Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 26, 2018

သူများ နိုင်ငံတွေရဲ့ ပညာရေး အဆင့်အတန်းနဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းဟာ မိုးနဲ့ မြေလို ကွာခြားနေပြီ


လွန်ခဲ့တဲ့ နှစ် တော်တော်ကြာက ကျွန်မ ကိုရီးယားမှာ မဟာတန်း(M.A degree) လာတက်တော့ သူများ နိုင်ငံတွေရဲ့ ပညာရေး အဆင့်အတန်းနဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းဟာ မိုးနဲ့ မြေလို ကွာခြားနေပြီဆိုတာကို ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ နည်းပညာတွေကို မပြောခင် ပထမဦးဆုံး စာပေဗဟုသုတ လေ့လာနိုင်တဲ့ အဆောက်အဦးနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ မစာမနာနဲ့ အမှန်အတိုင်း ပြောရရင် ကျွန်မတို့ နိုင်ငံရဲ့ စာကြည့်တိုက်ဆိုတာဟာ သူတစ်ပါး တိုင်းပြည်က စာကြည့်တိုက်ရဲ့ သန့်စင်ခန်း အရွယ်အစား သာသာလောက်ပဲ ရှိပါတယ်။ ပြီးတော့ ကျောင်း စာကြည့်တိုက်လို့ ဆိုလိုက်ရင် သော့ခတ်ပြီး ပိတ်ထားတဲ့ အချိန်က များသလို၊ ဖွင့်ထားတဲ့ အခါမှာလည်း လိုအပ်တဲ့ စာအုပ်စာပေကို ရှာလို့ မရတတ်တာမျိုးက များပါတယ်။ ကျွန်မက ကိုရီးယားမှာ နေသူမို့ ကိုရီးယားကို ဥပမာထားပြီး ပြောပါရစေ။






ကိုရီးယားနိုင်ငံမှာဆိုရင်တော့ တက္ကသိုလ်တစ်ခုမှာ အဲဒီ ကျောင်းပိုင် စာကြည့်တိုက်ကို အဆောက်ဦး တစ်ခု အနေနဲ့ သီးသန့် ထားပါတယ်။ စာကြည့်တိုက်ဟာ အနည်းဆုံး ၃ထပ် အဆောက်အဦးလောက် ရှိပါတယ်။ ကျောင်းပေါ်မှာ မူတည်ပြီး သူ့ထက် ပို ကြီးပြီး၊ ပို ပြည့်စုံတဲ့ အဆောက်အဦးတွေလည်း ရှိပါတယ်။ ကျွန်မ မဟာတန်းရော၊ ပါရဂူတန်းပါ တက်ခဲ့တဲ့(တက်နေဆဲဖြစ်တဲ့) ကျွန်မရဲ့ တက္ကသိုလ်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တော့ပ်တန်း(Top 10)စာရင်းဝင်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပြီး နာမည်ကတော့ ဂယောင်းဟီ(Kyung Hee: 경희)လို့ ခေါ်ပါတယ်။ ဒီတော့ ကျွန်မရဲ့ တက္ကသိုလ်ကို ဥပမာ ထားပြီး ရှင်းပြပါမယ်။

ကျွန်မတို့ ကျောင်းရဲ့ စာကြည့်တိုက် အဆောက်အဦးက ၃ထပ် အဆောက်အဦးဖြစ်ပါတယ်။ သူ့ထဲမှာ အလွှာလိုက် အခန်းပေါင်း အကန့်ပေါင်း အများကြီး ပါဝင်တဲ့ စာအုပ်စင်ပေါင်း များစွာနဲ့ ဘာသာရပ်အလိုက် စာအုပ်များကို စနစ်တကျ နံပါတ်စဉ်နဲ့ ထားပေးထားပါတယ်။ စာကြည့်တိုက်ထဲကို ၀င်တဲ့အခါ မိမိရဲ့ ကျောင်းသားကတ်ကို သုံးပြီး အော်တိုမက်တစ် စနစ်နဲ့ ၀င်ရပါတယ်။ စာကြည့်တိုက်ထဲကို ရောက်ပြီဆိုရင်တော့ အ၀င်ဝမှာ စာကြည့်တိုက်သုံး ကွန်ပျူတာ ၁၀လုံး မက ထားပေးထားပါတယ်။ ဒီမှာ ဘာလုပ်လို့ ရသလဲဆိုရင်တော့… ကိုယ် လိုချင်တဲ့ စာအုပ်ကို ဘယ်နေရာ၊ ဘယ်အကန့်မှာ ရှိတယ်ဆိုတာကို ရှာကြည့်နိုင်ပါတယ်။ စာကြည့်တိုက် တစ်ခုလုံးမှာ ရှိတဲ့ စာအုပ်တွေနဲ့ စာတမ်းတွေကို ရှာဖွေလို့ ရပါတယ်။ ဥပမာ ဘာသာဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ကို ရှာချင်တယ် ဆိုပါစို့။ ကွန်ပျူတာမှာ ဘာသာဗေဒလို့ ရိုက်ထည့်လိုက်ရင် သူနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရေးသူနာမည်၊ ရေးတဲ့ ခုနှစ်နဲ့ အစဉ်လိုက် ပြပေးပါတယ်။ အဲဒီထဲကမှ ကိုယ် လိုအပ်ရာ စာအုပ်ကို အရင် အကြမ်း ဖတ်ကြည့်နိုင်ပြီးတော့၊ လိုအပ်တဲ့ သုံးလေးအုပ်ကို ဘယ်နေရာမှာ ရှိသလဲ ရှာလို့ ရပါတယ်။ ဒါမှမဟုတ် ကိုယ် လိုအပ်တဲ့ စာအုပ်ရဲ့ နာမည်ကို အတိအကျ ရိုက်ထည့်ပြီး တိုက်ရိုက် ရှာနိုင်ပါတယ်။ ပြီးတော့ အဲဒီ ကွန်ပျူတာရဲ့ ဘေးမှာ ပရင့်(print)ထုတ်လို့ ရတဲ့ ခလုတ် အသေးစားလေး ရှိပါတယ်။ ကွန်ပျူတာကနေ ကိုယ်ရှာနေတဲ့ စာအုပ်ကို တွေ့လို့ သဘောကျပြီဆိုရင် ပရင့်ထုတ်ဖို့ နှိပ်လိုက်တယ်ဆိုရင် အဲဒီ စာအုပ်ဟာ ဘယ်ကောင်တာ၊ ဘယ်အခန်း၊ ဘယ်နံပါတ်စဉ်မှာ ရှိလဲဆိုတာကို စာရွက်အသေးလေးနဲ့ ထုတ်ပေးပါတယ်။ ကိုယ် လိုအပ်နေတဲ့ စာအုပ်ကို စာအုပ်တွေ အများကြီး ကြားထဲကနေ အဆင်သင့် အလွယ်တကူ ရှာဖွေရနိုင်တယ်ပေါ့နော်။ ဒါဟာ ကျောင်းသူကျောင်းသားများရဲ့ သက်သောင့်သက်သာ ရှိစေရေး၊ အချိန်ကုန် သက်သာစေရေးတို့ကို တွေးတောပြီး ကျောင်းကနေ ထားပေးထားတဲ့ စနစ်ကောင်းများ ဖြစ်ပါတယ်။

စာကြည့်တိုက်ထဲမှာဆိုရင် ကလေးပြုစုထိန်းကျောင်းနည်းက အစ တက္ကသိုလ်ပါရဂူ တစ်ယောက်ဖြစ်စေတဲ့ စာအုပ်တွေအထိ ဘာသာစကား၊ ဆေးပညာ၊ စက်မှုပညာ၊ လက်မှုပညာ၊ အဆိုအက၊ ဒီဇိုင်းပညာ၊ ကွန်ပျူတာပညာ စတဲ့ ဘာသာရပ် ပေါင်းစုံရဲ့ စာအုပ်တွေ ရှိပါတယ်။ မိမိရဲ့ အထူးပြု မေဂျာသာမက တစ်ခြား ဘာသာရပ်တွေကို ဗဟုသုတအနေနဲ့ ဖတ်ချင်တဲ့ အခါမှာလည်း အင်မတန် အကျိုးရှိလှပါတယ်။ စာကြည့်တိုက်ရဲ့ အလယ် ဗဟိုနဲ့ စာအုပ်စဉ်တွေ ဘေးမှာ စားပွဲနဲ့ ထိုင်ခုံလေးတွေ ရှိပါတယ်။ ဒီ နေရာတွေမှာ ကျောင်းသားတွေ စာဖတ်နိုင်သလို အေးဆေး တိတ်ဆိတ်တဲ့ စာကြည့်တိုက်သုံး သီးသန့် စာဖတ်ခန်းလည်း ရှိပါတယ်။ သီးသန့် စာဖတ်ခန်းဆိုတာကတော့ တစ်ဦးချင်း အေးအေးဆေးဆေး စာဖတ်နိုင်တဲ့ တစ်ယောက်ခုံလေးတွေ ရှိတဲ့ ကွန်ပျူတာခန်းကို ပြောတာပါ။ အခန်းထဲ မ၀င်ခင် အထဲမှာ နေရာလွတ် ရှိမရှိကို အခန်း အပြင်က ကွန်ပျူတာမှာ စစ်လို့ရပါတယ်။ နေရာရှိရင် ကိုယ်ကြိုက်တဲ့ ခုံနံပါတ်ကို နှိပ်ပြီး ရွေးပေးရုံပါပဲ။ ဒါပေမယ့် နေရာလွတ်ဆိုတာ မရှိသလောက်ပါပဲ။ ဘာလို့ဆို သူတို့ ကျောင်းသားတွေဟာ စာအရမ်း ဖတ်ကြလို့ပါပဲ။ စာကြည့်တိုက်ဟာ အမြဲ ကျောင်းသားတွေ၊ ဆရာတွေနဲ့ ရှုပ်နေတတ်ပြီး နေရာလွတ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံနဲ့ ပထမဦးဆုံး ကွာခြားချက်ပါ။

ဟုတ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဒီလို စနစ်တကျ ပညာရေး ထောက်ပံ့မှုတွေ မရှိသေးပါဘူး။ ကလေးငယ်တွေရဲ့ ကျောင်းတွေ၊ ရပ်ကွက်ကျေးရွာတွေရဲ့ စာကြည့်တိုက်ဆိုတာ မတတ်သာလို့ ထားထားရတယ်။ များသောအားဖြင့် သော့ပိတ်ထားတာ များပါတယ်။ ကျွန်မတို့ ကျောင်းသူ ကျောင်းသားတွေဟာ ဒီဟာ လိုက်ဆို၊ ဒီဟာ ကျက်၊ ဒီဟာဖြေဆိုတဲ့ စနစ်ထဲမှာ နှစ်ပေါင်း ၅၀ကျော် ၆၀လောက် နစ်မွန်းနေခဲ့ရပါတယ်။ အခုထိလည်း နစ်မွန်းနေတုန်းလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ တက်လာတဲ့ အချိန်အခါမှာ တော်တော်များများ ပြောလာတဲ့ စကားတစ်ခွန်းကတော့ “ပြောင်းလဲချိန်တန်ပြီ”ဆိုတာပါပဲ။ ဒီစကားဟာ အဓိက တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကို ပြောင်းချိန်တန်ပြီလို့ ဆိုလိုကြတာပါ။ ခေါင်းဆောင်ကောင်း ပြောင်းချိန်တန်ပြီ။ စနစ်ကောင်း ပြောင်းချိန်တန်ပြီ စသဖြင့် ဆိုလိုကြပါတယ်။ မှန်ပါတယ်။ အထက်ကနေ ပြောင်းလဲဖို့ အရမ်း အရေးကြီးပါတယ်။ အုပ်ချုပ်မှု တစ်ခု၊ နည်းလမ်း ညွှန်ကြားမှုတို့ စနစ်တကျ ရှိဖို့ လိုပါတယ်။ ဒါပေမယ့် သူတင် အရေးကြီးတာ မဟုတ်ပါဘူး။

သူ့ထက် ပို အရေးကြီးတာကတော့ အောက်က ပြောင်းလဲဖို့ပါ။ အောက်ကဆိုတာကတော့ တိုင်းပြည် တစ်ခုလို့ ဖြစ်လာစေအောင် ရပ်တည်နေတဲ့ ကျွန်မတို့ တစ်ဦးချင်းစီကို ဆိုလိုတာ ဖြစ်ပါတယ်။ တိုင်းပြည် ပြောင်းလဲဖို့အတွက် ကျွန်မတို့ တစ်ဦးချင်းစီရဲ့ လုံ့လ ၀ီရိယနဲ့ စိတ်ဓာတ်အနေအထားကအစ ပြောင်းလဲရပါမယ်။ ဒါပေမယ့် နှစ်ပေါင်း ၅၀ကျော်ကြာ နစ်မွန်းနေတဲ့ ပညာရေး စနစ်ဆိုးအောက်မှာ တကယ်တမ်း ပြောင်းလဲလာတာက ကျွန်မတို့တွေရဲ့ စိတ်ဓာတ်တွေပါ။ အပေါ်က မကောင်းဘူး မကောင်းဘူး ပြောနေရင်းက ပြောင်းလဲလာတာက ကျွန်မတို့တွေ စာမဖတ်ချင်တော့ဘူး။ စာဖတ်ဖို့ ပျင်းလာကြတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် အများစုဟာ ဒီလို ဖြစ်လာကြပါတယ်။ သင်စရာ၊ လေ့လာစရာ အရမ်းများပြီး၊ အညွန့် တလူလူ တက်နေရမယ့် ဒီနေ့ ခေတ်လူငယ်တွေဆိုရင် စာတစ်ပုဒ် ဖတ်မလား၊ လက်ဘက်ရည်ဆိုင် ထိုင်မလား သို့ ဖေ့စ်ဘုတ် သုံးမလားဆိုရင် ဘာကို ရွေးနေကြသလဲ အားလုံး အသိဆုံးပဲ ဖြစ်မှာပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ဟာသ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ တစ်ဦးကို တစ်ဦး ကွန်မန့်တွေနဲ့ စကြ နောက်ကြတာတွေကို အချိန်ပေးပြီး ကောင်းကောင်း လုပ်ကြပေမယ့်၊ စာကောင်း တစ်ပုဒ်ကို မဖတ်ကြတော့ဘူး။ စာချည်းပဲ ရေးထားတာမျိုးဆိုရင် ကျော်သွားကြပြီ။ စာများလို့ အရုပ်နည်းလို့တွေ ဖြစ်လာကြပြီ။

ဟုတ်ပါတယ်။ ပညာရေး ထောက်ပံ့မှုတွေ အားနည်းတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို အနေအထားမျိုးမှာတောင် မိမိကိုယ်တိုင်ကနေ နည်းလမ်းရှာပြီး စာဖတ်သင့်ပါတယ်။ ကိုယ့် အသိုင်းအ၀ိုင်းထဲက ကလေးငယ်တွေကိုလည်း တတ်နိုင်သမျှ စာဖတ်တဲ့ အလေ့အကျင့်ကို လုပ်ပေးရပါမယ်။ ကာတွန်း စာအုပ်ဖြစ်နေပါစေ၊ ဖုန်းနဲ့ ဂိမ်းဆော့နေတာထက်တော့ ကောင်းပါတယ်။ အခု အချိန်ဟာ အမှန်တကယ်ကို ပြောင်းလဲရမယ့် အချိန်ပါ။ တိုင်းပြည်ရော၊ တိုင်းသူပြည်သားတွေရော ပြောင်းလဲရမယ့် အချိန်ပါ။ အထက်က ဘယ်လောက်ပဲ ပြောင်းလဲပါစေ တစ်ဦးချင်းစီရဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားအားထုတ်မှု မရှိရင် ဘာဆိုဘာမှ မပြောင်းလဲပါဘူး။ သူတို့ ပြောင်းလဲတာကိုပဲ စောင့်နေလို့လည်း မဖြစ်ပါဘူး။ ကိုယ်က စပြီး ပြောင်းလဲရင် အတွေးအခေါ် အယူအဆ ပြောင်းလဲလာရင် ကိုယ့်ရဲ့ အပြောအဆို အမူအရာ ပြောင်းလဲလာမယ်။ သူတို့ သိသလို၊ သူတို့ မြင်သလို ကိုယ်လည်း တန်းတူ သိလာ၊ မြင်လာပြီဆိုရင် ပြောရဲဆိုရဲ ရှိလာမယ်။ ယုံကြည်မှု ရှိလာမယ်။ တစ်ဦးဦးက တစ်ခုခု ပြောနေရင် မေးခွန်းတွေ ထုတ်တတ်လာမယ်။ အမှန်ကိုမြင်၊ အမှန်ကို တွေး၊ အမှန်ကို ပြောရင် အမှားကို ကြောက်စရာ မလိုတော့ဘူး။ အဲဒီတော့ မှားတာကို ထောက်ပြရဲလာမယ်။ နောက်တော့ အဲဒီ မှားနေတာကို တွန်းကန်ရဲလာမယ်။ ဒီလိုနဲ့ အမှန်တရား ကြီးစိုးတဲ့ လူနေမှုတစ်ရပ် ဖြစ်ထွန်းလာပါမယ်။

ကိုရီးယားနိုင်ငံဟာ အင်တာနက် အမြန်ဆုံး တိုင်းပြည် တစ်ခု ဖြစ်ပါတယ်။ လမ်းကြိုလမ်းကြားမှာတောင် ၀ိုင်ဖိုင် အခမဲ့ သုံးနိုင်လောက်အောင် အင်တာနက် အဆင့်အတန်း မြင့်ပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံမှာ အခုထိ စာအုပ်ဆိုင်ကြီးတွေ အလုပ်ဖြစ်နေပြီး၊ စာရေးဆရာတွေ သူဌေးဖြစ်နေတုန်းပါပဲ။ ပျော်စရာပါးစရာ ပန်းဥယျာဉ်တွေ၊ ကစားကွင်းတွေ ပေါများသလောက် စာအုပ်ဆိုင်တွေမှာလည်း အခုထိ လူတွေနဲ့ ရှုပ်ယှက်ခတ်နေဆဲပါပဲ။ သူတို့ကို တိုင်းပြည်ကနေ စာမဖတ်သူ ထောင်ဒဏ်လို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သူတို့ ကိုယ်တိုင်က လိုလားလို့ ပညာရှာကြတယ်။ ပညာရှာတော့ ပညာ ရတယ်။ ပညာ ရှိတော့ လူနေမှု ဘ၀ အနေအထားက အစ သူများနဲ့ မတူအောင် နေရတယ်။ မချမ်းသာရင်နေမယ် သိမ်ငယ်နုံချာနေမှာတော့ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ဆီမှာ “သားကြီးလာရင် ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းမှာ ကလေးဆီကနေ “ဆရာဝန်ကြီးလုပ်မယ်” ဆိုတဲ့ အဖြေမျိုး တန်း မထွက်လာဘဲ ဒီကလေးငယ် တစ်ယောက်ဟာ အမှန်တကယ် သူ ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတဲ့ အတွေးကို တွေးနိုင်အောင် လေ့ကျင့်ပေးနိုင်ရမယ်။ ဒါကတော့ ပညာရဲ့ တန်ဖိုးကို သိပြီး၊ အမှန်တကယ် ကိုယ် လေ့လာချင်တဲ့ ကိုယ် စိတ်ဝင်စားဝါသနာပါတဲ့ အရာကို စဉ်းစားတွေးခေါ်တတ်အောင် သင်ပေးရမှာကို ဆိုလိုပါတယ်။ အဲဒီအတွက် လမ်းညွှန်တဲ့ သူ ကိုယ်တိုင်မှာလည်း အတွေးအခေါ်နဲ့ လမ်းကြောင်းနိုင်တဲ့ ပညာ ရှိဖို့ လိုအပ်ပါမယ်။ ဒါပေမယ့် အဲဒါကို အလကားတော့ မရနိုင်ပါဘူး။ စာအုပ်စာပေကနေ တစ်ဆင့်၊ ကြိုးစားအားထုတ်မှုကနေ တစ်ဆင့်ပဲ ရနိုင်ပါလိမ့်မယ်။ နောက်ကျပြီလို့ တွေးနေတဲ့ အချိန်မှာပဲ စာတစ်အုပ်၊ ပညာရပ် တစ်ခုကို လေ့လာလို့ ရပါတယ်။ ပညာလို အိုသည် မရှိဆိုတဲ့ စကားအရပေါ့လေ။ တကယ် လိုအပ်တာကတော့ စိတ်။ လိုချင်တဲ့ စိတ်၊ လိုအပ်တယ်ဆိုတာကို နားလည် သဘောပေါက်တဲ့ စိတ် တစ်ခုသာ အရေးကြီးတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တိုင်နဲ့ ကိုယ့် အသိုင်းအ၀ိုင်းက ကလေးငယ်တွေအတွက် ရည်မှန်းချက်ဆိုတာ တစ်ခု ဖြစ်ပေါ်လာအောင်၊ အဲဒီ ရည်မှန်းချက်ကို ပြည့်စုံအောင် ပညာရေး အသိစိတ်ဓာတ်နဲ့ စိတ်ဓာတ်တွေကို အစာဖြည့်ပေးကြဖို့ လိုတယ်လို့ ထင်မြင် ယူဆမိတာကြောင့် အားလုံးအတွက် စေတနာဖြင့် စာရှည် တစ်ပုဒ် ရေးလိုက်ရပါတယ်။

ချမ်းမြမြသော် 3rd year, Ph.D (Kyung Hee University, Seoul, Korea)
Chang Mya Mya Thaw
October 30, 2017 ·