Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 12, 2018

အရီးရဲ့မျက်ရည်တွေ သွေးဖြစ်မယ်ဆိုရင် အရီးရင်ထဲမှာ ရှိတဲ့သွေးတွေ ပွင့်ထွက်သွားပါစေ အရီးမငိုဘူး

နေမင်းအောင်(ခ) ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေးရဲ့ ရက်လည်ဆွမ်းသွတ်အလှူကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်က ရန်ကုန်မြို့ သာကေတမြို့နယ် ၀ါဝါ၀င်း အိမ်ယာက နေအိမ်မှာပြုလုပ်တာဖြစ်ပါတယ်။ သားတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်၊ မင်းသွေးရဲ့ မိခင်ဖြစ်သူက မင်းသွေး အသုဘချတဲ့နေ့က ခံစားရတဲ့ခံစားမှုကို အခုလိုပဲ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

သားလေးကို ည ၈ နာရီလောက်မှာ အမေ ညီရောက်ပြီလို့ပြောပြီးတဲ့အချိန်၊ ည ၁၀ နာရီခွဲလောက်မှာ ဆုံးသွားတဲ့သားတစ်ယောက်ရဲ့ အမေပါ အရီးက၊ အရီးပြောချင်တာက လူတွေကိုလေ အရီးတို့သွားတဲ့အချိန်မှာ အရီးတို့က ပျော်ပွဲစားထွက်လာကြတာမဟုတ်ဘူး၊ အရီးရဲ့မျက်ရည်တွေ သွေးဖြစ်မယ်ဆိုရင် အရီးရင်ထဲမှာ ရှိတဲ့သွေးတွေ ပွင့်ထွက်သွားပါစေ အရီးမငိုဘူး၊ ငါ့သားလေးကမှာတယ်၊ အမေမျက်ရည်မကျပါနဲ့၊ မိသားစုတွေ ဘယ်သူမှမျက်ရည်မကျပါနဲ့၊ ဘယ်သူ့ကိုမှမကျခိုင်းဘူး၊ သူ့အဖေတောင် မျက်ရည်စို့ချင်တယ်၊ အဖေလို့ ညီလေးငယ်(မင်းသွေး) မှာတဲ့စကားကိုကြားတယ်နော်လို့၊ အရီးကလေ တကယ်လို့များ ရင်ဘတ်ထဲမှာ မျက်ရည်တွေက သွေးတွေဖြစ်ပြီးအခဲဖြစ်ပြီး မခံနိုင်လို့ ပွင့်ထွက်မယ်ဆိုရင် အရီးရင်ဘတ်ထဲက ပွင့်ထွက်သွားပါစေဆိုပြီး အံကြိတ်ပြီးသွားတာ၊ အဲဒီလိုနဲ့ အရီးတို့ရောက်သွားချိန်မှာ လူတွေဟာလေ အမှန်တကယ်ဆိုရင် ဒီလူတွေက အပျော်နဲ့လာတာလဲမဟုတ်ဘူး၊ အရီးဆိုရင် ညီလေးငယ်နားကို ရောက်သွားတာက ညီလေး(နေတိုး) ခါးကိုဖက်လို့၊ သူကလဲ နောက်ကိုလက်ကလေးကိုစမ်းလို့၊ ရောက်သွားတဲ့အချိန်မှာ လူတွေကတိုးတာဘယ်လိုမှ မနိုင်တော့ဘူး၊ အရီးလေ မှန်သော သစ္စာပါ ၁၅ မိနစ်၊ မိနစ် ၂၀ တောင် မကြည့်လိုက်ရဘူး၊ အမေရောက်ပါပြီဆိုတဲ့ စကားတစ်ခွန်းကိုပဲ အရီးပြောလိုက်ရတယ်၊ အရီးခေါင်းကို မိုးကြိုးပစ် သလိုခံစားခဲ့ရတာပါ၊

ဆုံးတဲ့နေ့က ဆေးရုံကို အရီးသွားတဲ့အချိန်မှာ ညီလေးငယ်အသက်မရှိတော့ပါဘူး၊ ဒါပေမယ့်အရီးက ညီလေးငယ်နားသွားပြီး ဘာမှတ်လဲဆိုတော့ ညီလေးငယ်က ပင်ပန်းတယ်၊ ဆေးကုလိုက်ရင် ပြန်လည်လာမှာပါဆိုပြီး ၊ ညီလေးငယ်နားသွားပြီး မေမေရောက်ပြီ၊ ငါ့သား ဘာမှမဖြစ်ရဘူး၊ ဘုရားစာတွေရွတ်နေပါတယ်ဆိုပြီးနေတော့ အဲဒီမှာ ဆရာဝန်လက်ထောက်လားမသိဘူး၊ ကျွန်တော်တို့လဲ အစွမ်းကုန်ကြိုးစားနေပါတယ်၊ နာ့စ်တွေကလဲ ဟိုဘက်၃ ယောက်လောက် ဒီဘက် ၃ ယောက်လောက် အရီးလဲ မမှတ်မိဘူး၊ အဲဒီဆရာဝန်ကဘာပြောလဲဆိုတော့ ဘာတော်တာလဲတဲ့ အမေပါဆိုတော့ ဒီအတိုင်းလှည့်သွားတော့ တစ်မျိုးကြီးတော့ ဖြစ်သွားတာပေါ့၊ ခဏနေတာ့ အန်တီလဲ ပင်ပန်းပါတယ်၊ အပြင်မှာနားနေလိုက်ပါဆိုတော့ အပြင်မှာနေတယ်။ နေရင်းနဲ့ ငါ့သားလေးခန္ဓာကို အမေ့ရဲ့မေတ္တာကြောင့် သတိရပါစေ၊ သေမယ်လဲမထင်ဘူး၊ သတိမြန်မြန်ရပါစေပဲ ဆုတောင်းတယ်၊ ခဏနေတော့ကောင်းထက်ဇော်က အရီးနားကိုလာတယ် မျက်ရည်သုတ်တယ် ပြန်တယ်၊ ခဏနေလာပြီး မျက်ရည်သုတ်တယ် ပြန်သွားတယ်၊ အမှန်တကယ်က ဒါကိုဘယ်သူလက်မှတ်ထိုးမလဲ ၊ အရီးကိုလဲမပြောရဲ၊ အဖေလာတဲ့အချိန်မှ အဖေကလုပ်ပေးလိုက်တာ၊

နောက်နေ့ညကျတော့ ငါ့သားလေး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းတယ်၊ အရီးမျက်ရည်ကျ တဲ့အချိန်ဆိုသူမလာဘူး၊ သူ့အနံ့ကိုအရီးသိတယ်၊ အရီးအိပ်ပျော်ချိန်မှာ အမေမငိုပါနဲ့တော့ ညီ ကောင်းရာမွန်ရာမှာရှိပါတယ်တဲ့၊ အမေလုံးဝစိတ်မပူနဲ့တဲ့ အရီးလန့်နိုးသွားတယ်၊ လန့်နိုးတဲ့အချိန်မှာ အရီးရဲ့ဖုန်းတွေကိုသူတို့တွေသိမ်းထားကြတယ်၊ ဖုန်းကိုပြန်ရှာပြီး ဖွင့်လိုက်တော့ ဘာကိုတွေ့လဲဆိုတော့ ညီလေးငယ်ကို ကားပေါ်တင်တာတွေတွေ့လိုက်တယ်၊ အရီးဖုန်းကို ပစ်ချလိုက်တယ်၊ သူတို့ထားတဲ့နေရာမှာ ပြန်ထားလိုက်တယ်၊ နောက်နေ့ကျတော့ ဆရာတော်ဆီကစာလာတယ်၊ အမေကဆေးလဲသွင်းနေရပါတယ်၊ ထမင်းလဲမစားလို့ ညီ ကောင်းရာမွန်ရာမှာရှိပါတယ်ဆိုတာပြောပေးပါတဲ့၊ မိသားစုတစ်ခုလုံး ပူဆွေးသောကရောက်နေပါတယ်၊ ညီ ရွှေတိဂုံမှာတရားထိုင်နေပါတယ်၊ မိသားစုတွေ အနက်ရောင်တွေမ၀တ်ကြပါနဲ့ ကောင်းရာမွန်ရာရောက်နေလို့ သူ ပူလောင်ပါတယ်လို့ စာရေးပြီး ဆရာတော်ဆီကတဆင့် ပို့တယ်၊ ဒကာမကြီး ဒကာလေးမင်းသွေးအတွက် သူလဲ ခံစားရပါတယ်။ ဒါပေမယ့် မင်းသွေးကတရားပြသွားပြီ၊ နောက်ပြီးသေမယ့်ဟာကိုမသိပဲ သတ်ကွင်းအတွက် ပျော်ပျော်ပါးပါး လုပ်နေရတဲ့ဟာကို ကဗျာပုံစံရေးခိုင်းတယ်၊ ဆရာတော်က ၀စီပိတ်ကျင့်နေလို့ စာရေးပေးတယ်၊ သမီးရယ် ညီလေးငယ်(မင်းသွေး) က သူသေတာသူမသိဘူး၊ ဆရာတော်က သူ့ကိုချစ်တော့ မေတ္တာပို့လိုက်တဲ့အချိန်မှ ညီလေးငယ်သေတာသိလို့ အမျှအတန်းဝေလိုက်တဲ့အချိန်မှ သူသေတာသူသိသွားတာ၊ သူဘယ်ရောက်နေလဲဆိုတော့ ဘုန်းဘုန်းဆီမှာ သူတရားထိုင်နေတာ၊ သူသေတာသူမသိဘူးတဲ့၊ အမေပင်ပန်းလှပါပြီ မျက်ရည်မကျပါနဲ့ပြောတော့ ငါ့သား အသက် ၃၃ နှစ်ရှိတဲ့သူတစ်ယောက်က အမေမျက်ရည်ကျတာ ညီ မခံနိုင်လို့ပါဆိုတဲ့ဟာကို ငါဘာလို့မျက်ရည်ကျမှာလဲ၊ ငါ့သားလေးသေပြီး ရက်လည်မပြီးခင်မှာ ငါမျက်ရည်ကျလို့ အယူတိမ်းသွားရင် ငါပဲရင်ကျိုးရမှာပေါ့၊ ငါမျက်ရည်မကျဘူးဆိုပြီး အရီးကြိတ်မှိတ်ပြီး ခံစားခဲ့တယ်၊

ညီလေး(နေတိုး) က ဆုံးတဲ့နေ့က ဘာပြောလဲဆိုတော့ အမေ ညီလေးငယ်ကဒီအချိန်မှာဆုံးရမယ့် ဇာတာပါလာတယ်၊ အမေ့ရှေ့မှာကောင်းတာတွေ အများကြီးလုပ်ပြခဲ့တာပဲ အဲဒါလေးနဲ့ပဲ အမေဖြေသိမ့်လိုက်ပါ၊ နောက်ပြီး ညီလေးငယ်က စင်ကာပူမှာသေမယ်ဆိုလဲ မေမေဘာမှမတတ်နိုင်ဘူး၊ သူ့မှာအမေ့ရင်ခွင်မှာသေချင်လို့ပဲ အမေဆီကိုလာတာဆိုပြီး ဖြေသိမ့်တယ်၊ ဖြေသိမ့်တဲ့အချိန်မှာ အရီးကတော့ အားတင်းထားသေးတယ်၊ မယုံဘူး၊ သားလေး စင်ကာပူကိုသွားတယ်ပဲ မှတ်နေတယ်၊ လုံးဝကိုအရီးမယုံနိုင်ဘူး၊ ဒါပေမယ့်လဲ တဖြည်းဖြည်းနဲ့ အရီးကယုံကြည်ရမှာပဲလေ၊

အဲဒါကိုမှ မျှော်လင့်ချက်လေးထားပြီးတော့ ညီလေးငယ်ရေ အမေရောက်ပြီဆိုတဲ့ အသံလေးပဲပြောလိုက်ရတော့ အမေတစ်ယောက်ရဲ့ခံစားချက်၊ အသုဘချတဲ့နေ့က အကျည်းတန်ရုပ်ဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေတစ်ယောက်က သားတစ်ယောက်ရဲ့နောက်ဆုံးမျက်နှာလေးကို ၁၅ မိနစ်တောင်မကြည့်လိုက်ရဘူး၊ လူတွေတိုးတာ အရီးမခံနိုင်တော့ဘူး၊ သဂြိုဟ်ဖို့ယူတော့မယ်ဆိုတဲ့အချိန်မှာ အရီးလမ်းတ၀က်ပဲရောက်တယ်၊ နှာခေါင်းကလဲအသက်ရှုလို့မရတော့ဘူး၊ ပါးစပ်ကလဲအသက်ရှုလို့မရတော့ဘူး၊ အဲဒါကြောင့်အရီး အပြင်ထွက်သွားတာ၊ အရီးအပင်အောက်မှာထိုင်နေတဲ့အချိန် သမီးကအမေ့ကို ဓါတ်ပုံ မရိုက်ကြပါနဲ့လို့ပြောတယ်၊ ပြောလို့မရတဲ့အချိန်မှာ သမီးကငိုတယ်၊ ဖလက်ရှ်တွေဖွင့်ပြီး ရိုက်နေကြတာ၊ အရီးကဘာမှတ်လဲဆိုတော့ ငါ့သားလေးရဲ့နောက်ဆုံးမီးခိုးကိုကြည့်ပြီး အမျှအတန်းဝေချင်ပေမယ့် မီးခိုးကိုတောင် အစအဆုံး အရီးမမြင်လိုက်ရပါဘူး၊

အရီးပြောချင်တာက အကယ်ဒမီပွဲလဲမဟုတ်ဘူး၊ ဟိုဘက်ဒီဘက်ညှပ်ပြီး ပျော်ပွဲစားထွက်လာတာ လဲမဟုတ်ဘူး၊ အပျော်ခရီးသွားတာလဲ မဟုတ်ဘူး၊ ကိုယ့်ရင်ထဲကသားလေးကို ဂူသွင်းမယ့်အချိန်မှာတောင် ကိုယ်ချင်းမစာကြပဲ ဓါတ်ပုံတွေတဖျတ်ဖျတ်ရိုက်၊

လူတွေဆိုတာသေမယ့်အမျိုးတွေပဲ၊ အဲဒါကြောင့် အရီးက ကိုယ့်ကိုကိုယ်စဉ်းစားတယ်။ ငါ့သားလေးသေသွားတယ်၊ ငါတို့ရဲ့မိသားစုဘ၀ တယ်ဆိုးပါလား၊ ကိုယ့်မိသားစုပဲ တစ်နာရီဖြစ်ဖြစ် နှစ်နာရီဖြစ်ဖြစ် နောက်ဆုံးအနေနဲ့နေချင်တာပေါ့၊ ဒါပေမယ့် ကြည့်ခွင့်မရဘူး၊ ညီလေး(နေတိုး) ကလေ ကြိတ်မှိတ်ပြီးခံတယ်၊ သေတဲ့နေ့ကဆို အရီးကို ဟိုဘက်အပေါက်ကချောင်းကြည့်လိုက်၊ ဒီဘက်အပေါက်ကချောင်းကြည့်လိုက် အမေဆေးသွင်းပြီးပြီလား၊ အမေထမင်းစားပြီးပြီလား၊ ကိုယ်မျက်ရည်ကျလိုက်ရင် သူတို့တွေလဲ ခံစားရမယ်၊ သမီးလဲလုံးဝမျက်ရည်မကျရဘူးလို့၊ အမေပြောပြမယ်လို့ သမီးအစ်ကိုက ကောင်းရာမွန်ရာကိုရောက်လို့ ဒီလိုပြန်ပြောပြနိုင်တာလို့၊ အမေရယ် ဒီလိုနေပါ ဒီလိုပြုံးပါလို့ ဘယ်သူမှမပြောနိုင်ဘူးလို့၊

ဘုန်းဘုန်းတွေတရားဟောရင်ပါပါတယ်၊ အသုဘတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့၊ အသုဘဆိုတာ တရားရှုမှတ်ဖို့အတွက်သွားရတာပါ၊ သူများရဲ့အသုဘမှာ ဘုရားစာလေးရွတ်ပေးကြမယ်၊ တရားလေးမှတ်ပေးကြမယ်၊ အခုတော့ အဲဒီလိုမဟုတ်ဘူး၊ နောက်ပြီး အရီးတစ်ခုကြားသေးတယ်၊ ထိုင်းက ကောင်လေးတစ်ယောက်က မင်းတို့နိုင်ငံက မင်းသားတစ်ယောက် သေတာပျော်စရာကြီးပါလားဆိုပြီး မေးတာ အရီးပြန်ကြားရတယ်၊ သူပြန်ပြောစရာမရှိဘူးတဲ့၊ သမီးငိုတဲ့အချိန်မှာပြောခဲ့တယ်၊

မငိုနဲ့၊ မေမေမှာဆိုလဲ သားတစ်ယောက်ဆုံးရတယ်၊ သမီးလဲအစ်ကိုတစ်ယောက်ဆုံးတယ်၊ ဘာမှမပြောနဲ့၊ တကယ်လို့ မေမေတို့ဓါတ်ပုံကိုရိုက်ပြီး ရောင်းစားလို့ ပိုက်ဆံရမယ်ဆိုရင် ဒါ ညီလေးငယ်အတွက်ကုသိုလ်ပဲလို့ မှတ်လိုက်လို့အရီးပြောလိုက်တယ်၊

လူတိုင်းလူတိုင်းကမသေဘူးဆိုတာမရှိဘူး၊ အရီး ဘ၀မှာဒီလိုပထမဆုံးကြုံရတာ၊ နောက်လူတွေ အရီးတို့လို မကြုံရအောင် ဒုက္ခရောက်နေတဲ့ မိသားစုတွေ၊ သားသမီးပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် စိတ်အေးချမ်းသာစွာနဲ့ သဂြိုဟ်နိုင်အောင် ဘယ်သူနစ်နာပါစေလို့ဆိုပြီး အရီးပြောတာလဲမဟုတ်ပါဘူး၊ အရီးရဲ့ကိုယ်တွေ့ခံစားချက်လေးကို ပြောပြတာပါ၊

နောက်ဆုံးမှာ ညီလေးကိုလဲပြောပြခဲ့တယ်၊ သားရေ ဟိုမှာလာတဲ့သူတွေအများကြီး နှုတ်ဆက်လိုက်ပါဆိုတော့ သူက အံကြိတ်ပြီးနှုတ်ဆက်ခဲ့သေးတာ၊ အရီးကလဲ လက်ပြခဲ့ပါသေးတယ်၊ သူတို့ကထမင်းရှင်တွေလေ၊ လူဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုတာရှိတယ်လေ၊ နှစ်ဦးနှစ်ဖက်ကောင်းမှဖြစ်မှာလေ၊ ဘယ်လောက်ပဲအရီးတို့ကောင်းလဲ သူတို့တွေမကောင်းရင်အဆင်ပြေမှာမဟုတ်ဘူး၊ သူတို့ကောင်းလဲ အရီးတို့မကောင်းရင် အဆင်ပြေမှာမဟုတ်ဘူး၊ နောက်ဆုံးမှာ အရီးပြောချင်တာက ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးခရီးလေးကို ငြိမ်ငြိမ်သက်သက်လေးနဲ့ ကိုယ့်သားလေးကို နမ်းရှုံ့ပြီး နောက်ဆုံးအနေနဲ့ မြင်ခဲ့ချင်တာ၊ အိမ်ကသွားတဲ့စိတ်ကူးက ငါ့သားလေး နောက်ဆုံးခရီးကို အေးအေးဆေးဆေးလေး ဖြစ်စေချင်တယ်၊ အရီးတို့လို မခံစားရပါစေနဲ့လို့၊ ကိုယ်ချင်းစာစိတ်ထားကြပါလို့ ပြောချင်ပါတယ်” လို့ မင်းသွေးရဲ့ မိခင် ကပြောပြခဲ့တာဖြစ်ပါတယ်။
yangonlife

Photography by:
Khin Lay Myint

No comments:

Post a Comment