Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 16, 2018

နယူးဇီလန်မှာ ဝှေးစေ့ကင်ဆာ စမ်းသပ်ရုံ စထားပေး


ဆရာဝန်တွေ့ရမှာ ရှက်တဲ့သူတွေအတွက် ဝှေးစေ့စမ်းရုံ
ကျန်းမာရေး ဆေးစစ်ချင်ပေမယ့် စစ်ရမှာ ကြောက်နေတာဟာ ဘောင်းဘီချွတ်ပြရမှာကို ရှက်လို့ပါလား။ ဒါဆိုရင် ဝှေးစေ့စမ်းခန်း ရှိပါတယ်။

နယူးဇီလန်မှာ အမျိုးသားတွေ ဆရာဝန်နဲ့မတွေ့ဘဲ သူတို့ ဝှေးစေ့တွေကို စစ်လို့ ရပါပြီ။

အနောက်နိုင်ငံတွေမှာတော့ ဝှေးစေ့ကင်ဆာဟာ လူငယ် အမျိုးသားတွေမှာ အတွေ့ရအများဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစမ်းသပ်ရုံဖွင့်ပွဲကို အော့ကလန် မြို့တော်မှာ ကျင်းပခဲ့ပါတယ်။

စမ်းတဲ့အခန်းထဲဝင်ပြီး ဘောင်းဘီကို လျှော့ပေးလိုက်ရင် ဆရာဝန်က လူနာကို မမြင်ရဘဲ အပေါက်လေးထဲက စစ်ပေးမှာပါ။

ဒီစမ်းသပ်ခန်းကို နယူးဇီလန်မှာ အမျိုးသားတွေ စိတ်ဝင်စားတဲ့ စက်ပစ္စည်းတွေ ပြပွဲကြီးမှာ ပြသခဲ့ပါတယ်။

ဒီမှာ ကားတွေ၊ စကိတ်တွေ၊ နည်းပညာစက်တွေ၊ အသားကင်စက်တွေနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ပါပါတယ်။

 ဝှေးစေ့တွေကို ကိုယ်တိုင် စစ်မကြည့်ရင်လည်း သွားအစစ်ခံသင့်
အမျိုးသားအကြိုက် ပစ္စည်းတွေကြား လျှောက်သွားရင်း ဝှေးစေ့စမ်းရုံကို တွေ့ပါလိမ့်မယ်။ ကမ္ဘာ့ပထမဆုံး အလိုအလျောက် ဝှေးစေ့စစ်ခန်းလို့လည်း ရေးထားပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ္တိမွေးပြီး စက်ထဲဝင်၊ လိုက်ကာဆွဲစေ့ပြီး ဘောင်းဘီချွတ်ရုံပါပဲ။

ဒီထဲမှာ ထူးထူးဆန်းဆန်း စက်တွေတော့ မရှိပါဘူး။ ခေတ်ဟောင်းပုံစံ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန် တယောက်ပဲ ထိုင်နေပါတယ်။ သူက အပေါက်လေးထဲကနေ သင့်ရဲ့ ဝှေးစေ့တွေကို စမ်းပေးပါလိမ့်မယ်။

မိနစ်ပိုင်းအတွင်း ပြန်ထွက်လို့ ရပါပြီ။

 အမျိုးသားတွေ ကိုယ့်ဝှေးစေ့ ကိုယ်ပြန်စစ်ဖို့ နယူးဇီလန် ဝှေးစေ့ကင်ဆာ အဖွဲ့အားပေး
ဒါဟာ နယူးဇီလန် ဝှေးစေ့ကင်ဆာ အဖွဲ့ရဲ့ လူတွေကို သတိမူမိအောင် လှုံ့ဆော်တာပါပဲ။ ကင်ဆာကို ပျောက်အောင် ကုနိုင်ခြေ များပေမယ့် စောစောတွေ့ဖို့လည်း လိုပါတယ်။

ရောဂါရှင် ၉ဝ ရာခိုင်နှုန်း ပျောက်ကင်း နိုင်ပြီး စောစောတွေ့ရင် ပျောက်ကင်းဖို့ ရာနှုန်းပြည့် နီးပါး ရှိတယ်လို့ သိရပါတယ်။

အသက် ၁၅ နှစ်က ၄၅ နှစ်ကြား အမျိုးသားတွေမှာ ဒီကင်ဆာကို အတွေ့များဆုံး ဖြစ်တယ်လို့ ဗြိတိသျှ အမျိုးသား ကျန်းမာရေး ဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဒီကင်ဆာဟာ အတွေ့ရနည်းဆုံး ကင်ဆာတမျိုးလို့လည်း သိရပါတယ်။

မနာဘဲ ယောင်လာတာ၊ ဝှေးစေ့အကျိတ် ပေါ်လာတာနဲ့ ဝှေးစေ့ အရောင်နဲ့ ပုံစံ၊ အထိအတွေ့ ပြောင်းလာတာတွေက ဒီရောဂါရဲ့ လက္ခဏာတွေ လို့လည်း ပြောပါတယ်။

ဗြိတိန်မှာ တနှစ်ကို အမျိုးသား ၂၂ဝဝ ဝှေးစေ့ကင်ဆာ ရှိကြောင်း တွေ့ရှိရတယ်လို့လည်း အမျိုးသား ကျန်းမာရေး ဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမျိုးသား အများစုက သူတို့ဝှေးစေ့တွေကို ပုံမှန် သွားမစစ်ကြသလို ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ရမှန်းလည်း မသိကြဘူးလို့ ကင်ဆာ သုတေသန အဖွဲ့တွေက သတိပေးပါတယ်။

ဒီကင်ဆာကို အာရှနွယ်ဖွားနဲ့ လူမည်းတွေထက် လူဖြူ အမျိုးသားတွေမှာ ပိုတွေ့ရတယ်လို့လည်း ဗြိတိန် ကင်ဆာ သုတေသန အဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.bbc.com

No comments:

Post a Comment