Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 21, 2018

ကျပ်တသောင်းတန်အတု လက်ဝယ်ရှိရင် ဥပဒေနဲ့ ငြိစွန်းမှုရှိပါရဲ့လား


လူတွေကြား ကိုင်ဆောင်သုံးစွဲဖို့ ထိတ်လန့်နေကြတဲ့ တသောင်းတန် ငွေစက္ကူ
ကျပ်တသောင်းတန် ငွေစက္ကူအတု တွေ ထွက်ရှိနေတာနဲ့ စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေ စာရင်းကော်မတီနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁ဝ၁ အရ အတုမှန်းသိလျက်နဲ့ သုံးစွဲဖောက်ဖျက်ရင် အဲဒီလူကို ငွေဒဏ်နဲ့၊ ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မကြာခင်ကပဲ ကားတန်ဖိုး အတွက် ငွေချေဖို့ ဧရာဝတီဘဏ်ခွဲကနေ ငွေလွှဲရာက ယူဆောင်လာတဲ့ တသောင်းကျပ်တန်တွေမှာ အတုတွေပါလို့ဆိုပြီး လူတယောက် အရေးယူ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က မြိတ်မြို့မှာရှိတဲ့ ဧရာဝတီဘဏ်ခွဲကနေ ကားဖိုးငွေချေဖို့ ကျန်ရှိနေတဲ့ ငွေကျပ် ၁ဝ သိန်းကို လှိုင်သာယာမှာနေတဲ့ ကားပွဲစားဆီကို ငွေလာလွှဲရာက ယူဆောင်လာတဲ့ တသောင်း ကျပ်တန်တွေထဲမှာ အတု အရွက် ၅ဝ တွေ့ရှိတဲ့အတွက် ငွေလာလွှဲတဲ့သူဟာ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆ နဲ့ အရေးယူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း စင်္ကာပူမှာ အိမ်အကူအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ အမျိုးသမီးငယ်တဦး ရရှိလာတဲ့ လစာငွေတွေမှာ တသောင်းတန်အတုတွေ ပါဝင်နေလို့ ဖမ်းဆီးခံထားရပါတယ်။

စင်္ကာပူမှာ အိမ်အကူအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ဒိုက်ဦးမြို့က အမျိုးသမီးငယ်တယောက်ဟာ သူ ရတဲ့လစာငွေတွေမှာ တသောင်းတန်အတု တွေ ပါဝင်နေလို့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း စင်္ကာပူနိုင်ငံသားနှစ်ယောက်ကို ငွေတုလက်ဝယ်တွေ့ရှိလို့ ဖမ်းဆီး စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ အာမခံနဲ့ပြန်လွှတ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်ကြောင့် ဗဟိုဘဏ်ဥပဒေအရ ငွေစက္ကူအတုမှန်း မသိဘဲ လက်ဝယ်ကိုင်ဆောင် သုံးစွဲမိရင် ဘယ်သူကိုမဆို ဖမ်းဆီး အရေးယူ ခံရနိုင်လို့ လက်တလောမှာ လူထုအကြား ထိတ်လန့်နေကြပါတယ်။
အတုလက်ဝယ်တွေ့ရင် အဖမ်းခံနေရတဲ့ တသောင်းတန် ငွေစက္ကူထုပ်များ
ဒီကိစ္စနဲ့ ပတ်သက်လို့ ဗဟိုဘဏ် အနေနဲ့ တာဝန်ခံ ၊ တာဝန်ယူ လုပ်မယ့်အပိုင်း သူ့မှာ မရှိဘဲ သူ့ရဲ့ အဓိက တာဝန်က ငွေစက္ကူပါတဲ့ လုံခြုံရေးကို မြှင့်ထားဖို့ ရှိကြောင်း ၊ အခုတော့ လက်ထဲ တွေ့ရသူက တရားခံ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမျိုးဝင်း က ရှင်းပြပါတယ်။

ဒါ့အပြင် ဒီလို လက်ဝယ် တွေ့ရှိမှုနဲ့ ကိုယ်တိုင် ဒီငွေကို သုံးသည် ဖြစ်စေ မသုံးသည် ဖြစ်စေ စစ်မေးခံရတဲ့ အခြေအနေ ဖြစ်နေပြီး အတုမှန်းသိသူတွေ အနေနဲ့တော့ အခုလို ဘဏ်မှာ လာလွှဲပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အပြင် လက်ရှိ ဖြစ်ပျက်နေတာက အပြင်မှာ တရွက်စ နှစ်ရွက်စ ဟိုနေရာ ဒီနေရာ လိုက်သုံးနေတဲ့ အနေအထားမျိုးသာ တွေ့ရကြောင်း လက်တွေ့ ကိုင်တွယ်ဖို့ခက်နေတဲ့ အခြေအနေကို ဦးမျိုးဝင်း က ပြောပါတယ်။

ခုတော့ ဒီလို ဖြစ်ပျက်နေတာကို ပြင်ရမယ့် အပိုင်း ရောက်နေပြီး ပြင်ရမှာက အများကြီး ရှိနေသလို ဒီငွေစက္ကူနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်မှ ဖြစ်မယ့်အနေအထား ရောက်နေတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူတွေ ဘယ်လိုကူညီဆောင်ရွက်ပေးမလဲဆိုတာ အစည်းအဝေးတက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ဦးမျိုးဝင်း က ထောက်ပြခဲ့ ပါတယ်။
တသောင်းတန် ငွေစက္ကူတွေကို ၂ဝ၁၂ က စတင် ထုတ်ဝေခဲ့
တကယ်တော့ လတ်တလော ဝင်လာတဲ့ ငွေစက္ကူ တသောင်းတန် အတု တွေကို စုံစမ်း ဖမ်းဆီးရမိခဲ့တဲ့ အနေအထားတွေ ကြည့်မယ်ဆိုရင် မူလ လက်ဟောင်း တသောင်းတန် နဲ့ မူသစ် ဆိုပြီး နှစ်မျိုး ရှိရာမှာ မူဟောင်း ကို ဖမ်းဆီး ရမိတာ တွေ့ရတယ်လို့ မှုခင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး က ပြောပါတယ်။

မူဟောင်းက အထူးသဖြင့် ၂ဝ၁၆ တုန်းက အိန္ဒိယ ၊ တရုတ် နဲ့ ထိုင်း က ၀င်လာတဲ့ ဖြစ်စဉ်ရှိကြောင်း ၊ အိန္ဒိယနဲ့ တရုတ်ကို သက်ဆိုင်ရာ နိုင်ငံတကာ အင်တာပို ရဲတပ်ဖွဲ့နဲ့ ဆက်သွယ် လုပ်ဆောင်ရာမှာ ရပ်တန့်သွားတာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။

လတ်တလော ဝင်လာတဲ့ ဟာတွေကို ကြည့်ရာမှာ ထိုင်းဘက်က ဝင်လာတာ တွေ့ရကြောင်း ၊ အများစုက မှောင်ခို လမ်းကြောင်း က ဖြစ်ပြီး နွားမှောင်ခို နဲ့ တခြား မှောင်ခို လမ်းကြောင်းတွေက ဝင်လာတာ တွေ့ရကြောင်း ၊ ၂ဝ၁၆၊ ၂ဝ၁၇ ၊ ၂ဝ၁၈ တောက်လျှောက် ဖမ်းဆီးတာတွေ ရှိခဲ့ကြောင်း ရဲမှူးချုပ် က ပြောပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ နစ်နာတဲ့ နိုင်ငံခြားသားတွေ ရှိပြီး အင်တာပို လမ်းကြောင်းကနေ ဆက်စပ်ပြီး ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ရဲမှူးချုပ် စိုးနိုင်ဦး က ရှင်းပြပါတယ်။

၂ဝ၁၂ ခုနှစ်မှာ စတင်ထုတ်ဝေသုံးစွဲခဲ့တဲ့ ကျပ်တသောင်းတန် ငွေစက္ကူတွေဟာ မြန်မာ့ငွေကြေးထဲမှာ တန်ဖိုး အမြင့်ဆုံး ဖြစ်ပါတယ်။

တသောင်းကျပ်တန် ငွေစက္ကူအတုတွေဟာ အခုနောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်လာတာကြောင့်လည်း ပုဂ္ဂလိက ဘဏ်တွေမှာတော့ ငွေအတုအစစ်ခွဲတဲ့ စက်တွေကို အဓိကထားပြီး ခွဲခြားလာနေရပါတယ်။

ငွေစက္ကူအတုတွေကို လက်ဝယ်ကိုင်ဆောင် သုံးစွဲမိပါက မည်သူမဆို ဖမ်းဆီးစစ်ဆေးခံရနိုင်တာကြောင့် သာမန်ပြည်သူတွေအနေနဲ့ အတုအစစ်ခွဲခြားနိုင်တဲ့ အခြေခံအချက်တချို့ကို သိထားဖို့လိုအပ်တယ်လို့ ဥပဒေပညာရှင် အချို့နဲ့ အကြီးတန်းဘဏ် အရာရှိတချို့က အကြံပြုပြောဆိုကြပါတယ်။

"တသောင်းတန်ကို အတုအစစ်ခွဲဖို့ ဗဟိုဘဏ်က ထုတ်ထားတဲ့အချက်တွေကများတယ်။ သာမန်လူတွေ အနေနဲ့ တသောင်းတန်ကိုအတုအစစ်ခွဲဖို့ ဆိုရင် ဘေးတန်းမှာ ကြာပန်းလိုမျိုး အရှည်ပြားလေးပါတယ်၊ ကိုင်ကြည့် လိုက်တာနဲ့ ကြမ်းနေရင်အစစ်၊ ချောနေရင်အတုပဲ၊ ကျန်တာတွေစစ်ဖို့က ကြာတယ်'' လို့ CB ဘဏ် အကြံပေးအရာရှိဖြစ်တဲ့ ဦးဖေမြင့်က ကျပ် တသောင်းတန်ကို အလွယ်ကူဆုံးခွဲခြားနိုင်မယ့်အချက်ကို ပြောပြ ပါတယ်။

ဒါတွေ အပြင် ရေစာ၊ ဖောင်းကြွပုံနှိပ်၊ လုံခြုံရေးကြိုး စတာတွကို သာမန် မျက်စိနဲ့ စစ်ဆေးတာမျိုး၊ ငွေစက္ကူနံပါတ် အမှတ်စဉ်တွေ တူနေတာ ရှိ၊ မရှိ စစ်ကြည့်တာမျိုး နဲ့ အလင်းရောင်မှာတသောင်းတန် ငွေစက္ကူကို ထောင်ကြည့်ရန် ကြာဖူးပုံ ပေါ်၊ မပေါ် စတဲ့ အချက်တွေကို စစ်ဆေးကြည့်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

BBC Burmese
https://www.bbc.com/burmese

No comments:

Post a Comment