Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 19, 2018

ဒိုင်းခင်ခင် အပိုင်း(၁)


သီပေါမင်းသားသည် နေ့နှစ်ချက်တီးကျော်တွင် လွှတ်တော်မှစောစောပြန်လည် ကြွရောက် ကာ မယ်တော် လောင်းရှည်မိဖုရား၏ အိမ်တော်သို့ရောက်ရှိလာလေ၏။ သားမယ်တော် နှစ်ပါး စကားစမြည် ပြောကြရင်းမှ အတွင်းစကားများကိုပြောလိုသဖြင့် အနီးအပါးရှိ အပျိုတော်များကို ဖယ်ရှားလျက် သားမယ်တော် တီးတိုးစကား ဆက်ပြောဆိုနေကြရာ...
သားတော်။ ။"ဒါနှင့် မယ်ဖျား...သားတော်ထူးခြားတဲ့ အမိန့်တော်များနာခံစရာရှိပါလား" မယ်တော် ထူးခြားတဲ့ စကားတစ်ရပ်လို့ ဆိုကြပါဆို့ သားတော်ရယ်"
သားတော်။ ။ "မိန့်တော်မူပါဘုရား"

မယ်တော်။ "မယ်ဖျားလည်း မောင်ရင်ငယ်စဉ်က မောင့်ခမည်းတော် အမျက်တော်ရှိတုန်း စိတ်ပြေ လက်ပျောက်ဆိုသလို ၀တ်ကြောင်ကိုခေတ္တခွာလို့ သစ်ခေါက်ဆိုးဝတ်ရုံနှင့် လူ့ဘုံလောကီ စရိုက်ကို အခိုက် အတန့် ရှောင်ရှားပြီး တရားကျင့်သုံးနေတော်မူခဲ့တာဟာ သားတော်အတန်ကြီးမှ ပင် ရွှေနန်းတော်ကြီးနှင့် ပြန်ပြီး ဆက်သွယ်တော်မူခဲ့တယ်"
သားတော်။ ။ "စိတ်မချမ်းသာစရာကောင်းတဲ့နောက်ကြောင်းတွေ ပြန်ပြီးမိန့်တော် မူမနေပါနှင့် မယ်မယ်ဖျား။ သားတော်ကို မိန့်တော်မူလိုတဲ့ အချက်ကိုသာ ဆက်လက် မိန့်ကြားတော်မူပါ"
မယ်တော်။ ။"ကဲလေ... ဒါဖြင့်သားတော်နားမချမ်းသာမယ့်စကားကို မိန့်ကြာတော်မမူ လိုပါဘူး။ မယ်ဖျားအတွက် လောကဓံစက်လည်ခဲ့သလောက် ခံနိုင်ရည်ရှိခဲ့ပေတဲ့ သားတော်ကိုငဲ့လို့ တကယ့်ကို စိတ်မအေးနိုင်ခဲ့ဘူး။ သို့သော်... ယခုအခါမှာ သားတော်ရဲ့ ပညာပါရမီ ထူးချွန်မှုကြောင့် မျက်နှာပွင့်လန်း၊ ဂုဏ်ရည်လျှမ်းပြီး မင်းညီမင်းသားတို့ ထုံးတမ်းအလျောက် အဆောင်အယောင် အချီးအမြောက်နှင့် အရာရောက်ခဲ့တော့ မယ်တော်မှာ မုဒိတာစိတ်နှလုံးနဲ့ ပြုံးတော်မူရတဲ့ဘက်ကို ချိန်ခွင်လျှာ ထွက်ခဲ့ပြီ"

သားတော်။ ။"ခမည်းတော်ဘုရား၏ ကျေးဇူးသစ္စာကို ထောက်မျှော်တဲ့သားဖြစ်လို့ မယ်ဖျား စိတ်အေးအေးစံတော်မူပါ။ အရာရောက်၍ ဂုဏ်မောက်ပြီး ခြေထောက်မည့်သားတော် မဟုတ် ကြောင်းပါ"
မယ်တော်။ ။"နူးညံ့သိမ့်မွေ့တဲ့ သားတော်ရဲ့စိတ်ဓာတ်ကို မယ်ဖျားအကဲခတ်တော်မူမိ ပါတယ်။ သို့ရာတွင် ယခုလောလောဆယ် ကြားသိရတဲ့ကိစ္စကတော့ သားတော် ဆင်ဖြူမရှင်မမရဲ့ သမီးတော်စုလတ်နှင့် ဆက်သွယ် ရည်ငံတော်မူကြရုံမက တောင်ဥယျာဉ်တော်မှာ မကြာခဏ တွေ့ဆုံတော်မူကြတယ်ဆိုတဲ့ သတင်း ကြောင့် မေးစစ်တော် မူလိုရင်း ဖြစ်တယ်"
သားတော်။ ။"မယ်ဖျားကြားသိတော်မူတဲ့သတင်းအတိုင်း မှန်ပါသည်။ သည်ကိစ္စကို မယ်ဖျား ဘယ်လို သဘောတော်ရပါသလဲ၊ စုလတ်နှင့်တောင်ဥယျာဉ်တွင် တွေ့တော်မူကြတဲ့ကိစ္စမှာ အကျိုးအပြစ်ကို သားတော် မောင်သိရန် မယ်ဖျားကဝေဖန်မိန့်ကြားတော် မူပါဘုရား"

မယ်တော်။ ။"ဆင်ဖြူမရှင် မမတို့မှာ အထွတ်အထိပ်ရောက်အောင် ဘုန်းတန်ခိုး တောက်ပြောင် နေချိန်ဖြစ်လို့ အပြစ်ဆိုဖို့တော့မ၀ံ့ပါဘူး သားတော်ရယ်။ အမှီးကောင်း တစ်ချက်၊ အနေကောင်း တစ်သက် ဆိုတဲ့ စကားလည်းအရှိသားမို့ ဆင်ဖြူမရှင်မမတို့ကိုလည်း အားကိုးဖို့ တော့ကောင်းပါရဲ့။ သို့ပေမဲ့ တန်ခိုးသတ္တိကြီးမားတဲ့ သားတော်ကြီးတွေရဲ့ကြားမှာ မောင်ရင် နေတတ် ထိုင်တတ် အောင် အစွမ်းအစ မထွက် နေတော်မူဖို့ သတိထားရမှာပါပဲ။ မောင့်ကို သည်အခြေအထိ မြှောက်စား တော်မူထားတဲ့ ခမည်းတော် ဘုရားရဲ့ အလိုတော်ကျ နေတော်မူဖို့က လည်း သာလို့ပင် အရေးကြီး တယ်သားတော်"

သားတော်။ ။"မှန်လှပါတော့သည်။ ခမည်းတော်ဘုရား စိတ်တော်တိုင်းကျအောင် သားတော် တတ်သိ လိမ္မာသမျှ ကြိုးစားနေထိုင်တော်မူပါ့မယ်။ ဘယ်လိုကိစ္စမျိုးပင်ဖြစ်ဖြစ်၊ ခမည်းတော်ဘုရား မနှစ်သက်က တစ်ဆံချည် တစ်လက်မမျှ မကျူးလွန်မိစေရအောင် သားတော် ဂရုစိုက်၍ ရှောင်ကြဉ်ပါ့မယ် မယ်ဖျား"
မယ်တော်။ ။"သာဓု...သာဓု...သာဓု၊ သားလိမ္မာကိုမွေးရတဲ့ မယ်မယ်မှာအသက်ထက်ဆုံး စိတ်နှလုံး ချမ်းသာစွာ နေထိုင်တော်မူနိုင်ရန် မောင်ရင့်တာဝန်သာဖြစ်ပါတယ် မောင်ရင်ရယ်။ ဒါထက် စကားမစပ် မောင့်ခမည်းတော်ဘုရားလည်း လွန်ခဲ့တဲ့သုံးလေးရက်လောက်စပြီး အနည်းငယ် မအီမသာ ရှိနေလို့ အတွင်းတော်မှာ ညီလာခံသဘင်မရှိတဲ့အတွက် အတွင်းဝန်ကြီးများ အခစား မတက် ရသည်မှာ သုံးလေးရက် ကြာပြီဆိုပါကလား"

သားတော်။ ။"မှန်ပါသည်။ ဗြဲတိုက်တောင်မှ သံတော်ဆင့်များဆီက လွှတ်တော်ကြီးသို့ နှစ်ရက်၊ သုံးရက် ခန့်ရှိအောင် အမိန့်တော်မရောက်လာသဖြင့် ခမည်းတော်ဘုရား မအီမသာကျန်းမာ တော်မမူ ကြောင်း သိရပါသည်။ သို့ရာတွင် အပရိကအာဂန္တုဝေဒနာတော်ကလေးမျှသာ ဖြစ်တော်မူ သောကြောင့် စိုးရိမ်ဖွယ် မဟုတ်ကြောင်း သိရှိရပါသည် မယ်မယ်ဖျား"
မယ်တော်။ ။"အင်း... ဒီလိုဖြစ်လျှင် ကောင်းပါလေငဲ့၊ ကျေးဇူးရှင်ကြီး သက်တော်ရှည်မှ တိုင်းပြည် သာယာမယ် ရွှေမျက်နှာလွှဲတော်မူတာနှင့် တစ်ပြိုင်တည်း သားတော်ကြီးတွေ ထီးနန်းရလိုမှုကြောင့် ဗိုလ်လုပွဲ ခံကြတော့မှာ အမှန်ပဲ။ ဒီအချိန်မှာ တစ်နိုင်ငံလုံးဟာလည်း ဆန်ကောထဲမှာ လှိမ့်တဲ့ ဆီးဖြူဖန်းခါး ပမာ ကျွမ်းသန္တာ လန်ကုန်ကြရှာတော့မယ် မောင်ရင်"
ထိုအခိုက် တွင် လောင်းရှည်မိဖုရား၏ အပျိုတော်ခင်သက်သည် လျှောက်တင်ရန် ကိစ္စအရေး ကြီးသော အမူအရာနှင့် အိမ်တော်တံခါးဝ၎င်း၌ မကြာခဏရစ်သီရစ်သီပြုနေသည်ကို တွေ့တော်မူရသောကြောင့်...

"ဟဲ့... မယ်သက်၊ ဘာကိစ္စ တင်လျှောက်စရာရှိသလဲ၊ ၀င်ခဲ့လေကွယ်" လောင်းရှည် မိဖုရားက ခေါ်တော်မူသဖြင့် ခင်သက်အပါးသို့ ရောက်ခစားကာ...."ဘုရာ့ကျွန်မ ရွှေနန်းတော်ကြီး အနောက်ပိုင်းကို ယနေ့ ရောက်ခဲ့ရာတွင် ဘုန်းတော်ကြီးလှုသော ရွှေနန်းရှင်ဘုရား ယနေ့နံနက် ပွဲတော်တည်ပြီးမှ ဝေဒနာတော် ပြင်းထန်လာသဖြင့် သမားတော် ကြီးများနှင့် ဆင်ဖြူမရှင် အလယ်နန်းမတော်ဘုရား ကြပ်မတ် စောင့်် ရှောင်နေရကြောင်း ကြားသိရပါသည်ဘုရား"

လျှောက်တင်သောအခါ လောင်းရှည်မိဖုရားမှာ ရုတ်တရက် မျက်နှာညှိုးငယ်သွားကာ..." ကိုင်း... ခက်ချေပြီ မောင်ရင်၊ ယခုပင် သည်ကိစ္စကို ပူပင်လို့နေကြသေးသည်၊ ဘယ်လိုများ လုပ်ကြမည်လဲ။ မယ်ဖျားနှင့် မောင်ရင်တို့ မှန်နန်းဆောင်တော်ကြီးကို အခစားဝင်ကြမှ တော်မည်ထင်တယ်"
သောက မအေး ပူဆွေးစိုးရိမ်သော မျက်နှာဖြင့် သားတော်ကိုကြည့်၍ မိန့်တော်မူလိုက်ရာ သီပေါမင်းသား လည်း စဉ်းစားတော်မူနေပြီးမှ...
"မယ်ဖျား ထွက်တော်မူလိုက ဆင်ဖြူမရှင် အလယ်နန်းမတော်ဖုရားထံ အရင်သွားပြီးမှ ခမည်း တော်ဘုရား စံတော်မူရာကိုဝင်လျှင် အဆင်ပြေလိမ့်မည်လို့ သဘောရရှိပါတယ်။ သားတော်လည်း နောင်တော်ကြီး များ၏ အရိပ်အခြည်ကို အကဲခတ်ပြီးမှ ခမည်းတော်ထံ အခစားဝင်ရောက်ပါမယ် ဘုရား"

မယ်တော်။ ။"ကောင်းလှပြီ... သားတော်၊ ဒီကနေ့အချိန်မလှရင် နက်ဖြန်မှဝင်တော်မူမယ်။ ရွှေနန်းရှင်ဘုရား ကျန်းမာတော်မူစေရန် အဓိဌာန်ပုတီးများစိပ်၊ ပရိတ်မေတ္တာများ ပို့တော်မူရဦးမည်။ မောင်ရင်ပြန်လိုလျှင် ပြန်ပေရော့"
သားတော်။ ။"သားတော်လည်းအိမ်တော်ကို ရုတ်တရက်မပြန်သေးပါ။ နောင်တော်ကြီး များထံမှာ နန်းတော်ကြီများက သတင်းများ ဆွေးနွေးခံရန် သွားပါဦးမည် မယ်မယ်ဖုရား"
လောင်းရှည်မိဖုရားသည် သားတော် သီပေါမင်းသား ကန်တော့သည်ကို ဆုပေးလိုက်ပြီး ရှေ့ရေးနောက်ရေးတွေး၍ သောကမအေးဖွယ်ကိစ္စများနှင့် ဘုရင်မင်းတရားကြီးရောဂါ ဝေဒနာတော် သက်သာပျောက်ကင်း ကျန်းမာတော်မူစေခြင်းငှာ ပုတီးကိုနာနာစိပ်၍သာ နေတော်မူရှာလေ၏ ။

သီပေါမင်းသားသည် မယ်တော်လောင်းရှည်မိဖုရားအိမ်တော်မှ အပြန်တွင် နောင်တော် ကျပင်း ကိုယ်တော်ကြီး အိမ်တော်သို့ ၀င်ရန်ထွက်တော်မူခဲ့ရာ တံခါးနီးတော်၏ အပြင်လမ်းမ၌ ကတိုက် ကရိုက် ဖောင်းဝတ်ရောင်မြင်းကို ကြိမ်သွက်သွက်တို့ရင်း လိုက်လာသော မောင်မောင်တုတ်နှင့် တွေ့ဆုံမိလေ၏ ။
"အလို... မောင်တုတ်၊ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်၍ လိုက်လာသတုံး"

တုတ်။"သတင်းထူးသဖြင့် ညနေမစောင်းမီပင် ပြန်ခဲ့ကြောင်းပါ ကိုယ်တော်ဖျား၊ ဘယ်ဆီကို ကြွတော်မူ မည်လို့ပါလဲ ဘုရား"
မင်းသား။ "ငါလည်းနည်းနည်းပါးပါး အကြောင်းထူးများရှိမလားလို့ သိရအောင် နောင်တော် ကျပင်း ကိုယ်တော်ကြီး အိမ်တော်ကို ၀င်မလို့ ထွက်တော်မူခဲ့တယ်"
တုတ်။ "ကိုယ်တော်ဖျားသိတော်မူလိုတဲ့ သတင်းများကိုတစ်ပါးကျွန် စွန့်စွန့်စားစား ရွှေနားတော် အရောက် ဆက်ပါမည် ဘယ်ဆီကိုမှ ကြွတော်မမူပါနှင့်ဘုရား"
မင်းသား။ ။"သည်လိုဖြင့်... မောင်မင်းကြားသိခဲ့ရသည့် သတင်းကိုခုချက်ချင်းပင် လျှောက်စမ်း ပါဘိ"

မောင်မောင်တုတ်သည် အနီးရှိလက်သုံးတော်ကိုင်ထီးတော်မိုး လူပျိုတော်သား လေးငါးယောက် တို့အား မလှမ်းမကမ်းနေရာသို့ ခေတ္တဖယ်ရှားနေကြရန် မျက်ရိပ်ပြပြီး မင်းသားအနီးသို့ တိုးကပ် ကာ..
"ကိုယ်တော်ဖျား ရွှေနန်းရှင်ဖုရား မကျန်းမာတော်မူတဲ့ သတင်းကိုကြားသိတော်မူပြီး ဖြစ်ပါလိမ့် မယ်"
"ငါကြားတော်မူပြီးပြီပဲ၊ သို့ပေတဲ့ဝေဒနာတော် မသက်သာသေးလို့ သမားတော်ကြီးများနဲ့ ကုသခံ တော်မူနေရတယ်တဲ့"
တုတ်။ ။"ဒီကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးတဲ့သတင်းတစ်ခု ထပ်ပြီးကြားခဲ့ရပါတယ် ဘုရား။ ရွှေနန်းရှင်ဘုရား မကျန်းမာတော်မူတာကို နောင်ရေးအတွက်လည်း ဘုရားရှေ့တွင် ၀န်ကြီး၊ မှူးကြီးတွေနဲ့ မြို့စား၊ ရွာစား၊ အရာရှိများကို ခေါ်ယူစုဝေးပြီး သစ္စာတော်ပေးပါတယ်"
မင်းသား။ ။"အင်း...ဆိုစမ်းပါဦး။ ဘယ်လိုသစ္စာတော်ပေးသတဲ့လဲ"

တုတ်။ ။"သစ္စာတော်ပြန်တမ်းကို နာခံတော်နေမျိုးမင်းထင်စည်သူက ဖတ်ကြားလျှောက် (ငါ့ကိုယ်သာ အရှင်သခင်မှတ်ရမည်)ဆိုတဲ့ စကားအပြင် (ငါမှတစ်ပါး၊ ငါညွှန်ပြသူကိုသာ အရှင်မှတ်ရမယ်)ဆိုတဲ့ စကားတစ်လုံးတိုးလာပါသတဲ့ဘုရား"
မင်းသား။ ။"အဲဒါဟာထုးခြားတာပဲ မောင်ရယ်။ ဒီအတိုင်းဆိုတော့ ခမည်းတော်ရမယ်။ နောင်တော်ကြီးလေးငါးပါးရှိတဲ့အနက်က ဘယ်နောင်တော်လဲ မသိရသေးဘူး"
တုတ်။ ။"အဲသည်ဟာ ထူးခြားခြင်းတစ်ရပ်ပါပဲဘုရား။ အိမ်ရှေ့အရိုက်အရာရတဲ့တစ်ပါးက ကျေနပ်ပေတဲ့ကျန်တဲ့သားတော်ကြီး သုံးလေးပါးက ဓားရေးလှံရေးပြတော်မူရင် နိုင်ငံဆူပြီး သားဘုရား"
မင်းသား။ ။"တယ်ခက်တာပဲ။ သည်လိုကိစ္စကြီးမှာ ငါတို့ကဘယ်လိုနေရမလဲ၊ ကိုယ့်နောင်တော် ကြီးတွေရယ်လို့လည်း ရဲရဲမှမခေါ်ဝံ့၊ မပြောဝံ့ဖြစ်နေတယ်။ ဘယ်နောင်တော်က ဘယ်နေ့ အိမ်ရှေ့စံလို၊ ဘယ်နောင်တော်က ဘယ်နေ့ပုန်ကန်ကြမလဲ ဆိုတာကို ကြိုတင်ပြီး မသိနိုင်တော့ တကယ်လို့ အိမ်ရှေ့စံ ရမည့်သူနှင့် အပေါင်းအသင်း လုပ်မိရင်တော်လေရဲ့၊ ပုန်ကန်မယ့် သားတော်နဲ့ ပေါင်းမိရင်ကြံရာပါဆိုပြီး ရာဇ၀တ်မှုကြီးလာပတ်မှ ဒုက္ခနဲ့ရင်ဆိုင်တိုး နေရဦးမယ် မောင်မောင်တုတ်ရဲ့"

တုတ်။ ။"မုချအန္တရာယ်များမည့် ကိစ္စပါဘုရား၊ ဒီတော့ဘယ်နောင်တော်ဘုရားထံမှလည်း ကြွသွား တော်မမူပါနဲ့၊ ကြားတော်မူလိုတဲ့ သတင်းများကိုလည်း ဘုရားကျွန်တော်မျိုးက နှိုက်နှိုက် ချွတ်ချွတ် စုံစမ်းထောက်လှမ်းလို့ လျှောက်တင်ပါမယ်"
မင်းသား။ ။"ကောင်းပြီ...ကောင်းပြီ။ ဒါနှင့် မောင်မောင်တုတ်ရဲ့။ ယခုရွှေနန်းတော်တွင်းက အရေးကိစ္စများကိုလည်း စုထားတို့မယ်တော်ဆင်ဖြူမရှင်ဖုရားသာ အရေးပါအရာရောက်တော်မူ နေသူဖြစ်လို့ သူကလွဲပြီး ဘယ်နည်းနှင့်မှ ပိုသိနိုင်မည့်သူ မရှိဘူးထင်တယ်"
တုတ်။ ။"မိန့်တော်မူတဲ့အတိုင်း မှန်လှပါသည်။ ဆင်ဖြူမရှင်ဖုရား၏အဆောင်တော်မှာ ကျွန်တော် မျိုးနှင့် အဆက်အသွယ် မကင်းသူအပျိုတော်ကလေးနှစ်ဦး သုံးဦးးရှိနေတဲ့အတွက် သိလိုသော အချက်ကို ခက်ခဲမှု မရှိသိရှိရမည် ဖြစ်ကြောင်းပါဘုရား"

မင်းသား။ ။"ကိုင်း...ဒါဖြင့်စိတ်အေးတော်မူပြီ။ သည်ကပင် အိမ်တော်သို့လှည့်၍ ပြန်ကြစို့ မောင်မင်း"
မိန့်တော်မူကာ ပါလာရင်း အခြွေအရံများနှင့်အတူ အိမ်တော်ဘက်သို့ ခရီးဆက်ခဲ့လေ၏ ။
"မေဖုရား...ကြည့်ပါဦးဗျ။ ခင်ကြီးတို့အစ်ကိုယူလာတဲ့ ရွှေချူလုံးတွေ အရင်တစ်ခါပေးတဲ့ ရွှေဟင်္သာရုပ်ကလေးမျိုးတွေရော ရွှေခြင်္သေ့ကလေးတွေလည်း ပါသေးတယ်ဗျ"
ဝမ်းသာအားရပြောပြီး ဒိုင်းဝန်ကတော်ကြီးအနီးသို့ ရောက်လာသော ခင်ခင်ကြီးသည် ပိုးလွယ်အိတ်ငယ်အတွင်းမှ ပါသမျှမှောက်သွန်ပြရင်း အလွန်အမင်း အူမြူးကျေနပ်လျက် ရှိလေ၏ ။
"သမီးက များများကြီးမျှော်သလော် သမီးအစ်ကိုကလည်း သမီးနှစ်သက်တဲ့ အရုပ်တွေ အများကြီးယူလာခဲ့မဟုတ်လား။ ဒါနဲ့များအစ်ကိုက လိမ်သွားသလေး ဘာလေးနဲ့ မဲ့မဲ့ လုပ်နေရသေးတယ်။ မောင်မောင်ရေ... လာစမ်းပါဦးကွဲ့၊ မောင့်နှမပြောတာတွေ တိုင်ရဦး မယ်"

ဝန်ကတော်ကြီးက သမီးနှင့်သားကို တစ်ဆက်တည်းလှမ်း၍ ပြောလိုက်သည်တွင် ခင်ခင်ကြီး နောက်မှ ထပ်ကြပ် မကွာ ပါ၍လာသော မောင်မောင်ငယ်လည်း ၀န်ကတော်ကြီး အနီးတွင် ထိုင်လိုက်ကာ...
"အလို... ခင်အကြီးကဘယ်လိုများ ပြောနေပါလိမ့်မေဖုရား"
မေးသဖြင့် ၀န်ကတော်ကြီးက...
"မောင်မောင်က ချက်ချင်းပြန်လာမယ်ဆိုပြီး မလာဘူးလိမ်သွားတယ်တဲ့၊ အဲဒါ တမဲ့မဲ့နှင့်ပေါ့။ တစ်နေ့ကမှ သူ့ဘဘဘုရားက မောင်မောင်နဲ့တွေ့ခဲ့တယ်၊ သူ့မင်းသားဆီမှာ အလုပ်များလို့ မလာနိုင်သေးတဲ့အကြောင်း ပြောလိုက်တယ်ဆိုမှ နားအေးတော့သည် မောင်မောင်ရဲ့

ငယ်။ '' ကဲ …. ဟုတ်ကဲ့လား ခင် ၊ ခင်က အစ်ကိုကို မကောင်းထင်နေတာကိုး ''
ကြီး ။ ''အစ်ကိုက မြန်မြန်ပြန်လာခဲ့မယ်ဆိုပြီး မလာတော့ ခင်ကြီးက သိပ်မျှော်နေရတာကိုး အစ်ကိုရဲ့''
ငယ်။ '' ခင်အကြီးက အစ်ကိုကို မျှော်သည်ထက် အစ်ကို ယူလာမည့် အရုပ်တွေကို မျှော်သည် ထင်ပါရဲ့''
ကြီး။ '' ဟုတ်ပါဘူး အစ်ကိုကလည်း၊ ခင်ကြီး အစ်ကို့ကို ချစ်၍ မျှော်ပါသည်။ အရုပ်ကိုလည်း လိုချင် တာပါပဲ။ ဒါနှင့် အစ်ကို ဒီတစ်ခါ အရုပ်တွေ အများကြီးပါလာတယ်နော်။ အစ်ကိုက သိပ်လိမ္မာတာပဲ။ ခင်ကြီးက ဒါကြောင့်မို့ အစ်ကို့ကို ချစ်တာပေါ့''

ငယ်။ '' အမယ်လေး …. ခင်ကြီးရယ် ၊ အစ်ကို့ကို လိမ္မာတယ်လို့များ ချီးမွမ်းလိုက်သေး''
ကြီး။ '' နို့ …. အစ်ကိုက မလိမ္မာလို့လား''
ငယ် ။ '' မှန်ပါတယ်ဗျာ၊ လိမ္မာပါတယ်၊ လိမ္မာပါတယ်တဲ့''
ဝန်ကတော်ကြီးသည် သားနှင့်သမီး အချေအတင် ပြောနေကြသည်ကို ပြုံးကြည့်နေရာမှ..
''သမီးရဲ့ ကိုယ့်ထက်ကြီးသူကို ဒီလို မပြောရဘူးကွဲ့''
ဆိုရာ ခင်ခင်ကြီးက အယူခံတက်သော မျက်နှာဖြင့်….

'' အို …. မေဖျားကလည်း ခင်အကြီးက အစ်ကို့ကို ချီးမွမ်းတဲ့ဥစ္စာကိုပါ။ ဒီလို မပြောရရင် ဘယ်လိုပြောရပါမည်တုံး ဘုရား''
ငယ်။ '' ပြောပါစေ … မေဖုရားရယ်၊ ကိုင်း …. ကိုင်း… ဟုတ်ပါတယ်၊ အစ်ကို့ကို ချီးမွမ်းတာပဲ''
ကြီး။ '' ဒါနဲ့ အစ်ကို ဒီရွှေချူလုံးတွေ၊ အရုပ်တွေများများကြီး အစ်ကို ဘယ်ကရခဲ့ပါသလဲ''
ငယ်။ '' အစ်ကိုတို့သခင် သီပေါကိုယ်တော်မြတ်က သနားတော်မူလိုက်တာ''
ကြီး။ '' အို… အစ်ကို့ သီပေါကိုယ်တော်မြတ်ကလည်း သိပ်လိမ္မာတာပဲနော်။ ဒါတွေကို အစ်ကိုက မတောင်းဘဲနဲ့ ပေးလိုက်သည်လား အစ်ကိုရယ်''
ငယ်။ '' (ရယ်မောလျက်) '' ဟောဗျာ … သီပေါ ကိုယ်တော်မြတ်ပါ လိမ္မာရပြန်ပြီ။ မတောင်းဘဲနဲ့ ပေးလိုက်သည်တဲ့ဗျား''
ကြီး။ '' အဲဒါကြောင့် အစ်ကိုတို့ မင်းသားကလည်း လိမ္မာတယ်လို့ ခင်အကြီးက ပြောတာပေါ့။ ဒါနဲ့ နေပါဦး အစ်ကိုရယ်၊ အစ်ကိုတို့ သီပေါမင်းသားမှာ ဒီအရုပ်ကလေးမျိုးတွေ အများကြီးရှိလို့ အစ်ကို့ကို ပေးနိုင်တာ ပေါ့နော်''

ငယ်။ '' အများကြီးရှိလို့ သနားတော်မူလိုက်တာပေါ့ ခင်ရဲ့''
ကြီး။ '' အစ်ကိုတို့ မင်းသားက ဒီအရုပ်ကလေးတွေနဲ့ ကစားပါသလား''
ငယ်။ '' ဟာ… သီပေါကိုယ်တော်မြတ်က ကလေးမှမဟုတ်ဘဲ၊ ဘယ်မှာ ကစားမလဲ ခင်ရဲ့''
ကြီး။ '' ဟင်… မကစားဘဲနဲ့များဖြင့် ဒီအရုပ်တွေ သူ့ဆီမှာ ဘောက်မဲ့ထားရသည်တုန်း အစ်ကိုရယ်''
ငယ်။ ''သီပေါကိုယ်တော် ပထမပြန်တော်မူတုန်းက ရွှေနန်းရှင်ဘုရားကလည်း ဆုတော် သနားတယ်၊ ဆွေတော် မျိုးတော် အားလုံးကလည်း လက်ဆောင်တော်ပေးကြတယ်။ မြို့ထဲက သူဌေးကြီး သူကြွယ်ကြီး တွေကလည်း အောင်ဆုတွေ ဝိုင်း၍ ဆက်ကြသည် ခင်ရဲ့။ ဒါကြောင့် အများကြီး ရှိတာပေါ့ ''
ဝန်ကတော်ကြီးမှာ အမေးအစစ် ထူလှသော ခင်ခင်ကြီးကို ပြုံးပြုံးကြီး ကြည့်နေရာမှ…
''ကိုင်း.. မောင်မောင် ခင်အကြီးမေးသမျှ ဒီကနေ့ ဖြေဆိုလို့ ဆုံးနိုင်ပါ့မလား မသိ။ ဒါနှင့် ယခုတစ်ခေါက် မောင်မောင် လာခဲ့သည်မှာ အရင်တစ်ခါလို မြန်မြန်ပြန်စရာ ကိစ္စများပါလာသေး သည်လား"
ကြားဖြတ်၍ မေးလိုက်မှ ခင်ခင်ကြီး၏ မေးစစ်ချက် ရပ်နားသွားတော့သည်။

ငယ်။ "ဒီတစ်ကြိမ်မှာဖြင့် ကိစ္စပါ၍ မလာပါ။ အိမ်ပြန်၍ ခေတ္တနားလိုပါကြောင်း ခွင့်တောင်းတဲ့ အတွက် သီတင်းလေးငါးပါတ်လောက် နေခွင့်ရခဲ့ပါတယ် မေဖုရား"
ဝန်ကတော်။ "သည့်နှယ်ဖြင့် ဒီတစ်ခေါက် မောင်မောင် အေးအေးဆေးဆေး နေခွင့်ရပေတော့ မယ်။ မောင့် ဘဘဘုရားကလည်း သားကလေးရက်ကြကြာ နေရတယ်ဆိုရင် ၀မ်းသာရှာမှာပဲ"
ကြီး။ "အို…ဘဘဘုရား ၀မ်းသာတာထက် ခင်ကြီးက သာပြီးဝမ်းသာတာပေါ့ မေဖုရားရဲ့။ ဒီတစ်ခါ အစ်ကိုကြာကြာကြီးနေရရင် ခင်ကြီးသွားချင်တဲ့နေရာတွေကို အစ်ကို အားလုံးစုံအောင် လိုက်ပို့ ရမှာနော်…နော် အစ်ကို"

ငယ်။ "ပို့ပါမယ်ဗျာ၊ စိတ်သာချပါ။ ခင်အကြီး သွားချင်တဲ့နေရာတွေဟာ စီကာစဉ်ကာ ပြောထားပါ ဘိ"
ကြီး။ "ခင်ကြီးသွားလိုတဲ့ နေရာတွေကို အစ်ကို တကယ်လိုက်ပို့ရမယ်နော်။ ခင်ကြီးသွားချင်တာ လေ၊ ရန်ကင်းတောင်ကိုလည်း သွားချင်ပါတယ်။ မန္တလေးတောင်ဗျာဒိတ်ပေး ကိုယ်တော်ကြီးကို လည်း သွားဖူး လိုပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးကိုလည်း သွားဖူးချင်ပါတယ်။ ပြီးတော့ အစ်ကို မပြန်သေးဘူးဆိုရင် ရွှေကြက်ယက် ဘုရားနဲ့ စစ်ကိုင်းဘက်က ကောင်းမှုတော်ဘုရားကိုလည်း လိုက်ပို့ပါ။ မဟာနန္ဒာ ကန်တော်နဲ့ အောင်ပင်လယ်ကိုတော့ ရန်ကင်းတောင်ဘုရားကို သွားရင်းနဲ့ ၀င်ကြည့်နိုင်တာပ အစ်ကို ရယ်"
ဝန်ကတော်ကြီးပြုံးလျက် "ခင်ကြီး သွားချင်တာတွေက များပါဘိတယ်။ ဒီလိုဆိုရင် နွားနှစ်ရှဉ်း လောက် ထပ်ပြင် ထားမှ ဖြစ်လိမ့်မယ်"
ကြီး။ "ဟင်…မေဖုရားကလည်း၊ ခင်ကြီးသွားတာ မကြိုက်တော်မူလို့ ပြောတာပါလား"

ဝန်ကတော်။ "ကြိုက်ပါတယ်တော်၊ ငါ့သမီး ပျော်ပျော်ပါးပါး သွားချင်သလောက် သွားရအောင်လို့ နွား တစ်ရှည်း ထပ်ပြီး ပြင်ထားပေးမလို့ပါ"
ထိုသို့ ပြောဆိုနေကြစဉ် ဒိုင်းဝန်မင်းအပြင်မှ ပြန်ရောက်လာသောကြောင့်…
"ဟော…မောင့်ဘဘဘုရားပြန်လာပြီ"
ဝန်ကတော်ကြီးက ပြောလိုက်သဖြင့် မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့လည်း ဒိုင်းဝန်မင်းကို ထွက်၍ ကြိုဆို ကြလေ၏။ ဒိုင်းဝန်မင်းသည် မောင်မောင်ငယ်အား…
"အလို…မောင်မောင် ရောက်နေသကိုး"

နှုတ်ဆက်လျှင် ခင်ခင်ကြီးက အားရ၀မ်းသာ သွက်လက်စွာဖြင့်…
"ဘဘဘုရား…အစ်ကို ဒီတစ်ခါ၊ ကြာကြာနေရအောင် လာခဲ့ပါသည်တဲ့ ဘုရား၊ ခင်ကြီးကိုလည်း ဘုရားတွေ လည်ဖူးရအောင် ပို့မယ်တဲ့ဘုရား"
ပြောလျှင် ဒိုင်းဝန်မင်းကလည်း ခေါင်းကြီး တညိတ်ညိတ်နှင့် ပြုံးကာ…
"အင်း…အင်း၊ ကောင်းပါလေ…ကောင်းပါလေ့။ လာတဲ့အခါ အဲဒီလို ကြာကြာနေခွင့်ရလျှင် ပျော် ပျော်ပါးပါး လည်ကြ ပတ်ကြတာပေါ့"

ပြောရင်း ၀န်ကတော်ကြီး အိပ်ရာဆီသို့ သားအဖ သုံးဦးလုံးပင် ၀င်လာကြလေ၏။ ဒိုင်းဝန်မင်း သည် ၀န်ကတော်ကြီးအနီးတွင် ထိုင်မိသောအခါ ယနေ့ ဒိုင်းဝန်မင်း၏ ဖခင်ဖြစ်သူ ခမ်းပတ်မင်း ကြီးထံသို့ ရောက်ခဲ့ကြောင်း၊ ရွှေနန်းတော်ကြီးမှ ဘ၀ရှင်မင်းတရား မကျန်းမာတော်မူသော သတင်း၊ ၀ါခေါင်လဆန်း ၁၂ရက်နေ့က မှူးကြီးမယ်ရာ သေနာပတိများကို ရွှေနန်းတော်ဦးတွင် သစ္စာတော်ပေးခံရသည့် သတင်းများကို ခမ်းပတ်မင်းကြီးမှတစ်ဆင့် စကားကြားသိရသမျှ ပြန် လည်ပြောကြားသောကြောင့် မိသား တစ်စုလုံး စိတ်ဝင်စားစွာ နားထောင်နေကြလေသတည်း။
မှန်နန်းတော်အလယ် ဘမရာသနပလ္လင်တော် တည်ရှိရာ အဆောင်တော်သည် မင်းတုန်းမင်း တရားကြီးဘုရားစံတော်မူသော အဆောင်တော်ဖြစ်ရာ ကျန်းမာတော်မမူစဉ် အခိုက်ဖြစ်၍ ဆိတ် ငြိမ်လျက် ရှိလေ၏။ နန်းတော်သူ၊ နန်းတော်သား၊ မိဖုရား၊ မောင်းမမိဿံ အပေါင်းတို့မှာ ရောဂါ တော်၏ အရိပ်အခြည်ကို သိလိုကြသဖြင့် ဆေးတော်များဆက်သော သမားတော်ကြီးများကို ကိုး စားသော မျက်နှာဖြင့် ၀ိုင်းအုံနေကြလေ၏။

ဆောင်ရ၊ နန်းရ မိဖုရားများစွာတို့တွင် ဆင်ဖြူမရှင် အလယ်နန်းမတော်ဖုရားသည် မိဖုရားခေါင် ကြီး၏ အခွင့်အရေးကို ရ၍ မင်းတရားကြီးမှလွဲလျှင် ရွှေနန်းတော်ကြီး တစ်ဝန်းလုံးက သြဇာတော် ညောင်းကြရသည်ဖြစ်ရာ ဘုရင်မင်းမြတ် မမာတော်မူရာ ကိစ္စတွင်လည်း သမားတော်ကြီးများ၊ အတွင်း ၀န်ကြီးများနှင့် ညှိနှိုင်းဆွေးနွေးလျက် အခွင့်အရေးရှိသမျှ စေ့စေ့ငှငှ စိမံခန့်ခွဲနေရလေ သည်။ အတွင်း ၀န်ကြီးများနှင့် လွတ်တော်ဝန်ကြီးများမှာလည်း ဆွေးနွေးနှီးနှောဖွယ်ရာ ကိစ္စရှိလာ လျှင် ဆင်ဖြူမရှင် အလယ် နန်းမတော်မိဖုရားထံသို့သာ ဦးတည်ရောက်လာကြရတော့၏။

မှန်နန်းဆောင်တော်ကြီးနှင့် ဗောင်းတော်ဆောင်အကူး မှန်နန်းနေဆောင်တော်တွင် ဆင်ဖြူမရှင် အလယ်နန်းမိဖုရားသည် လွတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များနှင့် အရေးကြီးသောစကားများကို တီးတိုး တိုင်ပင်လျက်ရှိရာ ကိုယ်လုပ်တော် မောင်းမများနှင့် အပျိုတော်များမှာ အနီးအပါးသို့ အခေါ်တော် မရှိဘဲ မသိဝံ့အော် ခပ်လှမ်းလှမ်း၌ ကြောက်ရွံ့စွာ ကုပ်၍နေကြရှာလေ၏။
ဆင်ဖြူမရှငိမိဖုရား။ "ရွှေနန်းရှင်ဘုရားရဲ့ ဝေဒနာတော်ဟာ အပရိကနှင့် သက်သာတော်မူလာမယ် ထင်ခဲ့သလောက် အထင်နှင့် အမြင် မှန်းခြေဖြင့် မပေါက်ကြတော့ဘူး မင်းကြီးတို့ရဲ့"
ကင်းဝန်မင်းကြီး ဦးကောင်း။ "သက်တော်ကလည်း ရင့်၊ ဝေဒနာတော်ကလည်း ရင့်သဖြင့် မျှော် လင့်ချက် နည်းခဲ့ပေါ့ဘုရား"

ရွှေပြည်မင်းကြီး ဦးတိုးလှိုင်။ "၀ါခေါင်လက မမာတော်မူခဲ့သည်မှာ ယခုတော်သလင်းလပြည့်သို့ တိုင်ပါပြီ။ တစ်ဆေးမကောင်း တစ်ဆေးပြောင်းပြီး သမားတော်အပေါင်းမှာ ကြိုးကြိုးပမ်းပမ်း လက် စွမ်းကုန် ဆေးတော် များဆက်လျက်ပင်ဖြစ်၍ ကျွန်တော်မျိုးများ ကံကောင်းထောက်လျှင် ပျောက် ကင်း ကျန်းမာလာတော်မူစရာ ရှိပါသေးကြောင်း"
တိုင်တားမင်းကြီး ဦးဖိုး။ "လောကီဗေဒင် ကိန်းခန်းအရ ဇီဝိတာဒါန ယတြာဓာတ်ရိုက်စသော ဘုရားကု သမားကု များလည်း ကျွန်တော်မျိုးတို့နှင့်တကွ ဆောင်ရ နန်းရ မိဖုရားမောင်းမငယ် မကျန် ထက်သန်စွာ ကိုယ်တော် စား ပြုနေကြကြောင်းပါဘုရား"

မိဖုရား။ "မှန်ပါတယ်၊ ကျွန်မနှင့်တကွ သမီးတော်များမှာလည်း မနားမနေရအောင်ပင် ရွှေနန်းရှင် ဘုရား သက်တော်ရှည်စေကြောင်း ဆုမွန်တောင်းပြီး ကုသိုလ်တော်များ ရည်စူးပြုလုပ်လျက်ပါပဲ။ သို့သော်လည်း သင်္ခါရသဘောကို အမြဲစိတ်စောရမယ်၊ အနိစ္စသဘောတရားအတိုင်း ဖြစ်ကြပျက် ကြရမှာကို ပူဆွေးဒုက္ခရောက်ရုံနှင့် မပြီးသေးဘူး။ မင်းကြီးတို့ ကျွန်မတို့မှာ ပြည်ကြီးပခုံး၊ ပြည် ကြီးလက်ရုံးဆိုတဲ့ ပုဂ္ဂိုလ် အစားထဲမှာ ပါဝင်နေကြတာကိုလည်း သတိထားကြရမည့် ၀တ္တရား ရှိ သေးတယ်"

ကင်းဝန်မင်းကြီး။ "မှန်လှပါ၊ တိုင်းပြည် အေးချမ်းသာယာအောင် ထိန်းသိမ်းရမည့် တာဝန်ဝတ္တရား ကြီးဟာ ကျွန်တော်မျိုးများ ဦးခေါင်းပေါ်သို့ မကြာမတင် ကျရောက်တော့မည် ထင်ပါသည်"
မိဖုရား။ "ခမည်းတော် နတ်ရွာစံလျှင် သားတော်အိမ်ရှေ့စံက ထီးမွေနန်းမွေကို ဆက်ခံကြစမြဲ ထုံး တမ်းစဉ်လာ ရှိခဲ့တယ်။ ယခုတော့ ရွှေနန်းရှင်ဘုရားမှာ ညီတော်အိမ်ရှေ့မင်း မြင်းကွန်းစားလက် ချက်နှင့် ကံတော် ကုန်ပြီးကတည်းက ယနေ့တိုင်အောင် အိမ်ရှေ့အရိုက်အရာ ပေးအပ်ခန့်ထား ခြင်းမရှိသေး တဲ့အတွက် ကျွန်မတို့ အခက်အခဲကြီးတစ်ခုကို ရှေးဦးစွာ ရင်ဆိုင်ကြရလိမ့်မယ်"
ရွှေပြည်မင်းကြီး။ "သည်အတိုင်းသာ ဘ၀ရှင်ဘုရား နတ်ပြည်စံခဲ့ရင် မတင်မကျဖြစ်နေတဲ့ ထီးမွေ နန်းမွေကို သားတော်တွေက လက်ရုံးအားကိုးနဲ့ စစ်ထိုးပြီးလုမှဖြင့် တစ်နိုင်ငံလုံး စစ်တလင်းကြီး ဖြစ်ကုန်ပါတော့မယ်။ အိမ်ရှေ့အရိုက်အရာ နှင်းတော်မူဖို့ရာ အမိန့်တော်ခံရမှာကလည်း မမာ တော်မူနေတဲ့အခိုက်ဆိုတော့ မသင့်လျော်အောင် ဖြစ်နေပြန်တယ်"

ကင်းဝန်မင်းကြီး။ "မပြောမပြီး မတီးမမြည်ဆိုတဲ့ စ

No comments:

Post a Comment