Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 15, 2018

(မောင်ထင်၏ "ငဘ" ဇာတ်သိမ်းပိုင်း


(မောင်ထင်၏ "ငဘ" ဇာတ်သိမ်းပိုင်းမှ ကူးသည်။)

ငဘကား ဘာမှမပြော။ သမက်နှင့် သမီးကိုခေါ်၍ အိမ်ထောင်ပစ္စည်းများကို အသယ်ခိုင်းသည်။ ပြီးလျှင် ငွေစက္ကူလွယ်အိပ်ကြီးကို ဖြေ၍ အိမ်ရှေ့ တလင်းပြင်၌ ပုံချသည်။

မိဖော့က "ဒါ ဘာလုပ်တာလဲ" ဟုမေးသည်။ သူ့လင် ရူးများရူးလာပြီလားဟု အောင့်မေ့သည်။

ငဘက စက္ကူမှ အပတ်များကိုခွာ၍ စက္ကူရွက်များကို တစ်ရွက်စီတစ်ရွက်စီ နေအောင် ဖွသည်။ အောက်က ကနစိုငုတ် တစ်စနှစ်စခံထားသည်။

ငါးထောင်ဖိုးမျှသော စက္ကူတို့ကို ယင်းသို့ တလင်းထဲ၌ ပုံပြီးသော် မီးဖိုချောင်ထဲမှ မီးရဲရဲနှင့် မြင်းကသား ထင်းကို ယူလာပြီးလျှင် သင်္ဂြိုလ်သမှု ပြုလေ၏။

မိဖော့က ရင်ဘတ်စည်တီးဖြင့် "မိနီတို့၊ ချက်ကြီးတို့ လာပါဦးဟဲ့ သည်တစ်ခါတော့ နင်တို့အဖေ ရူးပါပကောဟဲ့" ဟု အသံကုန် အလန့်တကြား အော်လိုက်သည်။

ချက်ကြီး၊ မိနီနှင့် ကလေးများ ဝိုင်းအုံလာကြသည်။ လှုပ်လှုပ်ရွရွသံကြား၍ ဟော်ရီးတို့ လူစုလည်း ပြေးလာသည်။ သာအိနှင့် မြတ်မွှေးတို့လည်း ဝိုင်းလာကြသည်။

မိဖော့က "အရပ်ကတို့၊ လုပ်ကြပါဦး။ ကျုပ်လင်တော့ ဆေးမိလာပလား မပြောတတ်ဘူး" ဟု ဆိုပြန်၏။

ချက်ကြီးက "အမေ မငိုနဲ့၊ မငိုနဲ့၊ အဖေလုပ်တာ ဒီတစ်ခါ နည်းလမ်းကျတယ်။ ကျွန်တော်လဲ အမေ့ မပြောအားသေးလို့ဘဲ ဂျပန်စက္ကူတွေဟာ မသုံးရတော့ဘူး။ အင်္ဂလိပ်က ကြေညာပြီးပြီ" ဟုဆို၏။

ထိုအခါတွင် မိဖော့လည်း ထမိန်စွန်တောင်ဆွဲ၍ မီးပုံနားသို့ လွှားကနဲကပ်ပြီးလျှင် ငဘ ရှို့ထားသော စက္ကူပုံကြီးကို ဝါးခြမ်းပြားနှင့် ဖွပေးရင်း တဖျစ်တောက်တောက်နှင့် ရေရွတ်လေသည်။

မီးပုံကြီးမှ အထက်သို့ လက်ခုပ်တစ်ဖောင်စာ လောက်နီးနီး တရှိန်ထိုးတက်ပြီးမှ ပြန်ကျသွားလေသည်။ ကလေးများက အားရဝမ်းသာ လက်ခုပ်တီး ကြသည်။ ဟော်ရီးနှင့် အူရိယာ ကုလားတစ်စုက "ဂျပန် တွေအားလုံး ဒီလို မာလက တွားတယ်နော်။ ကန်းတယ်ရှိတယ်" ဟု ချီးကျူးသည်။ သာအိနှင့် မြတ်မွှေး တို့ကလည်း မီးပုံရှေ့တွင် ဝိုင်းဖွဲ့၍ မဟာမိတ် နိပွန်တို့ သူတို့ ငွေစက္ကူများ လောင်စာသင့်သလို သင့်ကြပါစေရန် ဆုမွန်ကောင်း တောင်းကြသည်။

ငဘက မီးပုံကိုကြည့်ရင်း ဝမ်းသာဝမ်းနည်း မျက်နှာထား တစ်မျိုးဖြင့် တွေနေသည်။ ထို့နောက် လက်သီးကို ဆုပ်၍ ညာဘက်ကို ဘေးသို့တန်းပြီးလျှင် တံတောင်ဆစ်ကို ထောင့်မှန်ကျအောင် ချိုးလိုက်သည်။ ခြေဖနောင့်နှင့် မြေကို ဆောင့်သေးသည်။ ငဘသာလျှင် ဘုရားလောင်း ဖြစ်ဘိမူကား ဤမဟာပထဝီ မြေကြီးသည် ထိုဒဏ်ကို မခံရပ်နိုင်သောကြောင့် ငလျှင်လှုပ်မိ ပေလိမ့်မည်။

"သခင်မျိုးဟေ့ တို့ဗမာ အရေးတော်ပုံ အောင်ပြီ" ဟု ငဘက အသံကုန် အော်ဟစ်လိုက်လေသည်။ ကွင်းနောက်ဖက် တောတန်းကလေးက ငဘအော်သလို လိုက်၍အော်သည်။

ငဘက အခုကဲ့သို့ အော်ကြည့်ပြန်တော့လည်း အော်၍ အရသာရှိသားပဲ။ မိမိက တိုင်သံပေးသည်ကို တောတန်းကလေးက ဖောက်လိုက်သည်မှာလည်း နားထောင်၍ အကောင်းသားပဲ။

သိုသော် သူ ဘယ်အရေးတော်ပုံကို အောင်လိုက်ပါလိမ့်ဟု စဉ်းစားကြည့်မိသည်။

သူ့ရှေ့က မီးပုံကလေးမှာ ပြာကျသွားပြီးလျှင် မွဲသည်ထက်မွဲ၍ လာလေသည်။

အရှင်ကြီး သခင်ကြီးတို့ အားကိုးနှင့် ငဘ ဆောက်တည်လာခဲ့သော ငဘ၏နောင်ရေးမှာလည်း ငဘရှေ့က မီးပုံကလေးထဲတွင် ပါ၍သွားလေသည်။

မောင်ထင်

No comments:

Post a Comment