Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 20, 2018

Sunday Club ၌ ထွက်ကျသွားသော CP အတွေးစများ


= ၁ =
ဘောင်းဘီ ဇစ်ကို ခပ်တင်းတင်းပြန်ဆွဲတင်ပြီး အိမ်သာကနေ စားပွဲဆီ အားတင်းပြီး ပြန်လျှောက်လာတယ်။ အားတင်းတယ် ဆိုတာက တညနေလုံး သောက်ခဲ့တဲ့ ခေါင်ရည်ကြောင့် ခြေလှမ်း မမှန်ချင်တော့ပေမယ့် သောက်လက်စ ခွက်ကို ဖြတ်ဖို့ ရယ်ကြောင့်ပါ ။
“အား ….. ဆောရီး …. အယ်ကိုတို့”
ဘေးဝိုင်းကို ဝင်တိုက်မိလို့ ပြုံးပြပြီး တောင်းပန်လိုက်တယ်။ သောက်ရေးထဲ အာကလေးနေပြန်ပြီး ၊ ဘယ်ကောင်ကမြင်းပြီး စခဲ့တဲ့ စကားမှန်းမသိပေမယ့် ဖေ့ဘုတ်ပေါ်လူသုံးများနေတဲ့ “အယ်ကို” ဆိုတဲ့ တန်းမြှင့်မြန်မာဝေါဟာရ က အကျင့်ပါပြီး ထွက်သွားသေးတယ်။
ဟာ … သူတို့က ရပါတယ် ညေးးးး တဲ့ .. ။ အိုကေ … မလျော့သောဇွဲနဲ့ ကိုယ့်စာပွဲကို ဆက်လျှောက်….. ပြန်ရောက်ခဲ့ ပြီ။ ဆိုင်ရဲ့ အစွန်ဆုံးစားပွဲမှာ ကိုယ် တယောက်ထဲ လိပ်ပြာ ပါမလာသလို ငူငူငိုင်ငိုင်ထိုင်နေခဲ့တာ နှစ်ပြန်ကြော် ရခါစ ၂ နာရီ လောက် ကတည်းကလေ …။ သီချင်းလေးနားထောင်ရင် ပိုဖီလ်းမယ် တွေးပြီး လက်ကိုင်ဖုန်းလေးထုတ်ပြီးဖွင့်တယ် ကယားတို့ဌာနီ ငွေတောင်ပြည်သား အောင်ထက်ရဲ့ အသံ ခုန်ထွက်လာတယ် …. “ဟေး …. မိတ်ဆွေ …….၊ ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီး ဒုက္ခ ..သုခ ပေါင်းစုံနေ …” အိုး ….. မဖြစ် သေးပါဘူး ဆိုင်ထဲမှာ လူအများနဲ့ သီချင်းဖွင့်ရင် မကောင်းရော့ ဘူး…။ ပြန်ပိတ်ပြီး ဟိုငေး ဒီငေး …. အဲ့တော့မှ ဘာကြောင့်မှန်း မသိ ဆွေးသလိုလို ဖြစ်လာပါရော ။
ဗျာ…. ဟုတ်ကဲ့ ၊ ထိုင်ပါ ထိုင်ပါ၊ မရှိဘူး ကျနော် တယောက်ထဲပါ ထိုင်လို့ရပါတယ်။ …. ဟာဗျာ ရပါတယ် အဲ့လို မလည်းမဟုတ်ပါဘူး ကျနော်လည်း ပျင်းနေတာပါ။ ဟုတ်ကဲ့ ….. ဟုတ်ပါတယ် … ။
ဗျာ ….သည်ဆိုင်မှာ ဘာကောင်းလဲ ဟုတ်လား၊ ဆရာ ရပ်ဝေးကလားဗျ ကယားပြည်နယ် နဲ့ အနီးတဝိုက်ကလူတွေ တိုင်း ဒီဆိုင်အကြောင်း ကောင်းကောင်းသိကြပါတယ်။
သြော်…. ဆောရီးးးးးး ၊ ဧည့်သည်ကိုး အာ့ကြောင့် မသိတာ။ လွိုင်ကော်ရဲ့ အထင်ကရထဲမှာ ဒီဆိုင်ပါတယ်ဗျ … ။ သြော် ဟိုတယ်က ညွန်းလိုက်တာလား ၊ ဟုတ်တယ် အထင်ကရလူသိများတယ် ဟုတ်တယ် အင်း ဒါကြောင့် ဆရာ့ကို ဒီဆိုင်သွားဖို့ ညွန်းလိုက်တာဖြစ်ပါလိမ့်မယ်။ ရပါတယ် ကြည့် မှာ ပေးလိုက်မယ်။
ဟေ့ ….. ညီမလေး ….. စပ်ကြား တစ်ခွက်၊ မြန်မာတစ်ဘူး၊ ငါးရှည့်ဆေးခါးတစ်ပွဲ၊ ဝက်အူချောင်း ကြော တစ်ပွဲ … နော် …. ။
ဗျာ … သြော် စပ်ကြားဆိုတာ ခေါင်ရည်ပဲ ခဗျ၊ ခေါင်ကျရည် ကို ခေါင်ပူနဲ့ ပြန်စပ်ထားလို့ စပ်ကြားလို့ခေါ်တာပါ။ ဗျာ … ခေါင်ကျရည်ဆိုတာ ခေါင်ရည်အစစ်ဖြစ်ပြီး အပြင်းဆုံးဗျ၊ အပြင်းမသောက်နိုင်တဲ့သူတွေအတွက် ရေနွေးခပ်များများရော လိုက်ရင် ခေါင်ပူဆိုပြီး ခပ်ပေါ့ပေါ့လေးလည်း ရှိတယ်။ ဆရာက ဧည့်သည်ဆိုတော့ အပြင်းလည်း သောက်လို့အဆင်ပြေမပြေ မသိသေးဘူး ခေါင်ပူဆိုလည်း ပျော့နေမှာတော့သေချာတယ်၊ ဒါကြောင့် ခေါင်ကျရည်အပြင်း ကို ခေါင်ပူ နဲ့ အရသာမပြင်း မပျော့လေးဖြစ်အောင် ပြန်စပ်ထားတဲ့ စပ်ကြားကို မှာပေးလိုက် တာပါ။
ဗျာ ၊…. ၊ ဟုတ်တယ် ခေါင်ရည်လို့ပြောရင် ကျရည်၊ စပ်ကြား၊ ခေါင်ပူ ဆိုပြီး ဒီအရပ်မှာတော့ သုံးမျိုးတည်းဖြတ် သုံးဆောင်ကြသဗျ။ အေးဗျာ ကျရည်ကို အပူလုပ် အပူကို ကျရည်နဲ့ပြန်စပ် ဖော်မြူလာနဲ့တကွ ပြောလိုက်တာ ဆရာ နားရှုပ်သွားတာပေါ့ ။ ဟုတ်တယ်ဗျို့ …. ခေါင်ဆိုတာ မသောက် ခင်ကတည်းက နာမည်တွေနဲ့တင် ခေါင်လည်သွားစေတဲ့ ဂုဏ် သတ္တိရှိတယ်၊ အဲ့လို ခေါင်းကြိုလည်မှလည်း ခေါင်သောက်ခြင်း အနှစ်သာရ ကို ရတယ်လို့ မှတ်ဗျာ …. ။
ကျနော်သောက်နေတဲ့ဟာလား ကျရည်ဗျ၊ မြည်းကြည့် မလား၊ အော် သူများခွက် မသောက်တတ်လို့လား ရပါတယ် ။ နိုး … နိုး…. ဘီယာလည်း ဆရာအတွက်ပဲ မှာတာပါ ကျနော့်အ တွက် မဟုတ်ပါဘူး။
ဒီလိုလေး ကျရည်ကို ရေနွေးနဲ့ ရောထားတဲ့ ခေါင်ပူ နဲ့ ကျရည်ကို ပြန်စပ်ထားတဲ့ စပ်ကြားခေါင်ရည်ကို ဒီအတိုင်း သောက်ရင်လည်း အူစိမ်းဆိုတော့ အခန့်မသင့်ဝမ်းပျက်တတ် တယ်ဗျ၊ ဒါကြောင့် လူတိုင်းသောက်နေကျ ဘီယာလေးနဲ့ရော ပြီး သောက်ရင် ပိုအဆင်ပြေတယ်။ အရသာလား ဟာ ဘာပြော ကောင်းမလဲ တမူထူးတဲ့ ရောစပ်မှုတခုပေါ့ဗျာ ..။
ဟိုး ထား ဆရာ ခနလေး ၊ ဆရာ့မေးခွန်း ကို မဖြေခင် တကျိုက်လောက် မော့လိုက်အုံးမယ်…။ အိုကေ ရပြီ ၊ ပြန်မေး လို့ရပြီ ….။
ငါးရှည့်ဆေးခါးလား ၊ သြော် ငါးရှည့် ကို ဆန်လှော် ဟင်းရည်လိုမျိုးထဲ မွနေအောင်ထည့်ချက်ထားတာ၊ ပန်းခါးမှုန့် လည်း ထည့်လိုက်တော့ ငါးရှည့်ဆေးခါး လို့ ဖြစ်သွားတာပေါ့။ ဟဲဟဲ ထင်သားပဲ ကိုယ့်ဆရာ မစားဖူးမှန်းသိလို့ မှာပေးလိုက် တာပေါ့ဗျာ ။
တခုတော့ရှိတယ် …. ဝက်အူချေင်းကြော် အကြောင်း တော့ မမေးနဲ့နော် အာ့မှ မသိရင် ခဗျာင်္းကို ထ ရိုက်မိလိမ့်မယ်။ ဒီပြည်နယ်က နာမည်ကြီး အမယ်ကိုမှ မသိရင် စော်ကားတယ် လို့ မှတ်ရမယ်။ …. ဗျာ … သြော် ဟုတ်ပြီး ကြားဖူးတယ်၊ စား လည်းစားဖူးတယ်ဆိုတော့ ဟန်ကျတာပေါ့ … ဟီးဟီး။
သြော် ဟုတ်သားပဲ ခဗျာင်္းတောင် ခေါင်နဲ့ ဘီယာ စပ် ပြီးပြီပဲ ကဲဗျာ ချီးယား …… ။ ဘယ်လိုလဲ အရသာက …. အဲ့လို ပဲ ခေါင်စဝင်တဲ့အရသာက …. လေချဉ်တက်ချင်သလိုလိုဖြစ် လား ဟုတ်ပြီ လေချဉ်တက်တဲ့အချိန် ခေါင်းကိုပါ နည်းနည်း လိုက်ခါလိုက် အဲ့ဒါလည်း ခေါင်းသောက်ခြင်း အတတ်ပညာရဲ့ အခြေခံတစ်ခုပဲဗျ …။
ဟ ဟား ….. ရှိတာမှ သိပ်ရှိတာပေါ့ ဆရာရဲ့ ၊ ခေါင်မှာ လည်း သူ့စနစ်နဲ့သူ သောက်တတ်မှ အထာကျတာဗျ ။ ရိုးရာ ဆိုပေမယ့် ဘီယာနဲ့ရောလိုက်လို့ ခေါင်အရသာတော့ မပျောက် ပါဘူး ဆရာရဲ့ မပူပါနဲ့ ။ တကယ်တော့ ဘီယာဆိုတာ ဥရောပ သားတွေရဲ့ ခေါင် ပါပဲ၊ ခေါင်ဆိုတာ ကျနော်တို့ ဘိုးဘွားတွေရဲ့ ဘီယာ ပါပဲ ။ တိုက်ကြီးနှစ်တိုက်ရဲ့ ဘိုးဘွားလက်ရာတွေကို ကျနော်တို့ခေတ်မှာ ပေါင်းစပ်ပြီး ယဉ်ကျေးမှုစပ်ယှက်ခြင်းကို ဖန်တီးတွေ့ရှိသွားတဲ့သဘောပါပဲ ဟဲဟဲ….။
ကဲလာဗျာ နောက်တခေါက်လောက် ခွက်တိုက်ကြပြီး ဘိုးဘွားတွေကို ဂုဏ်ပြုကြစို့ ချီးယား …. ။
ဟာဗျာ … ပေါက်ပေါက်ရှာရှာတွေးတာမဟုတ်ပါဘူး ခေါင်သောက်မှသာ ခုလိုတွေးမိတာတာပါ။ အတွေးအခေါ်မြင့် တင်ဖို့ ခေါင်သောက်ကြပါစို့ လို့ ဆောင်ပုဒ်တောင် တယောက် ယောက်က ရေးသင့်ပါပြီ ။
အိုး … မေ့နေလိုက်တာ ကျနော် နာမည် မေဂျာဂျူနီယာ ပါ။ ဆရာက အလည်လာတာပေါ့ …. ဟုတ်ကဲ့ ဆုံရတာ ဝမ်းသာတယ်ဗျို့… ချီးယား…. ။
ညီမလေး…. ခေါင် နောက်ထပ် နှစ်ခွက်……. ။
- ၂ -
လွိုင်ကော် အကြောင်း သိချင်တာလား ကျနော်မရှင်းပြ တတ်ဘူးဗျ ။ ဆရာသိချင်ရင်တော့ ကယားပြည်နယ်သတင်း များဆုံစည်းရာ ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာကို ဝင်ဖတ်ကြည့်ဗျို့။
----------- ဟဲဟဲ များရမယ်လေ၊ ဆဲဆိုနေတဲ့ပိုစ့်တွေ ၊ ဒီနေ့က စနေနေ့ အားလပ်ရက်ဆိုတော့ လိုင်းပေါ်တက်စွာကြ တဲ့သူတွေ ခါတိုင်းနေ့ထက် ပိုများတယ်။ အိုး …. မဟုတ်ပါဘူး ၊ အခြားရက်တွေလည်း သိပ်မကွာပါဘူး တက်ဆဲနေကြတာပါပဲ ။
ဟိုး …. ရပြီ ဆရာ ဆက်မမေးနဲ့၊ ဆက်လည်း မဖြေရဲ ဘူး။ အဲ့အကြောင်းတွေ ။ ဘာလို့ ကန့်ကွက်ကြပြီး ကန့်ကွက်တဲ့ သူတွေကို ဘာကြောင့် ဆဲနေကြလဲဆိုတာ ။
ကဲပါ ဆရာရယ် ခေါင်ပဲ ထပ်သောက်ကြပါစို့၊ ---------------။ ဟေ့ …. ညီမလေး ခေါင် နှစ်ခွက် … ပေးအုံး …..။
အေ့ … ဟ ဆရာ လေချဉ်တက်ရင် ခေါင်းနည်းနည်း ခါ ပေးအုံးလေ …. ။ အိုကေ … ချီးယား ဗျာ ….။
- ၃ -
ဟာ…. မလုပ်ပါနဲ့ ကျနော် ဆရာ့ကို နောက်နေ့ ဘုရား တွေလိုက်ပို့ဖို့ မဖြစ်နိုင်ပါဘူး။ တောင်ကွဲစေတီ ကို တက္ကစီခေါ် ပြီး သွားရင်မြို့ထဲမှာပဲဆိုတော့ ရောက်ပါတယ်။
ဗျာ …. မနက် က ရောက်သွားပြီလား…။ ………… ဒါပေါ့ ကျနော်တို့မြို့ရဲ့ ကျက်သရေဆောင် ဘုရားပုထိုးပဲဟာ သပ္ပါယ်မှာပေါ့။ ဟုတ်တယ် ကွဲနေတဲ့ ကျောက်တုံးကြီးမှာ တည်ထားတာ…. အာ့ကြောင့်မို့ တောင်ကွဲစေတီ လို့ခေါ်တာပေါ့ဗျ….။
ဘာတဲ့….၊ ဦးထွန်းထွန်းဟိန် ဆိုလား ပါတီတစ်ခုက လူကြီး လွိုင်ကော်မှာ ရုံးဖွင့်ပွဲမိန့်ခွန်းမှာတောင် ပြောသွားသေး တယ်၊……. လွိုင်ကော်ဟာ ဘုရားလည်း တောင်ကွဲစေတီဆိုက တည်းက ကွဲတယ်၊ မြို့လည်ကို ဘီလူးချောင်းစီးသွားလို့ ချောင်း ရဲ့ တောင်နဲ့မြောက်ဆိုပြီး မြို့နှစ်ခြမ်းကွဲတယ်၊ ငါတို့ပါတီလည်း နှစ်ခြမ်းကွဲတာ မဆန်းပါဘူး …. တဲ့။
ကျနော်တို့ဆို ဂုဏ်ယူပစ် လိုက်တာပဲ ။
ဟက် ဟက် ဟက် …….၊ တကယ်ပါဗျာ ….။ ခဗျာင်္းက လည်း ဒါက ဝမ်းနည်းစရာမှမဟုတ်တာ။
လျှပ်စစ်ထွက်တယ်ဗျာ၊ ခဲထွက်တယ်ဗျာ၊ ကျွန်းထွက် တယ် ဘာ့လောက် ဂုဏ်ယူစရာကောင်းတဲ့ ပြည်နယ်လဲ…. ခဗျာင်္းပါ ဒီပြည်နယ်သား၊ ဒီမြို့သား ဖြစ်ချင်နေပြီလား….။
“ချီးယား…… ဗျာ”
မီးလား ၊ မြို့ပေါ်တွေရတယ်လေ၊ ခဗျာင်္းကို ဘယ်သူ ပြောတုန်း မီးမရဘူးဆိုတာ …. အလကား လျှောက်ပြောကြတာ ပါဗျာ။ လမ်းမကြီးဘေး ရွာတွေလည်း မီးရတာ နှစ်နှစ်လောက် ရှိနေပါပြီ။ ……… ကျန်တာကတော့ မလိုပါဘူး၊ မီးပေးလည်း ဘာနဲ့သုံးကြမှာတုန်း အဲ့ ရွာသားတွေက….။
“ဟေ့ …. ညီမလေး ခေါင် နှစ်ခွက် အေ့….”
- ၄ -
အိုး…… သစ်က နိုင်ငံတော် ဘဏ္ဍာအတွက်ပဲဥစ္စာ ကျနော်တို့နဲ့ ဘာဆိုင်လို့ မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက် သံယံဇာတအားလုံးကို နိုင်ငံတော်က ပိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းပြီးသားဟာ အဲ့အတိုင်းပဲဖြစ်ရမှာပေါ့ ။
ဟေ့…. ဘာရီ တာတုန်း၊
ပြည်ထောင်စုစိတ်ဓါတ်ရှိရင် ဒါလက်ကိုခံရမှာပဲ။
ဟာဗျာ …… ခဗျာင်္းကလည်း လုပ်ပြီ၊ ပြည်ထောင်စုဆို မှတော့ နိုင်ငံတော်အစိုးရက အကုန်စီမံမှပေါ့ဗျ။
မဟုတ်ဘူးလေ ….. ဆိုဗီယက်ပြည်ထောင်စုလည်း ဒီလိုပဲ လုပ်ကြတာပဲ မဟုတ်လား။ …… ဒါပေါ့ဗျာ ခဗျာင်္းပြန်ပြော တာမှန်တယ် နိုင်ငံတော်အစိုးရက သင့်တော်တယ်ထင်လို့ ကိုယ့်ဒေသကို ပြန်ပေးလာတဲ့ဟာတွေ ရှိသားပဲဟာ…။
ဆိုဗီယက်ပြည်ထောင်စုမှာဆို သူတို့ခေါင်းဆောင် စပါကလင် ပုံတွေအများကြီး လိုက်ဆောက်ပေးတယ်။ ဗျာ … လီနင်လား…. စပါကလင်လားလို့။ သြော် ဟုတ်သား စတာလင် နဲ့မှားနေတာ…။
ဟ …. ခုနတုန်းက ခဗျာင်္းမေးတဲ့ဟာ…. အဲ့ဒါပဲ။
မဟုတ်ဘူးလေး….၊ ခုနက ခဗျာင်္းပဲ ဖေ့ဘုတ်မှာ ကန့်ကွက်တယ်၊ ထောက်ခံတယ် ၊ ဆဲတယ် ဆိုတဲ့ဟာလေ… ခဗျာင်္းမေးတယ်လေး……။ အေး….. ဟုတ်တယ် …. မှတ်မိပြီလား။
ဟုတ်တယ်….. ဒီမှာလည်း လီနင်ပုံကို ဆိုဗီယက် ပြည်ထောင်စုအနှံ့မှာ တည်ထားသလို ကြေးရုပ်တစ်ခုတည်ဖို့ လုပ်နေကြတယ်။
ဘယ်သူဖြစ်ရမှာတုန်းဗျ …. ကျနော်တို့ ပြည်နယ် အကြီးအကဲ က လိုအပ်တယ်ထင်လို့ သူကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော်နေတာ။…… ဗျာ ခဗျာင်္းသူ့ကို မသိဘူး လား။ မြန်မာပြည်ထောင်စုရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုက အကြီး အကဲ ၁၄ ယောက်ထဲမှာ အတော်ဆုံးတယောက်လေ….။
ဗျာ….. ဟုတ်ပါ့မလား ၊ ဟုတ်လား …..။
ကျန်တဲ့ အကြီးအကဲ ၁၃ ယောက်လုံးတောင် မသိ သေးဘူး၊ ကျနော်တို့ အကြီးအကဲက ဒီပြည်နယ်ဟာ ဖက်ဒရယ် ရနေပြီလို့ မိန့်ခွန်းမှာ ထည့်ပြောလိုက်ပြီ။ ဒီပြည်နယ် နဲ့ ဒီနိုင်ငံ ဟာ ဖက်ဒရယ်ဖြစ်နေပြီဆိုတာ သူပြောလို့ ကျနော်တို့လည်း သိလာရတာ….။ ကျော်တို့ ပြည်နယ်သားများဆို သူ့အတွေး အခေါ်ကို ဂုဏ်ယူနေကြတာ။
ဒါ … ကျနော်တို့ မြို့၊ ကျနော်တို့ ပြည်နယ်ရဲ့ သက်ရှိ ရတနာပဲ…။
သူ့ဘုန်းဂုဏ်တော်ကြောင့် မကြာခင်လည်း ကျော်တို့မြို့မှာ ကြေးရုပ်တုကြီးတစ်ခု ရလာတော့မယ်တဲ့….။
ဟုတ်ပဗျာ…. ဟုတ်ပ ….၊ ခဗျာင်္းပြောတာမှန်တယ်။
ကန့်ကွက်တယ် ဆိုတဲ့သူတွေဆိုတာ ဒို့အကြီးအကဲရဲ့ ဘုန်းဂုဏ်တော် နဲ့ ရွှေဥာဏ်တော်ကို အထင်လွှဲမှားပြီး ကန့်ကွက် နေကြတာလေ…။ ရွာသားတွေပါဗျာ …. စာမတတ် ကြဘူးထင်တယ်။
ဗျာ…. ဘယ်တုန်းကတုန်း ….။ ဘယ်တုန်းက ပြိုကွဲ သွားတာလဲ။ ခဗျာင်္းဘာတွေပြောနေတာလဲ ဆိုဗီယက်ပြည် ထောင်စုကြီး ဘယ်တုန်းက ပြိုကွဲသွားတာလဲ ….။
ဟေ့….. ညီမလေး ခေါင် ပေးပါအုံး……။
ဟုတ်ကဲ့… ကြည့်တယ်လေ လေးနှစ်မှတခါပဲဟာ ကမ္ဘာ့ဖလား ကို ကြည့်တာပေါ့။….. ဟုတ်တယ် မနက်ဖြန် ဗိုလ်လုပွဲ ကြည့်အုံးမှာ….။ အေး… ဖိုင်နယ်ကန်မယ့် ပြင်သစ် ဆိုတာ ဒို့ဘုရင်တွေခေတ်တုန်းက ဒင်္ဂါးသွန်းဖို့ ပညာသူတို့ကို ပေးလိုက်တဲ့ တိုင်းပြည်မဟုတ်လား။
ဗျာ….. ပြင်သစ်နဲ့ ကန်မယ့် ခရိုအေးရှား ဆိုတဲ့နိုင်ငံက ဆိုဗီယက်ပြည်ထောင်စုပြိုကွဲလို့ သီးသန့်နိုင်ငံအဖြစ်ခွဲထွက်လာ တဲ့ နိုင်ငံတစ်ခု ဟုတ်လား….။ ဟုတ်ရဲ့လားဗျာ ….။
အမ် …. သူတို့နိုင်ခဲ့တဲ့ ရုရှားက ဆိုဗီယက်ပြည်ထောင် စုရဲ့ ပြည်မကြီးတဲ့လား…။ ဘယ်လို… ဘယ်လို လူ ၄ သန်း လောက်ပဲရှိတယ်။ ဟီးဟီး ခဗျာင်္းမဟုတ်တာတွေ ပြောနေပြန်ပြီ စာတွေမသင်ခဲ့ရဘူးထင်တယ်။ ကျနော်တို့ ပြည်နယ်က ရွာသား တွေလို ဖြစ်နေပြီ…..။
ဟာဗျာ… အပြင်မှာ တကယ် ဘယ်လောက်ပြိုကွဲပြိုကွဲ ကျနော်တို့ကျောင်းစာမှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီ လို့ မသင်မချင်း ဆိုဗီယက်မပြိုကွဲဘူး။ ဘုရားစူးမိုးကြိုးပစ် ….။
ဟေ့လူ ဟုတ်မှလည်း လုပ်ပါဗျာ လီနင်ရုပ်တုတွေကို ပြည်သူတွေ ဖြိုချပစ်ကုန်ပြီ ဟုတ်လား။ ဟာဗျာ မဟုတ်တာ ..။
ဒီမှာ အခုမှ ရုပ်တုတွေ တည်ဖို့လုပ်နေတာ၊ ဒီပြည်နယ် က တိုင်းရင်းသားဆိုတဲ့ဟာတွေ ကန့်ကွက်နေကြလို့ စိတ်မအေး ရတဲ့အထဲ ခဗျာင်္းပြောမှ သူများဆီမှာ ပြည်သူတွေက ဆောက် ပြီးသားရုပ်တုကို ဖြိုချရတယ်လို့…..။ လခွမ်း….။
အာ့ကြောင့်ပြောတာ ကျော်တို့ အကြီးအကဲက အတွေးအခေါ်ကောင်းတယ်လို့ အာ့လို ကန့်ကွက်တဲ့သူတွေကို တိတ်သွားအောင်၊ တရားစွဲထောင်ချပစ်လိုက်ပြီ ….
….. အာလေလုယာ…..။
အိုး …. ရှိသေးတယ် ၊ ခဗျာင်္းသိလား ရုပ်တုဆောက်ဖို့ ထောက်ခံကြောင်းလေး လက်မှတ်ထိုးခိုင်းတာလည်း ရပ်ကွက် မူးတွေကို ခိုင်းထားလိုက်ပြီဗျ၊ ပိုင်လိုက်တာ…..။ ဆိုဗီယက် ပြည့်ရှင် ငါတို့ အကြီးအကဲကို ကောင်းချီးပေးတော်မူပါ…..။
အိုး…. ထောက်ခံခံ မထောက်ခံခံဗျာ အမိန့်ပဲ အားလုံး ထောက်ခံကြောင်း လက်မှတ်ထိုးရမှာပေါ့။ ကိုယ့်အကြီးအကဲ ခိုင်းတာ အားလုံးလိုက်လုပ်ရမယ် ဒါ ဒီမိုကရေစီပဲ။ ဖက်ဒရယ် လည်း ရနေပြီး အပေါ်ကခိုင်းရင် ပြည်သူတွေ လုပ်ကိုလုပ်ရ မယ်။
ဟာ ပြောရင်း ကြည်နူးလာလိုက်တာ လာဗျာ… ချီးယား…..။ ဟေ့…. ညီမလေးရေ ခေါင် ထည့်ပေးအုံး….။
ဟေ့လူ….၊ ခဗျာင်္းဘာစကားပြောတာလည်း ….။
ဌာနေတိုင်းရင်းသားတွေ ကန့်ကွက်ရင် မလုပ်သင့်ဘူးဟုတ်လား လုပ်တော့ဘာဖြစ်လဲ၊ ခဗျာင်္း နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲလိုက်ရမလား ငါးရာငါး ဆိုတာ ကြားဖူးလား ဟင်းဟင်း။
ဘာ……။
ထောက်ခံကြောင်းလက်မှတ် ဘာမှ နည်းစရာမရှိဘူး၊ တပြည် နယ်လုံးကို အတင်းကောက်မှာ၊ မထောက်ခံမနေရ အမိန့်နဲ့ကို လုပ်နေပြီ၊ အေး တကယ်လို့ နည်းရင်လည်း ….. အဲ … တကယ်လို့ နည်းရင်လည်း……
ဟာ သိပြီ၊ …..
ဟိုမှာ ဆိုင်နံရံမှာ ချိတ်ထားတာ တွေ့လား၊ ဒီဆိုင်ရဲ့ မူလဆိုင်းဘုတ်ဟောင်း တွေ့လား…..။
အေး ဟုတ်တယ် ဟို သစ်သားပြားတစ်ခု … ဟုတ်တယ်။ အေးအဲ့မှာ အပြာရောင် မှင်တွေတွေ့လား….။ ဟုတ်တယ် အဲ့ဒါ ရိုးရိုးမှင်ပေတာမဟုတ်ဘူး…. မြန်မာပြည်ရဲ့ နာမည်အကြီးဆုံး အိုင်ရိုးခရော့ အဖွဲ့က လူတွေ အမှတ်တရ လက်မှတ်ထိုးထားတာ……။
တကယ်လို့ ကျော်တို့ ထောက်ခံလက်မှတ်နည်းခဲ့ရင် အဲ့သစ်သားပြားကိုပါ စာရင်းထဲထည့်လိုက်မယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ချစ်စမ်းမောင် အိုး နာမည်ကြီးတွေတောင် ထောက်ခံ တယ်လို့ လုပ်ရမယ် ။ အိုး လုပ်ကိုလုပ်မယ်ကွာ….. ။
ဟေ့ ….ရော့…. ချီးယား……။
ဘာ….. ခဗျာင်္းဘယ်လိုတွေးပြီး ပြောလိုက်တာလဲ၊ လူတကာရှုတ်ချခံရမယ်ဟုတ်လား….။ အခုလည်း လူတကာ ရှုတ်ချကန့်ကွက်နေကြတာပဲ။ ဒါပေမယ့် ဒီရုပ်တုဆောက်ပြီးရင် ကျနော်တို့ ပြည်နယ်ကလူတွေအားလုံး ပြည်ထောင်စုစိတ်ဓါတ် တွေ တဖွားဖွား ရရှိလာတော့မှာလေ….။
သြော်….. ဒါလား ၊ ပါတီနဲ့မဆိုင်ဘူးလေ၊ ကျနော်တို့ က ဖွတ်ခေတ်၊ ဒေါင်းတွေ ကို ကျော်ဖြတ်ခဲ့ပြီဗျ ၊ ဖွတ် က ခေတ် ကုန်ပြီး ဒေါင်းလည်း ခေတ်ကုန်သွားပြီ။ အခု ကျော်တို့ ဘာကို ခံယူလိုက်ပြီလဲ ခဗျာင်္းသိလား….. ။
ဟဟား ခဗျာင်္းကလည်း IT ခေတ်ကြီးမှာ ခေတ်နောက် ကျသွားပြီး ဒါတောင် မမှန်းတတ်ဘူး။ အခု ထိုင်းနိုင်ငံက ဂူထဲ ဝင်သွားပြီး အားလုံးလာကယ်တင်တာ အောင်မြင်ခဲ့တဲ့ ကလေးတွေရဲ့ ဘောလုံးအသင်းနာမည်သိလား……
တောဝက်….. တဲ့ ။
ကျော်တို့ရုပ်တု ထောက်ခံသူတွေကလည်း နိုင်ငံတကာမှာ ဟော့အဖြစ်ဆုံး လာဒ်ကောင်ကို ကော်ပီယူ တော့မှာ။ အဲ ဒါပေမယ့် ထိုင်းနိုင်ငံက တောဝက်နာမည်ကြီးလို့ အဲ့ဝက် နာမည်လိုက်ယူတယ်တော့ အပြောမခံနိုင်ပေါင်….။
ကျော်တို့က အဲ့ထက် ဂုဏ်သတင်းကြီးတဲ့ ဝက် နာမည်ကို ယူမှာ…..။
ဗျာ…. ဘယ်က ပိုဂုဏ်သတင်းကြီးတဲ့ဝက်လဲ တဲ့လား… ၊ ကျော်တို့ ကြားဖူးတဲ့ ဂန္ဓဝင်စာအုပ်တစ်အုပ် ရှိတယ်။ အဲ့ထဲက ဖြစ်တယ်။
ဟ..ဟား… မသိရင်မှတ်ထား။
ANIMAL FARM တဲ့…..။ ဟား ဟား
ငါတို့က ANIMAL FARM ထဲက ဝက် အုပ်စုကွ…. ဟ ဟား ဟား။။။
ကဲ…. ကိုယ့်ဆရာ….
ခဗျာင်္းကို ဂုဏ်ပြတဲ့အနေနဲ့ ကျနော်သောက်ထားတဲ့ ဟာတွေပါ ပေါင်းရှင်းခွင့်ပြုလိုက်မယ်….။
ကဲ… ကိုယ် … ဒိုးပြီ……။
စကားမစပ် ကိုယ့်ကို တွေ့ချင်ရင် ဂူပေါက်ထဲ လာမရှာနဲ့ကွာ….။

No comments:

Post a Comment