Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 28, 2018

လူမိုက္ရွစ္ဦး

(၁) သူတစ္ပါးရန္ျဖစ္သည္္ကို ၾကားဝင္သူ
(၂) ျမင္သမွ်ကို လိုခ်င္သူ
(၃) စာသာတတ္၍ စာမေရးတတ္သူ
(၄) မိမိေရးေသာစာကို အမွားအမွန္မတည္းျဖတ္သူ
(၅) ေယာကၡမကို ကပ္ရပ္စားသူ
(၆) ေဆြမ်ဳိးျခင္း မတည့္ေအာင္ ကုန္းတိုက္သူ
(၇) မိန္းမအနားမွ မခြာႏိုင္သူ
(၈) သူမ်ားေျပာစကား လက္ခံသူတို႔ ျဖစ္သည္။

ပထမလူမိုက္
ပထမလူမိုက္ႀကီးမွာ သူတစ္ပါးရန္ျဖစ္သည္္ကို ၾကားဝင္ေသာ လူမိုက္ႀကီး ျဖစ္သည္။ သူတစ္ပါး ရန္ျဖစ္သည္္ကို အေဆာတလ်င္ မဆင္မျခင္ၾကားမဝင္ပါႏွင့္၊ ၾကားဝင္လွ်င္ ကိုယ္သာခံရတတ္သည္။ ရန္ျဖစ္သူ ႏွစ္ဦးမွာ ေဒါသအိုး ေပါက္ကြဲေနခ်ိန္ျဖစ္၍ ၾကားဝင္ဖ်န္ေျဖသူ၏စကားကို ႐ုတ္တရက္ သည္းခံႏိုင္လိမ့္မည္ မဟုတ္ပါ။ အထူးသျဖင့္ တုတ္ - ဓားလက္နက္ကိုင္စြဲေသာ ရန္ပြဲမ်ဳိးျဖစ္ပါက ပို၍ အႏၱရာယ္ႀကီးမားသည္။
ယင္းရန္ပြဲမ်ဳိးကို မိမိက ေစတနာထား၍ ဖ်န္ေျဖေသာ္လည္း ရန္ျဖစ္သူႏွစ္ဦး၏ ေဒါသအရွိန္ေၾကာင့္ ၾကားဝင္မိသူမွာ တုတ္ျဖင့္ အႏွက္ခံရျခင္း၊ ဓားျဖင့္ အေဆာ္ခံရျခင္းစေသာ ဆိုးက်ဳိးမ်ား ခံရတတ္သည္။ ထိပ္ေပါက္ ေခါင္းကြဲျဖစ္ရုံမွ်မက အခ်ဳိ႕ဆိုလွ်င္ အသက္ဆံုး႐ႈံးရသည္အထိ ေဘးဒုကၡေတြ႕ရတတ္သည္။ သို႔ျဖစ္၍ သူတစ္ပါးရန္ျဖစ္သည္္ကို ၾကားဝင္မိသူအား လူမိုက္ဟူ၍ ဆိုျခင္းျဖစ္ေလသည္။ ကၽြဲႏွစ္ေကာင္ခတ္ သည့္အၾကား ေျမစာပင္ မျဖစ္ပါေစႏွင့္၊ သူတစ္ပါးဓားခုတ္ရာ လက္ဝင္မလွ်ဳိပါႏွင့္ စေသာ စကားပံုမ်ားမွာ ပထမလူမိုက္ႀကီးကို ရည္ရြယ္ေျပာဆိုေသာ စကားပံုမ်ား ျဖစ္သည္။

ဒုတိယလူမိုက္
ဒုတိယလူမိုက္ႀကီးမွာ ျမင္ျမင္သမွ်ကို လိုခ်င္စိတ္ရွိသူ လူမိုက္ႀကီး ျဖစ္သည္။ သူ႔ကို လူမိုက္ဟု ဆိုရျခင္းမွာ ေလာဘဖိစီးခံရၿပီး ဟိုဟာလိုခ်င္ သည္ဟာလိုခ်င္ ဣေျႏၵမရေသာေၾကာင့္ ျဖစ္သည္။ ေတြ႕သမွ် ျမင္သမွ်ကို လိုခ်င္စိတ္ျဖင့္ ေတာင္းရမ္းသည့္အခါ တစ္ဖက္လူက အျမင္ကပ္ၿပီး မုန္းတီးျခင္းကိုပင္ ခံရတတ္သည္။ ေလာဘသည္ ေမ်ာက္ႏွဲေစး ႏွင့္တူ၍ ေလာဘဖိစီးခံရသူမွာ ေမ်ာက္ႏွဲေစး အၿငိခံရေသာ ေမ်ာက္သတၱဝါႏွင့္ တူေနသည္။ ေသဖို႔ရာလမ္းဝသို႔ေရာက္ေသာ ေမ်ာက္ႏွင့္တူေသာေၾကာင့္ ျမင္သမွ် လိုခ်င္တတ္ေသာသူကို လူမိုက္ဟုဆိုထားျခင္း ျဖစ္သည္။ အလိုေလာဘကို မီးပံုးႀကီးႏွင့္တူေၾကာင္း၊ သမုဒၵရာႏွင့္တူေၾကာင္း က်မ္းဂန္ မ်ားတြင္ ဥပမာျပဆိုထားေပသည္။ အလိုေလာဘႏွိပ္စက္၍ တင္းမတိမ္ အားမရႏိုင္ေသာေၾကာင့္ အက်ဳိး တရား ပ်က္စီးရပံုအေၾကာင္းကို ဧကနိပါတ္ သုဝဏၰဟံသဇာတ္ေတာ္ကို သာဓကအျဖစ္ ၾကည့္သင့္ သည္။ သမီးသံုးေယာက္ႏွင့္ ဇနီးျဖစ္သူတို႔ ဆင္းရဲသည္ကို ခ်ီးေျမာက္လို၍ ဘဝေဟာင္းမွ ဖခင္ျဖစ္ဖူးေသာ ေရႊဟသၤာငွက္က အိမ္သို႔လာၿပီး တစ္ေန႔လွ်င္ ေရႊေတာင္ ေရႊခက္ တစ္ရြက္စီ ေန႔စဥ္မွန္မွန္ ေပးေနပါလ်က္ တင္းမတိမ္ အားမရႏိုင္ေသာ ေလာဘေၾကာင့္ အေမြးအေတာင္ အားလံုးကို ႏုတ္ယူပစ္သည့္အတြက္ ေရႊေရာင္ကြယ္ၿပီး ဗ်ဳိင္းေတာင္သဖြယ္ ျဖစ္ကုန္ရသည္။ ေလာဘႀကီးေသာ  မိသားစုတို႔လည္း ဆင္းရဲၿမဲ ဆင္းရဲကုန္သည္။

ဤအေၾကာင္းကို မန္လည္ဆရာေတာ္က မဃေဒဝလကၤာ၌ ေအာက္ပါအတိုင္း ေရးဖြဲ႕စပ္ဆိုထားေလသည္။
ေရႊဟသၤာငွက္၊ ေတာင္တစ္ရြက္ျဖင့္
ႏွစ္သက္စိတ္က၊ ေပးသမွ်ကို
အားရမရွိ၊ ကဲလြန္ဘိလ်က္
အတိ ဗလဝ၊ ႀကီးေလာဘႏွင့္
အရသုတ္သုတ္၊ ျဖဳတ္ျဖဳတ္မၾကြင္း
နင္း၍ကုန္ေအာင္၊ နတ္ယူေဆာင္ေသာ္
ေရႊေရာင္ကြယ္လစ္၊ ဗ်ဳိင္းေတာင္ျဖစ္၏။

ေလာဘတရားဆိုး၏ အလိုျပည့္ႏိုင္ခဲပံုကို တိကနိပါတ္၊ မႏၶာတုဇာတ္ေတာ္ထဲမွ စၾကာမင္းႀကီး၏ ျဖစ္ရပ္ကို လည္း သာဓကအျဖစ္ ၾကည့္႐ႈသင့္၏။ အထက္ပါသာဓကတို႔ကို ေထာက္၍ ျမင္သမွ် ေတြ႕သမွ် လိုခ်င္ေသာ သူမ်ားကို လူမိုက္ဟု ဆိုရျခင္းျဖစ္ သည္။ ပုဂၢလိကပိုင္ ပစၥည္း၊ အမ်ားပိုင္ပစၥည္းႏွင့္ ႏိုင္ငံပို္င္ပစၥည္းမ်ားကို မေတာ္ေလာဘျဖင့္ ရလိုသူမ်ား၊ ယူေဆာင္သူမ်ားကိုလည္း လူမိုက္စာရင္းတြင္ သြင္းရမည္ျဖစ္ေၾကာင္း သေဘာေပါက္ၾကရန္ ျဖစ္ေပသည္။

တတိယလူမိုက္
တတိယလူမိုက္ႀကီးမွာ စာသာတတ္ၿပီး စာမေရးတတ္ေသာ လူမိုက္ႀကီး ျဖစ္သည္။ သူ႔ကို လူမိုက္ဟု ဆိုရျခင္းမွာ ရာဇဝတ္မႈ က်ဴးလြန္၍ ဆိုျခင္းမဟုတ္၊ အကုသိုလ္အမႈ ျပဳလုပ္၍ ဆိုျခင္းမဟုတ္။ မိမိသိထား၊ တတ္ထား၊ ေလ့လာသင္ၾကားထားေသာ အတတ္ပညာမ်ား၊ ဗဟုသုတမ်ား၊ အေတြ႕အႀကံဳမ်ားကို သူတစ္ပါး နည္းယူႏိုင္ေစရန္ ေရးသားမႈ မျပဳေသာေၾကာင့္ လူမိုက္ဟု တင္စား ေခၚဆိုျခင္း ျဖစ္သည္။ စာေတြ ဘယ္ ေလာက္တတ္တတ္ စာတစ္ေစာင္ ေပတစ္ဖြဲ႔ က်မ္းစာတစ္အုပ္မွ် ေရးသားျခင္း မျပဳခဲ့ေသာ္ ထိုသူ ကြယ္လြန္ သည့္အခါ မည္သည့္ပညာ အေမြအႏွစ္မွ် က်န္ရစ္မည္ မဟုတ္ေပ။ ယင္းကို ရည္ရြယ္၍ လူမိုက္ဟုဆိုထား ျခင္း ျဖစ္သည္။

စတုတၳလူမိုက္
စတုတၳလူမိုက္ႀကီးမွာ မိမိေရးၿပီးစာမ်ားကို အမွားအမွန္ ျပန္လည္မစစ္ေဆးဘဲ ၿပီးစလြယ္လုပ္တတ္သူ လူမိုက္ႀကီး ျဖစ္သည္။ သူ႔ကို လူမိုုက္ဟုဆိုရျခင္းမွာ အလြန္သဘာဝက်ေလသည္။ မိမိေရးသားေသာ ကဗ်ာ ကိုျဖစ္ေစ၊ သီခ်င္းကို ျဖစ္ေစ၊ ေဆာင္းပါးကို ျဖစ္ေစ၊ ဝတၳဳကို ျဖစ္ေစ၊ မွတ္တမ္းကို ျဖစ္ေစ၊ ေဝဖန္ခ်က္ စသည္မ်ားကို ျဖစ္ေစ စိစစ္ျခင္း၊ အမွားအမွန္ျပန္လည္ သံုးသပ္ျခင္း၊ ႏွီးေႏွာ တိုက္ဆိုင္ျခင္း မျပဳဘဲ ျဖစ္ကတတ္ဆန္း ေပးပို႔လွ်င္၊ ျဖန္႔ျဖဴးလွ်င္၊ ထုတ္ေဝလွ်င္ ေနာင္တစ္ခ်ိန္ ျပႆနာ ထိပ္တိုက္ ေတြ႕တတ္ ပါသည္။ မိမိေရးသားေသာစာ၌ သူတစ္ပါးကို ထိခိုက္နစ္နာေစမည့္ အေၾကာင္းမ်ားပါေနလွ်င္၊ ႏိုင္ငံေရး အ႐ႈပ္ အေထြးစာမ်ဳိး ျဖစ္ေနလွ်င္၊ တိုင္းျပည္ႏွင့္လူမ်ဳိး ဂုဏ္သေရ ညွိဳးေစမည့္စာမ်ဳိး ျဖစ္ေနလွ်င္၊ ဘာသာ - သာသနာကို ထိခိုက္ေစမည့္  စာမ်ဳိးျဖစ္ေနလွ်င္ ေရးသူ၌တာဝန္မကင္းပါ။ တာဝန္မကင္းရုံမွ်မက ေလာက သံသရာ ႏွစ္ျဖာအက်ဳိး ထိခိုက္တတ္ေလသည္။ သို႔ျဖစ္၍ မိမိေရးၿပီးစာမ်ားကို အႀကိမ္ႀကိမ္အခါခါ ေသေသခ်ာခ်ာ တည္းျဖတ္ စိစစ္ သင့္ေပသည္။ ေရးၿပီးစာမ်ား မတည္းျဖတ္ေသာ စာေရးဆရာမ်ဳိးကို လူမိုက္ဟု ဆိုရေတာ့သည္။ လူမိုက္အေခၚ မခံခ်င္ပါက ေရးၿပီးစာကို ျပန္လည္စိစစ္ မွားမွန္သံုးသပ္ပါ။

ပဥၥမလူမိုက္
ပဥၥမလူမိုက္ႀကီးမွာ ေယာကၡမကို ကပ္ရပ္မွီခို အေခ်ာင္ေနလိုေသာ လူမိုက္ႀကီး ျဖစ္သည္။ သူ႔သမီးကို ယူထားၿပီး ကိုယ္စြမ္းကိုယ္စ ဘာတစ္ခုမွ် အားမထုတ္ဘဲ ေယာကၡမအရိပ္ကို ခိုၿပီး လက္ေဝခံ စားေသာက္ ေနထိုင္ေသာ သမက္မ်ဳိးေတြ ဤေလာက၌မ်ားစြာရွိတတ္သည္။ ေယာကၡမ်က္ႏွာၾကည့္ရ၊ မိန္းမအေငါက္ခံရ၊ သူတစ္ပါး အထင္ေသးခံရသူမ်ား ျဖစ္၍ သမက္ေစ်းက်သူမ်ား ျဖစ္သည္။ ေယာကၡမ အိမ္မွာေန၊ေယာကၡမ ေကၽြးတာစား၊ ေယာကၡမ ေပးတာဝတ္၊ ေယာကၡမ ျပဳသမွ် ႏုရေသာသမက္မ်ားအဖို႔ ေရႊသမက္ မဟုတ္၊ ရႊံ႕သမက္မ်ားသာ ျဖစ္ေလသည္။ အစြမ္းအစ ၾကံရည္ ဉာဏ္ရည္ သတၱိ ဗ်တၱိ လူေရးလူရာ အညြန္႔တံုးသူမ်ား ျဖစ္၏။ ဤသမက္မ်ဳိးကို လူမိုက္စာရင္းသြင္းရျခင္း ျဖစ္သည္။ သင္လည္း လူမိုက္စာရင္းတြင္ မပါပါေစလင့္။

ဆ႒မလူမိုက္
ဆ႒မလူမိုက္ႀကီးမွာ ေဆြမ်ဳိးခ်င္း မတည့္ေအာင္ ကုန္းတိုက္ေသာ လူမိုက္ႀကီးျဖစ္သည္။ တစ္ဦးႏွင့္ တစ္ဦး သင့္မွ်သည္ကို မသင့္ေအာင္ မတည့္ေအာင္ ကုန္းတိုက္ျခင္းမွာ မလုပ္သင့္ မလုပ္ထိုက္ေသာကိစၥ
ျဖစ္သည္။ လူမွန္လွ်င္ ဉာတကာနဥၥသဂၤဟ မဂၤလာအရ ေဆြမ်ဳိးသားခ်င္းတို႔အား ေထာက္ပ့ံကူညီရၿမဲ ျဖစ္သည္။ စီးပြားေရးကို အေၾကာင္းျပဳ၍ျဖစ္ေစ၊ အိမ္တြင္းေရးကို အေၾကာင္းျပဳ၍ျဖစ္ေစ၊ သားေရး သမီးေရး ကို အေၾကာင္းျပဳ၍ျဖစ္ေစ စိတ္ရိုင္း စိတ္မိုက္ဝင္ၿပီး ေဆြမ်ဳိးသားခ်င္းတို႔အား အခ်င္းခ်င္း မသင့္မွ် ေအာင္ ေသြးခြဲလွ်င္၊ ကုန္းတိုက္လွ်င္ အလြန္မိုက္ရိုင္းရာက်သည္။ မဂၤလာတရားေတာ္ကို ပစ္ပယ္ရာေရာက္သည္။ ထို႔ေၾကာင့္ ကုန္းတိုက္သူကို လူမိုက္ဟု ဆိုရသည္။
ေရွးအခါက ရာဇၿဂိဳလ္ၿမိဳ႕သား တစ္ဦးသည္ အရပ္သားအခ်င္းခ်င္း မတည့္ေအာင္၊ မင္းမႈထမ္း အခ်င္းခ်င္း မတည့္ေအာင္၊ ျပည္သူႏွင့္ရွင္ဘုရင္ မတည့္ေအာင္ ကုန္းတိုက္ေသာေၾကာင့္ ေသေသာအခါ ငရဲ၌ ႏွစ္ေပါင္း မ်ားစြာ ခံရၿပီး ငရဲမွ လြတ္ေသာ္ ဂိဇၥၽကုဋ္ေတာင္၌ အပ္အေမြးေပါက္ ၿပိတၱာႀကီး ျဖစ္ရေၾကာင္း ပါရာဇိကဏ္ က်မ္း၌ ဖတ္႐ႈရသည္။

သတၱမလူမိုက္
သတၱမလူမိုက္ႀကီးမွာ မိန္းမအနားမွ မခြာႏိုင္ေသာ လူမိုက္ႀကီး ျဖစ္သည္။ ေယာက္်ားမွန္လွ်င္ ႀကီးပြားတိုး တက္ေအာင္ ေဆာင္ရြက္လုပ္ကိုင္ ၾကရၿမဲ ျဖစ္သည္။ ယင္းသို႔ ေဆာင္ရြက္ရာ၌ ဇနီးမယားကို ခဏေခတၱ ခြဲတန္ခြဲရမည္။ မခြဲႏိုင္လွ်င္ လူမိုက္စာရင္း အသြင္းခံရမည္။ သားမယားကို မခြဲႏိုင္၍ စီးပြားေရး လမ္းေကာင္း ႏွင့္ လြဲရသူမ်ား၊ ပညာေရးလမ္းခရီး ပိတ္သြားၾကသူမ်ား၊ ရာထူးတိုးတက္မႈႏွင့္ ေဝးရသူမ်ားကို လူ႕ေလာက၌
မၾကာမၾကာ ေတြ႕ရတတ္သည္။ ယင္းသို႔ ဇနီးမယားအပါးမွ မခြာႏိုင္၍ တက္လမ္းပိတ္ေနသူမ်ားကို လူမိုက္ ဟုဆိုရျခင္း ျဖစ္သည္။

အ႒မလူမိုက္
အ႒မေျမာက္လူမိုက္မွာ သူမ်ားေျပာသည္ကို အရမ္းလက္ခံ ယံုၾကည္ေသာ လူမိုက္မ်ဳိး ျဖစ္သည္။ စဥ္းစား ဉာဏ္မရွိ၊ ဆင္ျခင္ေတြးေတာမႈ မျပဳ၊ သူတစ္ပါးေျပာသမွ် အဟုတ္မွတ္၍ လက္ခံယံုၾကည္ပါက လူႏံုလူအ လူငတံုးဟု ဆိုရေပလိမ့္မည္။ သူတစ္ပါးေျပာသည္ကို ယံုၾကည္မိ၍ ဒုကၡေတြ႕ရပံု သာဓကကို ေအာက္ပါ အျဖစ္အပ်က္မ်ားကို ႐ႈ၍ သိသင့္ေပသည္။
ဧကနိပါတ္ သိဂၤါလဇာတ္၌ ေငြ ၂၀၀ ေပးမည္၊ ငါ့ကို ေက်ာပိုး၍ ပို႔ေဆာင္ပါ ဟု ေျမေခြး လွည့္ပတ္ေသာ စကားကို ယံုမိ၍ ပုဏၰားအို အရွက္ကြဲရဖူးသည္။
စတုတၳနိပါတ္ ဒုဒၵဳဘဇာတ္၌ ဥသွ်စ္သီးေၾကြက်သည္ကို ေျမၿပိဳပါၿပီဟု ဟစ္ေအာ္ေျပးသြားေသာ ယုန္တစ္ ေကာင္၏ စကားကို ယံုမိ၍ ေတာတြင္း ရွိ တိရစာၦန္အမ်ား ေျပးၾကလႊားၾက ဒုကၡေရာက္ၾကရဖူးသည္။
 ဒီဃနိကာယ္ သုတ္မဟာဝါ၌ ေဝႆကာရပုဏၰား၏ ေျပာဆိုေသာ စကားကို ယံုမိ၍ ေဝသာလီျပည္ႀကီး ပ်က္စီးခဲ့ရဖူးသည္။
ဤျဖစ္ရပ္၊ ဤသာဓကမ်ားကို ႐ႈ၍ သူတစ္ပါး ေျပာတိုင္း အရမ္းမယံုပါႏွင့္ ယံုလွ်င္ လူမိုက္ႀကီး အေခၚခံရ ေပလိမ့္မည္။

ကင္းဝန္မင္းႀကီး၏ကဗ်ာ
ဤေဖာ္ျပပါ လူမိုက္ႀကီး ရွစ္ဦိးအေၾကာင္းကို ကင္းဝန္မင္းႀကီးက ေအာက္ပါအတိုင္း ကဗ်ာေရး၍ ထားခဲ့ေလ သည္။
သူခိုက္ပြား၊ ဝင္စားတတ္တဲ့လူ။
ျမင္တိုင္းလိုခ်င္လို႔၊ စာသာသင္ စာမေရးႏိုင္ႏွင့္၊
စာေရးလွ်င္ ျဖတ္မတည္းတဲ့ျပင္၊
ကပ္ဆည္းသသူရကို၊ ယမ္းခဘိမူ။
မ်ဳိးေဆြကိုေပး သုညႏွင့္၊
မိန္းမကိုမခြာအားလို႔၊
အမ်ားလက္ခံသူ၊ မွတ္ယူပ ရွစ္ဦး။
မွန္ဘိေခ်၊ ပ႑ိမဟူေစႏွင့္၊
ဇမၺဴေျမ ျမလွ်ံပိုင္းျဖင့္၊ ရိုင္းေခါင္းထိမႉး။

သကၠတဘာသာျဖင့္ ေရးထားေသာတျႏၵသာရအမည္ရွိသည့္ က်မ္းတြင္ လူမိုက္ႀကီးရွစ္ဦးအေၾကာင္းကို ျပဆိုထားေလသည္။
 မာဂဓိ-သာစည္
၁၉၉၀၊ ႏိုဝင္ဘာလ၊ အမွတ္ ၁၁။

#Unicode Version#
 (၁) သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သူ
(၂) မြင်သမျှကို လိုချင်သူ
(၃) စာသာတတ်၍ စာမရေးတတ်သူ
(၄) မိမိရေးသောစာကို အမှားအမှန်မတည်းဖြတ်သူ
(၅) ယောက္ခမကို ကပ်ရပ်စားသူ
(၆) ဆွေမျိုးခြင်း မတည့်အောင် ကုန်းတိုက်သူ
(၇) မိန်းမအနားမှ မခွာနိုင်သူ
(၈) သူများပြောစကား လက်ခံသူတို့ ဖြစ်သည်။

ပထမလူမိုက်
ပထမလူမိုက်ကြီးမှာ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သော လူမိုက်ကြီး ဖြစ်သည်။ သူတစ်ပါး ရန်ဖြစ်သည်ကို အဆောတလျင် မဆင်မခြင်ကြားမဝင်ပါနှင့်၊ ကြားဝင်လျှင် ကိုယ်သာခံရတတ်သည်။ ရန်ဖြစ်သူ နှစ်ဦးမှာ ဒေါသအိုး ပေါက်ကွဲနေချိန်ဖြစ်၍ ကြားဝင်ဖျန်ဖြေသူ၏စကားကို ရုတ်တရက် သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တုတ် - ဓားလက်နက်ကိုင်စွဲသော ရန်ပွဲမျိုးဖြစ်ပါက ပို၍ အန္တရာယ်ကြီးမားသည်။
ယင်းရန်ပွဲမျိုးကို မိမိက စေတနာထား၍ ဖျန်ဖြေသော်လည်း ရန်ဖြစ်သူနှစ်ဦး၏ ဒေါသအရှိန်ကြောင့် ကြားဝင်မိသူမှာ တုတ်ဖြင့် အနှက်ခံရခြင်း၊ ဓားဖြင့် အဆော်ခံရခြင်းစသော ဆိုးကျိုးများ ခံရတတ်သည်။ ထိပ်ပေါက် ခေါင်းကွဲဖြစ်ရုံမျှမက အချို့ဆိုလျှင် အသက်ဆုံးရှုံးရသည်အထိ ဘေးဒုက္ခတွေ့ရတတ်သည်။ သို့ဖြစ်၍ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်မိသူအား လူမိုက်ဟူ၍ ဆိုခြင်းဖြစ်လေသည်။ ကျွဲနှစ်ကောင်ခတ် သည့်အကြား မြေစာပင် မဖြစ်ပါစေနှင့်၊ သူတစ်ပါးဓားခုတ်ရာ လက်ဝင်မလျှိုပါနှင့် စသော စကားပုံများမှာ ပထမလူမိုက်ကြီးကို ရည်ရွယ်ပြောဆိုသော စကားပုံများ ဖြစ်သည်။

ဒုတိယလူမိုက်
ဒုတိယလူမိုက်ကြီးမှာ မြင်မြင်သမျှကို လိုချင်စိတ်ရှိသူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ လောဘဖိစီးခံရပြီး ဟိုဟာလိုချင် သည်ဟာလိုချင် ဣန္ဒြေမရသောကြောင့် ဖြစ်သည်။ တွေ့သမျှ မြင်သမျှကို လိုချင်စိတ်ဖြင့် တောင်းရမ်းသည့်အခါ တစ်ဖက်လူက အမြင်ကပ်ပြီး မုန်းတီးခြင်းကိုပင် ခံရတတ်သည်။ လောဘသည် မျောက်နှဲစေး နှင့်တူ၍ လောဘဖိစီးခံရသူမှာ မျောက်နှဲစေး အငြိခံရသော မျောက်သတ္တဝါနှင့် တူနေသည်။ သေဖို့ရာလမ်းဝသို့ရောက်သော မျောက်နှင့်တူသောကြောင့် မြင်သမျှ လိုချင်တတ်သောသူကို လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။ အလိုလောဘကို မီးပုံးကြီးနှင့်တူကြောင်း၊ သမုဒ္ဒရာနှင့်တူကြောင်း ကျမ်းဂန် များတွင် ဥပမာပြဆိုထားပေသည်။ အလိုလောဘနှိပ်စက်၍ တင်းမတိမ် အားမရနိုင်သောကြောင့် အကျိုး တရား ပျက်စီးရပုံအကြောင်းကို ဧကနိပါတ် သုဝဏ္ဏဟံသဇာတ်တော်ကို သာဓကအဖြစ် ကြည့်သင့် သည်။ သမီးသုံးယောက်နှင့် ဇနီးဖြစ်သူတို့ ဆင်းရဲသည်ကို ချီးမြောက်လို၍ ဘဝဟောင်းမှ ဖခင်ဖြစ်ဖူးသော ရွှေဟင်္သာငှက်က အိမ်သို့လာပြီး တစ်နေ့လျှင် ရွှေတောင် ရွှေခက် တစ်ရွက်စီ နေ့စဉ်မှန်မှန် ပေးနေပါလျက် တင်းမတိမ် အားမရနိုင်သော လောဘကြောင့် အမွေးအတောင် အားလုံးကို နုတ်ယူပစ်သည့်အတွက် ရွှေရောင်ကွယ်ပြီး ဗျိုင်းတောင်သဖွယ် ဖြစ်ကုန်ရသည်။ လောဘကြီးသော  မိသားစုတို့လည်း ဆင်းရဲမြဲ ဆင်းရဲကုန်သည်။

ဤအကြောင်းကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ၌ အောက်ပါအတိုင်း ရေးဖွဲ့စပ်ဆိုထားလေသည်။
ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်
နှစ်သက်စိတ်က၊ ပေးသမျှကို
အားရမရှိ၊ ကဲလွန်ဘိလျက်
အတိ ဗလဝ၊ ကြီးလောဘနှင့်
အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း
နင်း၍ကုန်အောင်၊ နတ်ယူဆောင်သော်
ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏။

လောဘတရားဆိုး၏ အလိုပြည့်နိုင်ခဲပုံကို တိကနိပါတ်၊ မန္ဓာတုဇာတ်တော်ထဲမှ စကြာမင်းကြီး၏ ဖြစ်ရပ်ကို လည်း သာဓကအဖြစ် ကြည့်ရှုသင့်၏။ အထက်ပါသာဓကတို့ကို ထောက်၍ မြင်သမျှ တွေ့သမျှ လိုချင်သော သူများကို လူမိုက်ဟု ဆိုရခြင်းဖြစ် သည်။ ပုဂ္ဂလိကပိုင် ပစ္စည်း၊ အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများကို မတော်လောဘဖြင့် ရလိုသူများ၊ ယူဆောင်သူများကိုလည်း လူမိုက်စာရင်းတွင် သွင်းရမည်ဖြစ်ကြောင်း သဘောပေါက်ကြရန် ဖြစ်ပေသည်။

တတိယလူမိုက်
တတိယလူမိုက်ကြီးမှာ စာသာတတ်ပြီး စာမရေးတတ်သော လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ ရာဇဝတ်မှု ကျူးလွန်၍ ဆိုခြင်းမဟုတ်၊ အကုသိုလ်အမှု ပြုလုပ်၍ ဆိုခြင်းမဟုတ်။ မိမိသိထား၊ တတ်ထား၊ လေ့လာသင်ကြားထားသော အတတ်ပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံများကို သူတစ်ပါး နည်းယူနိုင်စေရန် ရေးသားမှု မပြုသောကြောင့် လူမိုက်ဟု တင်စား ခေါ်ဆိုခြင်း ဖြစ်သည်။ စာတွေ ဘယ် လောက်တတ်တတ် စာတစ်စောင် ပေတစ်ဖွဲ့ ကျမ်းစာတစ်အုပ်မျှ ရေးသားခြင်း မပြုခဲ့သော် ထိုသူ ကွယ်လွန် သည့်အခါ မည်သည့်ပညာ အမွေအနှစ်မျှ ကျန်ရစ်မည် မဟုတ်ပေ။ ယင်းကို ရည်ရွယ်၍ လူမိုက်ဟုဆိုထား ခြင်း ဖြစ်သည်။

စတုတ္ထလူမိုက်
စတုတ္ထလူမိုက်ကြီးမှာ မိမိရေးပြီးစာများကို အမှားအမှန် ပြန်လည်မစစ်ဆေးဘဲ ပြီးစလွယ်လုပ်တတ်သူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုုက်ဟုဆိုရခြင်းမှာ အလွန်သဘာဝကျလေသည်။ မိမိရေးသားသော ကဗျာ ကိုဖြစ်စေ၊ သီချင်းကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ၊ ဝတ္ထုကို ဖြစ်စေ၊ မှတ်တမ်းကို ဖြစ်စေ၊ ဝေဖန်ချက် စသည်များကို ဖြစ်စေ စိစစ်ခြင်း၊ အမှားအမှန်ပြန်လည် သုံးသပ်ခြင်း၊ နှီးနှော တိုက်ဆိုင်ခြင်း မပြုဘဲ ဖြစ်ကတတ်ဆန်း ပေးပို့လျှင်၊ ဖြန့်ဖြူးလျှင်၊ ထုတ်ဝေလျှင် နောင်တစ်ချိန် ပြဿနာ ထိပ်တိုက် တွေ့တတ် ပါသည်။ မိမိရေးသားသောစာ၌ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့် အကြောင်းများပါနေလျှင်၊ နိုင်ငံရေး အရှုပ် အထွေးစာမျိုး ဖြစ်နေလျှင်၊ တိုင်းပြည်နှင့်လူမျိုး ဂုဏ်သရေ ညှိုးစေမည့်စာမျိုး ဖြစ်နေလျှင်၊ ဘာသာ - သာသနာကို ထိခိုက်စေမည့်  စာမျိုးဖြစ်နေလျှင် ရေးသူ၌တာဝန်မကင်းပါ။ တာဝန်မကင်းရုံမျှမက လောက သံသရာ နှစ်ဖြာအကျိုး ထိခိုက်တတ်လေသည်။ သို့ဖြစ်၍ မိမိရေးပြီးစာများကို အကြိမ်ကြိမ်အခါခါ သေသေချာချာ တည်းဖြတ် စိစစ် သင့်ပေသည်။ ရေးပြီးစာများ မတည်းဖြတ်သော စာရေးဆရာမျိုးကို လူမိုက်ဟု ဆိုရတော့သည်။ လူမိုက်အခေါ် မခံချင်ပါက ရေးပြီးစာကို ပြန်လည်စိစစ် မှားမှန်သုံးသပ်ပါ။

ပဉ္စမလူမိုက်
ပဉ္စမလူမိုက်ကြီးမှာ ယောက္ခမကို ကပ်ရပ်မှီခို အချောင်နေလိုသော လူမိုက်ကြီး ဖြစ်သည်။ သူ့သမီးကို ယူထားပြီး ကိုယ်စွမ်းကိုယ်စ ဘာတစ်ခုမျှ အားမထုတ်ဘဲ ယောက္ခမအရိပ်ကို ခိုပြီး လက်ဝေခံ စားသောက် နေထိုင်သော သမက်မျိုးတွေ ဤလောက၌များစွာရှိတတ်သည်။ ယောက္ခမျက်နှာကြည့်ရ၊ မိန်းမအငေါက်ခံရ၊ သူတစ်ပါး အထင်သေးခံရသူများ ဖြစ်၍ သမက်ဈေးကျသူများ ဖြစ်သည်။ ယောက္ခမ အိမ်မှာနေ၊ယောက္ခမ ကျွေးတာစား၊ ယောက္ခမ ပေးတာဝတ်၊ ယောက္ခမ ပြုသမျှ နုရသောသမက်များအဖို့ ရွှေသမက် မဟုတ်၊ ရွှံ့သမက်များသာ ဖြစ်လေသည်။ အစွမ်းအစ ကြံရည် ဉာဏ်ရည် သတ္တိ ဗျတ္တိ လူရေးလူရာ အညွန့်တုံးသူများ ဖြစ်၏။ ဤသမက်မျိုးကို လူမိုက်စာရင်းသွင်းရခြင်း ဖြစ်သည်။ သင်လည်း လူမိုက်စာရင်းတွင် မပါပါစေလင့်။

ဆဋ္ဌမလူမိုက်
ဆဋ္ဌမလူမိုက်ကြီးမှာ ဆွေမျိုးချင်း မတည့်အောင် ကုန်းတိုက်သော လူမိုက်ကြီးဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သင့်မျှသည်ကို မသင့်အောင် မတည့်အောင် ကုန်းတိုက်ခြင်းမှာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စ
ဖြစ်သည်။ လူမှန်လျှင် ဉာတကာနဉ္စသင်္ဂဟ မင်္ဂလာအရ ဆွေမျိုးသားချင်းတို့အား ထောက်ပံ့ကူညီရမြဲ ဖြစ်သည်။ စီးပွားရေးကို အကြောင်းပြု၍ဖြစ်စေ၊ အိမ်တွင်းရေးကို အကြောင်းပြု၍ဖြစ်စေ၊ သားရေး သမီးရေး ကို အကြောင်းပြု၍ဖြစ်စေ စိတ်ရိုင်း စိတ်မိုက်ဝင်ပြီး ဆွေမျိုးသားချင်းတို့အား အချင်းချင်း မသင့်မျှ အောင် သွေးခွဲလျှင်၊ ကုန်းတိုက်လျှင် အလွန်မိုက်ရိုင်းရာကျသည်။ မင်္ဂလာတရားတော်ကို ပစ်ပယ်ရာရောက်သည်။ ထို့ကြောင့် ကုန်းတိုက်သူကို လူမိုက်ဟု ဆိုရသည်။
ရှေးအခါက ရာဇဂြိုလ်မြို့သား တစ်ဦးသည် အရပ်သားအချင်းချင်း မတည့်အောင်၊ မင်းမှုထမ်း အချင်းချင်း မတည့်အောင်၊ ပြည်သူနှင့်ရှင်ဘုရင် မတည့်အောင် ကုန်းတိုက်သောကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း များစွာ ခံရပြီး ငရဲမှ လွတ်သော် ဂိဇ္ဈကုဋ်တောင်၌ အပ်အမွေးပေါက် ပြိတ္တာကြီး ဖြစ်ရကြောင်း ပါရာဇိကဏ် ကျမ်း၌ ဖတ်ရှုရသည်။

သတ္တမလူမိုက်
သတ္တမလူမိုက်ကြီးမှာ မိန်းမအနားမှ မခွာနိုင်သော လူမိုက်ကြီး ဖြစ်သည်။ ယောက်ျားမှန်လျှင် ကြီးပွားတိုး တက်အောင် ဆောင်ရွက်လုပ်ကိုင် ကြရမြဲ ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဇနီးမယားကို ခဏခေတ္တ ခွဲတန်ခွဲရမည်။ မခွဲနိုင်လျှင် လူမိုက်စာရင်း အသွင်းခံရမည်။ သားမယားကို မခွဲနိုင်၍ စီးပွားရေး လမ်းကောင်း နှင့် လွဲရသူများ၊ ပညာရေးလမ်းခရီး ပိတ်သွားကြသူများ၊ ရာထူးတိုးတက်မှုနှင့် ဝေးရသူများကို လူ့လောက၌
မကြာမကြာ တွေ့ရတတ်သည်။ ယင်းသို့ ဇနီးမယားအပါးမှ မခွာနိုင်၍ တက်လမ်းပိတ်နေသူများကို လူမိုက် ဟုဆိုရခြင်း ဖြစ်သည်။

အဋ္ဌမလူမိုက်
အဋ္ဌမမြောက်လူမိုက်မှာ သူများပြောသည်ကို အရမ်းလက်ခံ ယုံကြည်သော လူမိုက်မျိုး ဖြစ်သည်။ စဉ်းစား ဉာဏ်မရှိ၊ ဆင်ခြင်တွေးတောမှု မပြု၊ သူတစ်ပါးပြောသမျှ အဟုတ်မှတ်၍ လက်ခံယုံကြည်ပါက လူနုံလူအ လူငတုံးဟု ဆိုရပေလိမ့်မည်။ သူတစ်ပါးပြောသည်ကို ယုံကြည်မိ၍ ဒုက္ခတွေ့ရပုံ သာဓကကို အောက်ပါ အဖြစ်အပျက်များကို ရှု၍ သိသင့်ပေသည်။
ဧကနိပါတ် သိင်္ဂါလဇာတ်၌ ငွေ ၂၀၀ ပေးမည်၊ ငါ့ကို ကျောပိုး၍ ပို့ဆောင်ပါ ဟု မြေခွေး လှည့်ပတ်သော စကားကို ယုံမိ၍ ပုဏ္ဏားအို အရှက်ကွဲရဖူးသည်။
စတုတ္ထနိပါတ် ဒုဒ္ဒုဘဇာတ်၌ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပါပြီဟု ဟစ်အော်ပြေးသွားသော ယုန်တစ် ကောင်၏ စကားကို ယုံမိ၍ တောတွင်း ရှိ တိရစ္ဆာန်အများ ပြေးကြလွှားကြ ဒုက္ခရောက်ကြရဖူးသည်။
 ဒီဃနိကာယ် သုတ်မဟာဝါ၌ ဝေဿကာရပုဏ္ဏား၏ ပြောဆိုသော စကားကို ယုံမိ၍ ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရဖူးသည်။
ဤဖြစ်ရပ်၊ ဤသာဓကများကို ရှု၍ သူတစ်ပါး ပြောတိုင်း အရမ်းမယုံပါနှင့် ယုံလျှင် လူမိုက်ကြီး အခေါ်ခံရ ပေလိမ့်မည်။

ကင်းဝန်မင်းကြီး၏ကဗျာ
ဤဖော်ပြပါ လူမိုက်ကြီး ရှစ်ဦိးအကြောင်းကို ကင်းဝန်မင်းကြီးက အောက်ပါအတိုင်း ကဗျာရေး၍ ထားခဲ့လေ သည်။
သူခိုက်ပွား၊ ဝင်စားတတ်တဲ့လူ။
မြင်တိုင်းလိုချင်လို့၊ စာသာသင် စာမရေးနိုင်နှင့်၊
စာရေးလျှင် ဖြတ်မတည်းတဲ့ပြင်၊
ကပ်ဆည်းသသူရကို၊ ယမ်းခဘိမူ။
မျိုးဆွေကိုပေး သုညနှင့်၊
မိန်းမကိုမခွာအားလို့၊
အများလက်ခံသူ၊ မှတ်ယူပ ရှစ်ဦး။
မှန်ဘိချေ၊ ပဏ္ဍိမဟူစေနှင့်၊
ဇမ္ဗူမြေ မြလျှံပိုင်းဖြင့်၊ ရိုင်းခေါင်းထိမှူး။

သက္ကတဘာသာဖြင့် ရေးထားသောတန္ဒြသာရအမည်ရှိသည့် ကျမ်းတွင် လူမိုက်ကြီးရှစ်ဦးအကြောင်းကို ပြဆိုထားလေသည်။
မာဂဓိ-သာစည်
၁၉၉၀၊ နိုဝင်ဘာလ၊ အမှတ် ၁၁။

No comments:

Post a Comment