Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 10, 2018

ငါ့သူငယ်​ချင်း လျှောမွေးရဲ့ ဝိဉာဉ်



လူပျော့ပေမယ့်
ငယ်ငယ်ကတည်းက အင်မတန် ငိုခဲတဲ့ ငါဟာ
ဘယ်သူမှ မသိပေမယ့်
စက်တင်ဘာ ၁၉ ရက် ရောက်တိုင်း
မပျက်မကွက် ငိုခဲ့ပါတယ် သူငယ်​ချင်း။

ထောင်လေး တစ်လတောင် မပြည့်ဘဲ ကျခဲ့တဲ့ ငါ့ကို
မင်း အရမ်းအထင်ကြီးခဲ့ပေမယ့်
ငါက
မင်းရဲ့ နောက်ဆုံးနေ့တွေကျမှ
မင်းကို အထင်ကြီးသွားတာ
ခွင့်​လွှတ်​ပါ​ သူငယ်​ချင်း။

မင်းဟာ
အရမ်းချမ်းသာတဲ့ မိသားစုရဲ့
တစ်ဦးတည်းသော ရင်သွေး၊
ဆေးကျောင်းကို အထက်စီးက ရောက်လာသူ။
မင်းက ဆေးကျောင်းသားဘဝ
မဟုတ်​တာ တော်တော်များများ လုပ်လို့
ဘဝကို ပေပေတေတေနေပစ်ခဲ့တယ်။
အဲ့ဒီခေတ်ကလည်း
ပိုက်​ဆံမရှိရင် ဒုက္ခရောက်မယ်၊
ပိုက်​ဆံရှိရင် ပျက်​စီးမယ်ဆိုတဲ့ ခေတ်ကိုး။
မင်းသာ
ငါ့ဆီက စာအုပ်တွေ ယူမဖတ်ဖြစ်ရင်
မင်းဘဝလေး သာယာနေမှာပါ။
မင်း အမှန်တရားအတွက်
နာကျည်းတတ်မှာ မဟုတ်​ဘူး။

၁၉၈၈ စက်တာဘာ ၁၉
ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကြမ်းပြင်မှာ
အလောင်းတွေ ပြန့်ကျဲလို့။
မင်းအလောင်းကို ခိုးဖို့
ငါတို့ ရင်ခွဲရုံထဲ ပုန်းနေခဲ့ကြတယ်။
မင်းအလောင်း ရောက်လာတဲ့အခါ
အောက်ပိုင်းမှာ ပုဆိုး ပါမလာဘူး။
နာရီနဲ့ ဆွဲကြိုးလည်း
သူခိုးတွေ ယူထားလိုက်ကြပြီ။
နဖူးက ကျည်​ဆန် ဝင်ပြီး
နောက်စေ့က ပွင့်ထွက်လို့။

လူဟာ ဇိမ်ခံချင်တဲ့ အမျိုးပါ သူငယ်​ချင်း။
ရေလိုက်​ငါးလိုက်​ နေထိုင်ရင်း
ဘဝမှာ အေးအေးသက်သာ နေလိုက်ဖို့
စိတ်ကူးမိခဲ့တာ အကြိမ်​ကြိမ်​ပါ။
အမှန်တရားနဲ့ ကိုယ်​ကျိုးစီးပွား ထိပ်တိုက်တွေ့တိုင်း
မင်းဝိဉာဉ်ဟာ ငါ့ကို ပူးကပ်
ထမင်းလုတ်တွေ ပုတ်ချလို့
မြွေဟောက်လို ခေါင်းထောင်လာစေတယ်။

ငါဟာ
ဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်​ဖူးတဲ့
လူဘော်ကြော့ပါ။
အရင်က မီတာ ၄၀၀ လောက် လမ်းလျှောက်ရင်တောင် မောလို့။
တောထဲမှာ ဆင်းရဲဒုက္ခရောက်လိုက်မယ်ဖြစ်ခြင်းဆိုတာလည်း
တွေးပြီးသား။
တောတွေ တောင်တွေကိုဖြတ်
၁၀ ရက်ခရီးကို အရောက်သွားနိုင်ခဲ့တာ
မင်းဝိဉာဉ်ကြောင့်ပါ။

ငါက
အစ်မနှစ်ယောက်နဲ့အတူ ကြီးပြင်းခဲ့တဲ့
ကြောက်တတ်သူ လူပျော့ပါ။
ငါဟာ
သေဘေးကြုံတိုင်း ရဲရင့်ခဲ့တယ်။
ကိုယ့်ကို သတ်မယ့်သူတွေကိုတောင်
လှောင်ပြောင်ပြီး ​မေးခွန်းထုတ်ခဲ့လို့
ဘေးကလူတွေ အံ့သြခဲ့တယ်။
အဲ့ဒါ ငါ မဟုတ်ပါဘူး၊
မင်းဝိဉာဉ်က ငါ့ကို ပူးဝင်နေတာပါ။

တစ်နေရာတည်းမှာ အတူကျဆုံးခဲ့ရပေမယ့်
ဝင်းမော်ဦးကို ဓာတ်​ပုံတစ်ပုံကြောင့်
လူသိများခဲ့ပေမယ့်
မင်းကို ဘယ်သူမှ မသိဘူး သူငယ်​ချင်း။
မင်းဟာ လုပ်သင့်လုပ်ထိုက်တာမှန်သမျှ
ရဲရဲရင့်ရင့် လုပ်ခဲ့သူ၊
အမှန်တရားအတွက် နာကျည်းတတ်ခဲ့သူ
အသိအမှတ်ပြုတာ မပြုတာ
အရေးမလုပ်ခဲ့သူ
ငါ အားကျတယ် သူငယ်​ချင်း။

တစ်ယောက်နဲ့အများ
ငါ သတ္တိနည်းသွားနိုင်တယ် သူငယ်​ချင်း။
ငါ အမှန်တရားကနေ
သွေဖည်သွားနိုင်တဲ့အခါ
မင်း ငါ့ဆီ လာပါ သူငယ်​ချင်း။

နရီမင်း
၁၀ - ၄- ၂၀၁၈

No comments:

Post a Comment