Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 9, 2018

ငြင်းခုံမှုရဲ့အကြောင်း

ဘုရားရှင်က ` အာနန္ဒာ - လောကမှာ
အကြောင်းတရား ၊ အကျိုးတရားတွေဟာ
တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြတယ် ၊
အကြောင်းမရှိဘဲ အကျိုးဆိုတာ
မဖြစ်ပေါ်ဘူး ၊ ဖြစ်ပေါ်လာတဲ့
အကျိုးကိုကြည့်ပြီး အကြောင်းကို
ရှာဖွေရတယ် ၊ ငြင်းခုံမှုဆိုတာလည်း
အကြောင်းမရှိဘဲ မဖြစ်ပေါ်လာဘူး ၊
အကြောင်းကြောင့် ဖြစ်ပေါ်လာတာ
ဖြစ်တယ် ၊ အာနန္ဒာ - ငြင်းခုံမှုရဲ့
အကြောင်းတွေဟာ ခြောက်မျိုးရှိတယ် ၊
ခြောက်မျိုးဆိုတာက -
ဤသာသနာတော်မှာ ရဟန်းဖြစ်သူဟာ
အမျက်စောင်းမာန်ကြီးတယ် ၊
ရန်ငြိုးဖွဲ့တတ်တယ် ၊
ရတနာသုံးပါးအပေါ် ရိုသေမှုမရှိဘူး ၊
အကျင့်ယုတ်တယ် ၊ အဲဒီရဟန်းမျိုးဟာ
ငြင်းခုံမှုကို ဖြစ်ပွားစေတတ်တယ် ၊
သံဃာဂိုဏ်းကိုခွဲတတ်တယ် ၊
အာနန္ဒာ - အချို့သောရဟန်းဟာ
သူ့ကျေးဇူးကိုမသိတတ်ဘူး ၊
ပြိုင်ဆိုင်လေ့ရှိတယ် ၊
ငြူ စူလေ့ရှိတယ် ၊ ဝန်တိုလေ့ရှိတယ် ၊
ဟန်ဆောင်တတ်တယ် ၊
လှည့်ပတ်တတ်တယ် ၊
ယုတ်ညံ့တဲ့အလိုဆိုးရှိတယ် ၊
မှားသောအယူရှိတယ် ၊
ငါ မှန်တယ်လို့ အငြင်းသန်တယ် ၊
အယူကိုစွန့်နိုင်ခဲတယ် ၊
အဲဒီလိုရဟန်းမျိုးဟာ
ရတနာသုံးပါးကိုလည်း မရိုသေတတ်ဘူး ၊
အကျင့်လည်း ယုတ်မာတတ်တယ် ၊
ငြင်းခုံမှုကိုဖြစ်စေတတ်တယ် ၊
အာနန္ဒာ - ဤလိုငြင်းခုံမှုရဲ့အကြောင်းကို
မိမိပရိသတ် သူတစ်ပါးပရိသတ်မှာ
မြင်ခဲ့လျှင် ဒီအကြောင်းရင်းကိုပယ်ဖို့ရာ
အားထုတ်ကြရမယ် ၊ အာနန္ဒာ -
ငြင်းခုံမှုရဲ့အကြောင်းရင်းဟာ
ဤခြောက်မျိုးဖြစ်တယ် ´ လို့
ဘုရားရှင် ဟောတော်မူပါတယ် ဘုရား ။

ငြင်းခုံမှုအကြောင်း ၆ - ပါး

၁ ။ ကောဓန ၊ ဥပနာဟ =
အမျက်ကြီးခြင်း ၊ ရန်ငြိုးဖွဲ့တတ်ခြင်း ၊

၂ ။ မက္ခီ ၊ ပလာသီ =
ကျေးဇူးမသိခြင်း ၊ ဂုဏ်ပြိုင်တတ်ခြင်း ၊

၃ ။ ဣဿုကီ ၊ မစ္ဆရီ =
ငြူ စူတတ်ခြင်း ၊ ဝန်တိုတတ်ခြင်း ၊

၎ ။ သဌာ ၊ မာယာဝီ =
စဉ်းလဲကောက်ကျစ်ခြင်း ၊
လှည့်ပတ်တတ်ခြင်း ၊

၅ ။ ပါပိစ္ဆ ၊ မိစ္ဆာဒိဋ္ဌိ =
ယုတ်မာသောအလိုရှိခြင်း ၊
အယူမှားယွင်းခြင်း ၊

၆ ။ သန္ဒိဋ္ဌီ ၊ ပရာမာသီ
အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ =
ငါ့အယူသာမှန်သည်ဟု
မှားသောအားဖြင့် သုံးသပ်လေ့ရှိခြင်း ၊
စွဲမြဲစွာယူလေ့ရှိခြင်း ၊
အယူကို စွန့်နိုင်ခဲခြင်း ။

နိုင်ငံတော် သြဝါဒစရိယ ၊ မြန်မာစာ သြဝါဒစရိယ
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၁) မှ
ကောက်နုတ်မျှဝေပါသည်

ထာဝရအေးချမ်းကြပါစေ
A • M • T

No comments:

Post a Comment