Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 5, 2018

"နည်းနည်းလေးတော့လွဲနေတယ်"



ဒီနေ့ အင်းယားကန်စောင်းမှာ ကြွက်တွင်းတွေများပြီး ကြွက်တွေပေါနေတဲ့ကိစ္စ၊ ကြွက်တွေပေါများရခြင်း အကြောင်းရင်း ဖြစ်တဲ့ လမ်းဘေးဆိုင်တွေ အမှိုက်စနစ်တကျ မစွန့်ပစ်တဲ့ကိစ္စတွေကို စည်ပင်အနေနဲ့ တစ်စုံတစ်ရာဆောင်ရွက်ဖို့ အစီအစဉ်ရှိ/မရှိ မေးခွန်းကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးတယ်။ သက်ဆိုင်တဲ့ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ဖြစ်တဲ့ မြို့တော်ဝန်က ထဖြေတယ်။ စစချင်းပဲ ကြွက်ဋီကာ စဖွင့်ပါတော့မယ်ဆိုပြီး ကြွက်ဘယ်နှစ်မျိုးရှိတဲ့အကြောင်း၊ ကြွက်တွေ ဘယ်လိုမျိုးပွားကြောင်း၊ ဘယ်လိုရောဂါတွေ ဘယ်လိုသယ်ဆောင်ကြောင်း စတာတွေက ၃ မိနစ်လောက်၊ စည်ပင်တွေ
ကြွက်တွေကိုဖမ်းနေတာ တစ်နှစ်ကို ဘယ်နှစ်သိန်းမိကြောင်းတွေကို ကိန်းဂဏန်းတွေနဲ့ ပြောတာက ၃ မိနစ်လောက်၊ ပြီးတော့ လာရောက် ကြတဲ့ပြည်သူတွေစည်းကမ်းမရှိလို့ အမှိုက်ကို စနစ်တကျ မစွန့်ပစ်လို့ ဆိုတာတွေက ၃ မိနစ်လောက်နဲ့ ဖြေသွားလိုက်တာ အခုလက်ရှိ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်သို့ဘယ်ပုံ ဖြေရှင်းဆောင်ရွက်ပေးပါ့မယ်ဆိုတာ တစ်ခုမှ ပါမသွားဘူး။ မလိုအပ်တဲ့ ကြွက်အကြောင်းတွေပြော၊ အရင်လုပ်ခဲ့တဲ့ နည်းလမ်းအဟောင်းတွေပြောပြီး နောက်ဆုံးတော့ ပြည်သူတွေမှာ တာဝန်ရှိပါတယ်ဆိုတာနဲ့ဆုံးသွားတော့ စည်ပင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြားဆောင်ရွက်မှာ မဟုတ်ဘူးဆိုတဲ့ အဖြေပဲရပါတယ်။

ဒီလို မေးခွန်းမျိုးလွှတ်တော်မှာမမေးပဲ ၁၀ တန်းကျောင်းသားလေးတွေကိုမေးကြည့်ရင်တောင် တစ်စုံတစ်ရာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ နည်းလမ်းလေးတွေ ထွက်လာနိုင်စရာအကြောင်းရှိပါတယ်။ ဥပမာ။ ။ လမ်းဘေးဈေးသည်တွေနဲ့ လာရောက်အပန်းဖြေသူတွေ အမှိုက်ကိုစနစ်တကျစွန့်ပစ်ဖို့ အမှိုက်ပုံးတွေ လုံလုံလောက်လောက် ထားပေးမယ်၊ စနစ်တကျစွန့်ပစ်ကြဖို့ကိုလဲ ကြွက်တွေကြောင့် အန္တရယ်ရှိလာနိုင်တဲ့ အင်းယားကန်ကြီးအကြောင်းကိုရှင်းပြပြီး အသိပညာပေး ကမ်းပိန်းလေးတွေ၊ ဆိုင်းဘုတ်လေးတွေလုပ်မယ်၊ အမှိုက်တွေ စနစ်တကျမစွန့်ပစ်တဲ့ဈေးသည်တွေကိုလည်း ထိထိရောက်ရောက်အရေးယူမယ်၊ ကြွက်တွေကို အမြစ်ဖြတ်နှိမ်နင်းနိုင်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေ မယ် (ထောင်ခြောက်နဲ့ ဖမ်းမလား၊ အဆိပ်ချသတ်မလား၊ လိုအပ်ရင် ကြွက်တွင်းတွေကို တူးပစ်ပြီး အပင်ပြန်စိုက်မလား) ပြီးတော့ ကြွက်တွေ ထပ်မလာအောင်၊ အသိုက်မဖွဲ့အောင် နည်းလမ်းသစ်တွေရှာမယ် (ကြွက်ပြေးစေတဲ့ ပူစီနံပင်တွေစိုက်မလား၊ ကြွက်တွေ ကြောက်တဲ့ လျှပ်စစ်လှိုင်းလွှတ်တဲ့ ကိရိယာတွေတပ်ဆင်မလား) စသဖြင့်ပေါ့။

အောက်ခြေကဝန်ထမ်းတွေရေးပေးလိုက်တာကို လွှတ်တော်ထဲ လာ ဖတ်ပြနေရုံထက် ပိုနိုင်မှ အပြောင်းအလဲဆိုတာတွေ ဖြစ်လာနိုင်မှာပါ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားကို တကယ်ရော ယုံကြည်ကြပါရဲ့လားလို့ပဲ မေးချင်ပါတော့တယ်။

Photo Credit: Yangon Hluttaw
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်၏ facebook မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment