Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 13, 2018

၁၉၅၃ အီရန် စစ်အာဏာသိမ်းမှု စီအိုင်အေ ပါဝင်ဟု ပထမဆုံးအကြိမ် ဝန်ခံ

ဝါရှင်တန်၊ သြဂုတ် ၂၀

ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အီရန် ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒတ်ကို ၁၉၅၃ ခုနှစ် တွင် စစ်အာဏာသိမ်းမှု တစ်ရပ်ဖြင့် ရာထူးမှ ဖြုတ်ချခဲ့ရာ ယင်းအာဏာသိမ်းမှုတွင် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ စီအိုအေ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပထမဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းမှု နှစ် ၆၀ မြောက် အထိမ်းအမှတ်နေ့တွင် စီအိုင်အေ ပါဝင် ပတ်သက်ကြောင်း ဖော်ပြ ထားသည့် မှတ်တမ်းများကို လွတ်လပ်သော အမျိုးသား လုံခြုံရေး မှတ်တမ်းတွင် ပုံနှိပ် ဖော်ပြလိုက်သည်။

စီအိုင်အေ ညွန်ကြားမှုအတိုင်း အီရန် စစ်တပ်က စစ်အာဏာ သိမ်းခဲ့ကြောင်း လေ့လာအကဲခတ်သူ တစ်ဦးက ပြောကြားသည်။

ယင်းအာဏာသိမ်းမှု အကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မက်ဒလင်း အောဘရိုက်က ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဖော် ပြောကြားခဲ့သလို သမ္မတ အိုဘားမား၏ ၂၀၀၉ ခုနှစ် ကိုင်ရိုမြို့ မိန့်ခွန်းတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော်လည်း မှတ်တမ်းများ တရားဝင် ထုတ်ဖော် ပြသခဲ့သည့် လက်ရှိ ကာလ မတိုင်ခင်ထိ အီရန် အာဏာသိမ်းမှုတွင် ပါဝင် ပတ်သက်မှု မရှိကြောင်း စီအိုင်အေက ငြင်းပယ်ခဲ့သည်။

သတင်း အချက်အလက် လွတ်လပ်ခွင့် ဥပဒေအရ စီအိုင်အေ မှတ်တမ်းများ ကို ယခုကဲ့သို့ ထုတ်ဖော် ပြသပေးခြင်း ဖြစ်သည်။

အီရန် သမ္မတအဖြစ် မိုဟာမက် မိုဆာဒတ်ကို ပြည်သူများက ၁၉၅၁ ခုနှစ် တွင် ရွေးကောက် တင်မြှောက်ခဲ့သည်။

သမ္မတအဖြစ် တာဝန် စတင် ရယူလိုက်ပြီးနောက် မိုဆာဒတ်က နိုင်ငံတွင်းရှိ ဗြိသိသျှပိုင် အန်ဂလို-ပါရှန် ရေနံ ကုမ္ပဏီကို ပြည်သူပိုင် သိမ်းရန် လုပ်ဆောင် ခဲ့သည်။

အီရန်နိုင်ငံ၏ ရေနံမြေများကို ဒုတိယကမ္ဘာစစ်ပြီးကာလ စီးပွားရေး ပြန်လည် တည်ထောင်ရေးတွင် အရေးကြီး လိုအပ်ချက်အဖြစ် အမေရိကန်နှင့် ဗြိတိသျှ နိုင်ငံများက ရှုမြင်ထားခြင်းကြောင့် သမ္မတ မိုဆာဒတ်၏ လုပ်ဆောင်ချက်များကို စိုးရိမ်မကင်း ဖြစ်လာကြသည်။

ထို့အပြင် စစ်အေးတိုက်ပွဲ ကာလ ဖြစ်နေခြင်းကြောင့်လည်း ဆိုဗီယက် အန္တရာယ်ကိုပါ ထည့်သွင်း တွက်ချက်ခဲ့ကြသည်။

ထို့အပြင် မိုဆာဒတ် ဆန့်ကျင်ရေး လှုံ့ဆော်စာများကို အမေရိကန်နှင့် အီရန် မီဒီယာများတွင် စီအိုင်အေအဖွဲ့က လုပ်ကြံ ရေးသားခဲ့ပုံများကိုလည်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံမှ ထွက်ပြေးနေရသော ရှားဘုရင် မိုဟာမက် ရာဇာပတ်လာဗီကို စစ်အာဏာ သိမ်းပြီးသည့် နောက်တွင် ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပြီး အနောက်နိုင်ငံများ၏ အနီးကပ် မဟာမိတ် တစ်ဦး ဖြစ်လာခဲ့သည်။

ရှားဘုရင်အပေါ် ထောက်ခံသည့် တပ်ဖွဲ့များကို အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့များက ကူညီ ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး မိုဆာဒတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စည်းရုံး လှုံ့ဆော်ပေးခဲ့ သည်။

စစ်အာဏာ သိမ်းပြီးနောက် အီရန် ခေါင်းဆောင် ဖြစ်လာသော ရှားဘုရင်ကို ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစ္စလာမ္မစ် တော်လှန်ရေးကာလအတွင်း ရာထူးမှ ဖြုတ်ချခဲ့သည်။

No comments:

Post a Comment