခံ လူထုဆက်သွယ်ရေး ပေါင်းကူးမီဒီယမ် တခုအနေနဲ့ ရပ်တည်ဖို့ ခက်လာပြီ။ အင်တာနက်ဆိုတာကလည်း လူထုသိချင်တဲ့ အချက်အလက်တွေ ရှာဖွေနိုင်တဲ့ ကြားခံ မီဒီယမ် တခုပဲ။ ဂူဂဲလ်လို search engine ရှာဖွေရေး အင်ဂျင်တွေကနေ ကိုယ်လိုချင်တဲ့ စာလုံးတွေ ရိုက်ပြီး သတင်း အချက်အလက်တွေ အလွယ်တကူ ရှာလို့ ရနေပြီ။

ဆိုရှယ်မီဒီယာဆိုတာကလည်း လူမှုကွန်ယက် ကြားခံမီဒီယမ်တခုပဲ။ သတင်းမီဒီယာက အသစ်အသစ်ပေါ်လာသမျှ လူထုဆက်သွယ်ရေး ကြားခံမီဒီယမ်တွေ အားလုံးနဲ့ ပြိုင်နေရတာပဲ။ အဓိကက ပရိသတ်ရှိမယ့်နေရာ စားသုံးသူရှိမယ့်နေရာကို သတင်းမီဒီယာတွေ အားလုံး လိုက်နေရတာကြောင့်ဖြစ်တယ်။

ဆိုရှယ်မီဒီယာပလက်ဖေါင်းကို ဘယ်လောက်ပဲ ဈေးအိမ်သာကြီးနဲ့တူတယ်ပဲဆိုဆို သာလာယံဇရပ်ကြီးနဲ့ တူတယ်ပဲ ပြောပြော သတင်းသမားတွေကိုယ်နှိုက်က မသုံးပဲ နေလို့ မရတော့ဘူး ဖြစ်လာတယ်။ ဘာလို့လည်းဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်ကျော်ကျော်က အဲဒီပေါ်မှာ ရောက်နှင့်ပြီး ဖြစ်နေတာကိုး။

အစိုးရတရပ်ကို Check and Balance လုပ်ပြီး ထိန်းကျောင်းတဲ့အလုပ်ကို ဆိုရှယ်မီဒီယာပေါ်က လူထုကပါ လုပ်လာနိုင်ကြပြီဆိုတော့ သတင်းမီဒီယာသမားတွေ ဩဇာကျ လုပ်ကွက်ပျောက်လာတာတော့ အမှန်ပါပဲ။ သတင်းမီဒီယာသမားတွေကိုယ်နှိုက်က ပရော်ဖက်ရှင်နယ်ဆန်ဖို့ ပို လိုအပ်လာပါတယ်။ ငါတို့သတင်းသမားကွလို့ ကော်လာတထောင်ထောင် လုပ်နေလို့ မရတော့ဘူး၊ ကိုယ့်သတင်းတွေက ဘယ်လောက်ထိ ကျင့်ဝတ်နဲ့ ညီညွတ်သလဲ။ ဘယ်လောက်ထိ အမှန်တရားနဲ့ နီးစပ်သလဲ။ ဘယ်လောက်အထိ ဘက်လိုက်မှု ကင်းသလဲ။ ဘယ်လောက်အထိ စိတ်ခံစားမှု နောက်မလိုက်ဘူးလဲ။ ဘယ်လောက် အရင်းအမြစ် ကြွယ်ဝသလဲ။ ဘယ်လောက် ကျယ်ကျယ် ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနိုင်သလဲ။ ဘယ်လောက် အများပြည်သူ အကျိုးစီးပွားကို ဖြစ်ထွန်းစေသလဲ ဆိုတာတွေက ပိုအရေးကြီး လာတယ်။ တချို့ သမရိုးကျ မီဒီယာသမားတွေထက် ကျင့်ဝတ်ပြည့်ဝတဲ့ တာဝန်ကျေပွန်တဲ့ လူထုတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အပြိုင်းအရိုင်း ရှိနေကြတာကိုး။

ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာပြားသလိုပဲ ဆိုရှယ်မီဒီယာကြောင့် သတင်းမီဒီယာ ပြားသွားပါပြီ။ သေချာတာကတော့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ နည်းပညာကို တားဆီးထားနိုင်မှာ မဟုတ်တာပါပဲ။

(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)

No comments:

Post a Comment