Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 6, 2018

စစ်အုပ်စုအကြောင်း ဘယ်လောက်သိသလဲ (ရဲဘော်ဖိုးသံချောင်း)


ဗမာပြည်စစ်အာဏာရှင်တွေ ကပြသလိုက်တဲ့ တရားကတော့ အာဏာရှိရင် ဘာမဆိုလုပ်လို့ရတယ် လို့ ယူဆတဲ့ ဗိုလ်ချုပ်တွေဟာ အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်မယ် ဆိုတာပါပဲ။

ကျွန်တော်နဲ့ ကိုကိုးကျွန်းမှာ အတူထောင်ကျခဲ့တဲ့ ဦးလေးဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေး ပါတီ) ကွယ်လွန်သွား ပြီးနောက် သူ့အကြောင်းတွေပြောကြတော့ ဦးလေးဦးခင်မောင်မြင့်ပြောတဲ့ အဖိုးတန်စကားတစ်ခွန်းကို မှတ်မှတ်ရရ ကြား လိုက်ရပါတယ်။ ဦးလေးဦးခင်မောင်မြင့်နဲ့ ကျွန်တော်က ကိုကိုးကျွန်းက ပြန်လာကြပြီးတဲ့နောက် တခါမှပြန်မတွေ့ကြတော့ ပါဘူး။ ကျွန်တော့်ကိုပြောပြတဲ့ လူရဲ့စကားက “ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က လွတ်လာတော့ ဦးခင်မောင်မြင့်က ဒေါ်စုကို‘ မစု၊ မင်းဗမာပြည်နိုင်ငံရေး လုပ်ချင်ရင် ဗမာပြည်ကစစ်တပ်ရဲ့အကြောင်းကို နားလည်အောင် လုပ်ထားရမယ်’” ဆိုတာပဲဖြစ်ပါတယ်။

အဲဒီစကားဟာ တဆင့်ကြားဖြစ်ပေမယ့် မှန်လိုက်လေဦးလေးရယ်လို့ပြောမိပြီး အတွေးတွေအများကြီးလည်း ဆက်ပေါ် ထွက်လာခဲ့ပါတယ်။

ဒါဖြင့်ဦးလေးဦးခင်မောင်မြင့်ပြောတဲ့ ဗမာပြည်စစ်တပ်ရဲ့ အကြောင်းဆိုတာကို ဘယ်လိုဖွင့်ဆိုကြမလဲ။ အာဏာ မက်တဲ့၊ အာဏာသိမ်းတာကို ထမင်းစားရေသောက် သဘောထားတဲ့၊ ၇ ရက်ဇူလိုင်လို မြို့လယ်ခေါင် လူသတ်ပွဲကအစ တောတောင်တွေထဲမှာလည်း ထင်သလိုသတ် တတ်တဲ့ စတာတွေကိုပြောရင်တော့ ဒါများအဆန်းလုပ်လို့လို့ ပြောကြမှာပါ။ ဟုတ်ပါတယ်။

ဒါတွေအပြင် ဒီနေ့အခါမှာ တတိုင်းတပြည်လုံးကို လက်နက်ကိုင် ဖိနှိပ်ပြီး အာဏာအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ ချုပ်ကိုင်ထားတယ်၊ နေရာတကာမှာသူတို့ပဲ ခြယ်လှယ်နေတယ် စတဲ့ကမ္ဘာသိ၊ ဗမာသိအချက်တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေထက် ပိုပြီး အဓိကကျတယ် လို့ဆိုရမှာတွေက-

အရင်ဆုံးပြောရမှာက အထက်မှာရေးခဲ့တဲ့ စစ်တပ်ဆိုတာဟာ တပ်မတော်တခုလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ တပ် မတော်ကို ချုပ်ကိုင်ပြီး လူထုအပေါ် ဗိုလ်ကျတဲ့ စစ်အာဏာရှင် ထိပ်သီးပိုင်း ကိုသာဖြစ်ပါတယ်။ အောက်ခြေတပ်မှူးတပ်သား တွေဟာ ထိပ်သီးတွေကသေဆိုသေ၊ ရှင်ဆိုရှင် ခိုင်းရာနေ- စေရာသွား သမားတွေသာဖြစ်ပြီး သူတို့ လုယက်တိုက်ခိုက်၊ သတ်ဖြတ်တာတွေရဲ့ အကျိုးအမြတ်ကိုမခံစားရသူတွေ ဖြစ်ပါတယ်။ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည် ဖြစ်စေ၊ ဒီစစ်အုပ်စုဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံး (တနည်းအားဖြင့် လက်မှာသွေးအစွန်းဆုံး) စစ်အုပ်စု တစ်ခုဖြစ်ပါတယ်။ ဗမာပြည် လွတ်လပ်ရေးရကတည်းက သန္ဓေတည်ပေါက်ဖွားလာပြီး တိုင်းပြည်ကို ဆယ်စုနှစ် ငါးခုကျော်အုပ်စိုး၊ ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇ဝ နီးပါး တိုက်ခိုက် လာတဲ့ စစ်အုပ်စုလည်းဖြစ်ပါတယ်။

ဒီလိုကာလတာရှည် အုပ်ချုပ်စိုးမိုးလာတာနဲ့အတူ စစ်တပ် ဟာ သူတို့စစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ် ဖြစ်လာပါတယ်။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ဆိုတာမှာ ပိုပြီးအထင်အရှားတွေ့ရပါတယ်။ စစ်တပ်ကို “အစိုးရ” က လုံးဝ အမိန့်မပေးနိုင်ပါဘူး။ စစ်တပ်ဟာ အစိုးရလက်အောက်မှာ မဟုတ်ပါဘူး။ သူတပါး လက်အောက်မှာပါ။ စစ်အုပ်စုဟာ ဒီလိုစစ်တပ်ကိုတလက်ကိုင်လုပ်ထားနိုင်ပြီးနောက်မှာ နိုင်ငံရဲ့စီးပွားရေး၊ လုံခြုံရေး အဆောက်အအုံတွေကိုလည်း မောင်ပိုင် စီးခဲ့တာပါ။ ဒါဟာဒီနေ့မြင်တွေ့နေရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ ကို တပ်ကကိုင်ထားတဲ့ အခြေအနေလောက်ကိုပြောတာ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ဒီတပ်ကိုလက်ကိုင်ပြုပြီး အရပ်သား အစိုးရ (အရပ်သား အစိုးရ ဆိုသူတွေ) ကိုရော၊ နိုင်ငံရေးအင်အားစုတွေကိုပါ အကြပ်ကိုင်၊ အနိုင်ကျင့်နေတာ လွတ်လပ်ရေး အပြီးဒီဘက် တလျှောက်လုံးလို့ဆိုရပါမယ်။ အခုဆိုရင် ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ် ဆိုတာကိုပါ စစ်အုပ်စုကရွေး ချယ် ခန့်ထားပြီး အစိုးရဆိုတာက တံဆိပ်တုံးရိုက် အတည်ပြုနေရတဲ့ အခြေအနေ ရောက်နေပါပြီ။

ဗမာပြည်က စစ်အာဏာရှင် စစ်အုပ်စုကို ကြည့်မြင်တယ်ဆိုရာမှာ သမိုင်းမှာ ကံအားလျော်စွာ လာစုမိကြတဲ့လူတွေလို့ အလွယ်ပြောရင် မပြည့်စုံဘူးထင်ပါတယ်။ ဒီစစ်ဗျူရိုကရက် ယန္တရားကြီးရဲ့ ထူးခြားချက်တခုကတော့ ဗိုလ်နေဝင်း- ဗိုလ် အောင်ကြီး- ဗိုလ်မောင်မောင် စတဲ့ ပထမမျိုးဆက် စစ်အုပ်စုတွေက စစ်တပ်တခုလုံးကို လက်ဝါးကြီး အုပ်လိုက်ရုံမက ရာထူး တိုးမြှင့်ခြင်း၊ ဖြုတ်ပစ်ခြင်း၊ ပြောင်းရွှေ့ခြင်းအပါ စစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှကို ဖဆပလ-ပထစအစိုးရတွေက ဘာမှပြောပိုင်ခွင့် မရှိအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့စစ်တပ်ထိပ်ပိုင်းကိုရောက်လာသူမှန်သမျှဟာ သူတို့လူတွေ ချည်းဖြစ်လာအောင် လုပ်တဲ့ အစဉ်အလာတရပ် ထူထောင်ခဲ့ပါတယ်။ စစ်တပ်ထိပ်ပိုင်းကို ရောက်လာသူမှန်သမျှဟာ ဘယ်သူမှခြွင်းချက်နဲ့ ရောက်လာကြတာမဟုတ်ပါဘူး။ အားလုံးသူတို့လူချည်း သာဖြစ်ပါတယ်။ တပ်တွင်းမှာရင်းမှူး၊ ဗျူဟာ မှူး၊ တိုင်းမှူး စသဖြင့်အဆင့်ဆင့်တက်လာရာမှာ တဆင့်ပြီးတဆင့် စမ်းသပ်ရွေးချယ်ခဲ့တာပါ။ နောင်ကျမှအချင်းချင်း ပဋိ ပက္ခတွေကြောင့်ဖြုတ်ပစ်တာ၊ အရေးယူတာက တပိုင်းဖြစ်ပါတယ်။

၁၉၅ဝ စုနှစ်များကစလို့ ဒီနေ့အထိနှစ်ပေါင်း ၆ဝ ကျော် တောက်လျှောက်တည်ဆောက်၊ ခြေကုပ်ယူ၊ အားဖြည့်ခဲ့တဲ့ ဒီ စစ်ဗျူရိုကရေစီယန္တရားကြီးဟာ အခုအခါမှာ ပဒေသရာဇ်မင်းဆက်ကြီးတခုလို၊ ဧရာမမာဖီးယားဂိုဏ်းကြီးတခုလို ဖြစ်လာခဲ့ ပါပြီ။ အစိုးရဆိုသူတွေကသူတို့ကိုမကိုင်တွယ်နိုင်၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်/မျက်နှာဖုံးကိုလည်း သူတို့ က တပ်ထားနိုင်၊ ပြည်တွင်းစစ်ကိုလည်းမီးစတဖက်၊ ဓာတ်ဆီပုံးတဖက်၊ ထင်သလိုလုပ်နိုင်၊ တိုင်းပြည်ရဲ့ သဘာဝသယံဇာတနဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ချုပ်ကိုင်နိုင်နေတဲ့အပြင် ကိုယ်ပိုင်နိုင်ငံရေးပါတီနဲ့ ကိုယ်ပိုင်ထောက်လှမ်း ရေးတပ်အပြင် ကိုယ်ပိုင်ဘာသာရေး အဖွဲ့အစည်းတွေတောင်ရှိတဲ့ အစိုးရထဲက အစိုးရတခုဖြစ်နေတဲ့ စစ်အုပ်စုဟာ သမိုင်း တလျှောက်မှာသူတို့အဖို့ အမြင့်ဆုံးအာဏာ အခွင့်အရေးတွေကို စံစားနေရတဲ့ကာလလို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် စစ်အုပ် စုရဲ့ဒီနေ့အနေအထားဟာ ဗမာပြည်သမိုင်းတလျှောက်မှာ နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စီးပွားရေးအရ အခိုင်မာဆုံးနဲ့ သူတို့အတွက် အာမခံချက်အရှိဆုံး အနေ အထားလို့လည်းပြောနိုင်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါလီမန်ထဲကို ခွေးတိုးပေါက်ကနေ ဝင်လို့ရတဲ့အပြင် ပါလီမန် ထဲမှာထင်သလို လုပ်ပိုင်ခွင့်ရနေပါတယ်။ နောက်ပြီး အာဏာရှိတုန်း လုပ်ချင်သလိုလုပ်ခဲ့တာတွေကို အာဏာမရှိတဲ့အခါ တရားဥပဒေနဲ့အရေးယူမခံရဖို့ အာမခံချက်ရထားတာ၊ အချိန်မရွေး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားဝင် အာဏာ သိမ်းခွင့်ရနေတာ၊ ဒီလိုအနေအထားမျိုးတွေကြောင့် ဗမာပြည်က ဒီနေ့အထိရှိခဲ့တဲ့ စစ်အုပ်စုအဆက်ဆက်ထဲမှာ အင်အားအတောင့်ဆုံး၊ သူတို့အာဏာ တည်မြဲရေးအတွက် အာမခံချက်အရှိ ဆုံးနဲ့ စီးပွားရေးအရလည်း အချမ်းသာဆုံး စစ်အုပ်စုလို့ အတိအကျဆိုလို့ရပါတယ်။

ဗမာပြည်ကစစ်အုပ်စု လက်ထဲကစစ်တပ်မှာ တခြားနိုင်ငံတွေကပုံမှန်စစ်တပ်တွေနဲ့ မတူတဲ့ ဒီထူးခြားချက်တွေရှိတယ် လို့ဆိုရပါမယ်။

စစ်တပ်ကိုအစိုးရကလည်းအမိန့်မပေးနိုင်၊ ပါလီမံကလည်းမညွှန်ကြားနိုင်၊ လူတစု၊ လူတစုထဲမှာတောင်ထိပ်ဆုံးက တဦးတည်းကသာ အမြင့်ဆုံးဆုံး အာဏာကိုချုပ်ကိုင်ပြီး အမိန့်ပေး၊ ညွှန်ကြားနိုင်ပါတယ်။

သူတို့လက်ထဲမှာ ဦးပိုင်လို ဒီတိုင်းပြည်မှာအကြီးဆုံး၊ အကြွယ်ဝဆုံး ကုမ္ပဏီကြီးအပြင် ခရိုနီပေါင်းများစွာရဲ့စီးပွားရေး လုပ်ငန်းကြီးတွေရှိနေပါတယ်။

သူတို့ရဲ့“တရားဝင်”အာဏာကိုအပြည့်အဝ အာမခံပေးထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေ ဆိုတာကြီး အခိုင်အမာရှိနေ ပါတယ်။ ဒီနိုင်ငံမှာ ဘယ်အရေးကိစ္စမဆို စစ်တပ်က သဘောမတူရင် ဆုံးဖြတ်ချက်ချလို့ မရအောာင် လုပ်တားတဲ့ အခြေခံ ဥပဒေဆိုတာမျိုးကို ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာရှိ (ဖူး) တယ်လို့ မကြားဖူးတာအမှန်ပါ။

ဒါကြောင့် တိုင်းပြည်ရဲ့ ကာကွယ်ရေးသာမက ပြည်ထဲရေး (ရဲ၊ ထောင်အပါ)၊ တရားရေး၊ နယ်စပ်ရေးရာ တို့ကိုလည်း အပိုင်ချုပ်ကိုင် ထားနိုင်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အပါ ဝန်ကြီးဌာနတော်တော်များများမှာ အတွင်းဝန်ချုပ်တွေဟာ စစ်ဗိုလ်လူထွက်တွေဖြစ်ပြီး သံရုံးတိုင်းလိုလိုမှာ သူတို့လူတွေဟာ အရေးကြီးတဲ့နေရာတွေမှာ ရှိနေပါတယ်။

ဒီစစ်အုပ်စုကြီး၊ စစ်ထိပ်သီးစည်းဝိုင်းအတွင်း ရောက်လိုက်တယ်ဆိုရင် ကိုယ့်အထက်က ထိပ်သီးအဆက်ဆက်ကို သေတပန်သက်တဆုံး သစ္စာရှိ ကြရပါတယ်။ ကိုယ့်ကိုအရေးယူ၊ ထုတ်ပစ်၊ ထောင်ချပစ်ရင်တောင်မှ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားဘဲ” နေရပါတယ်။ တဖက်မှာတော့ လက်ရှိနန်းတက်နေတဲ့ စစ်အုပ်စု ထိပ်သီး တွေဟာ အရင်ကထိပ်သီးဟောင်းတွေရဲ့ ဆွေတော်မျိုးတော်တွေကို ကြည့်ရှု စောင်မရတဲ့ အစဉ်အလာ လုပ်ထားပါတယ်။ ဒီနေ့ ဗမာပြည်မှာ ကောင်းစားနေကြတဲ့ ခရိုနီသူဌေးတွေထဲမှာ အများစုဟာစစ်အုပ်စု အဆက်ဆက်ရဲ့ စစ်ဆွေစစ်မျိုးတွေ လို့ပြောရင် မမှားဘူးထင်ပါတယ်။ တခြားမပြောနဲ့ တလောကလုပ်သွားတဲ့ သူရဲကောင်းစစ်သည်များ ဂုဏ်ပြုပွဲဆိုတာကိုပဲကြည့်ပါ။ အဲဒါဟာ ဗမာပြည်မှာ စစ်အုပ်စုနဲ့ စစ်အာဏာရှိရဲ့ ပိသုကာကြီး၊ လမ်းဖောက်သူကြီး၊ အစဉ်အလာ ထူထောင်သူကြီးဖြစ်တဲ့ ဗိုလ်နေဝင်း သေတဲ့ရက်ကို ကျင်းပနေကြတာ မဟုတ်ပါလား။ စစ်အုပ်စုရဲ့သားမြေးတွေ ခရိုနီစာရင်းမှာ ဗိုလ်နေဝင်း သားသမီးတွေ ထိပ်ဆုံး ကပါနေတာ ကို အထူး မပြောတော့ပါဘူး။

ဗိုလ်နေဝင်းချမှတ်ခဲ့တဲ့ ဒီစစ်အုပ်စုရဲ့အစဉ်အလာတွေထဲမှာ သူတို့နိုင်ငံရေး အကျပ် အတည်းဖြစ်ရင် ပြည်တွင်းမှာ ငြိမ်းချမ်းရေး ဆိုတဲ့ဖဲချပ်ကို ချကစားတာပါပဲ။ ၁၉၆၂ခုနှစ်တုန်းကအာဏာသိမ်းပြီး ၇ ရက်ဇူလိုင် အရေးအခင်းကြီးမှာ ကျောင်းသားတွေကို သတ်လိုက်ပြီးနောက် ပြည်တွင်းပြည်ပရဲ့ချဉ်ဖတ်ဖြစ်နေတဲ့ “တော်လှန်ရေးကောင်စီ”ဟာ ၁၉၆၃ ခု နှစ်ထဲ ဝင်ပြီးတာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမျက်လှည့်ပွဲကို စတော့တာပါပဲ။ နောက်ဆုံးမှာ လက်နက်ကိုင် တိုက်နေသူတွေထဲ က လက်နက်ချသူတွေ ပေါ်လာပြီး မချသူတွေကို တောထဲပြန်ခိုင်းတာနဲ့ အနိုင်ပိုင်းလိုက်တာပါပဲ။ အဲဒီနောက် ၁၉၈ဝခုနှစ် ထဲမှာ တရုတ်က သူ့နယ်စပ်မှာ အေးချမ်းတာဖြစ်စေချင်လို့ ဗိုလ်နေဝင်းကို နယ်စပ်နေလက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေနဲ့ ဆွေးနွေးခိုင်းတော့ ဗိုလ်နေဝင်းလည်း ချောက်ကျပြီး ဆွေးနွေးတယ် ဆိုတာလုပ်လိုက်ပါတယ်။ ဒါပေမဲ့ဒါဟာ လည်းအပေါ်ယံသာမို့ တော်လှန်ရေးသမားအားလုံးကို တောထဲကိုပဲ ပြန်ပို့သလိုဖြစ်ခဲ့ပါတယ်။ အခုလုပ်နေတဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆိုတာ မှာလည်း အဓိက အဆုံးအဖြတ်ဟာစစ်တပ် (စစ်အုပ်စုထိပ်သီး) တွေထဲမှာပဲ ရှိပြီး ပြည်တွင်းပြည်ပကို လိမ်လည်တဲ့ပြပွဲကြီးဖြစ်တယ် ဆိုတာ ပေါ်လာသထက်ပေါ်လာနေပါတယ်။ စစ်တပ်အဖို့ကတော့ သူတို့အောက်ဝင်လာ သမျှကိုအမြတ်လို့ သဘောထားပြီး လုပ်ဦးမှာ သေချာပါတယ်။

တကယ်က ဒီစစ်အုပ်စုမှာ ပြည်တွင်းစစ်ကို ပြီးဆုံးစေလိုတဲ့၊ ရပ်စဲသွားစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး။ ဒီပြည်တွင်းစစ်ကို အကြောင်းပြုပြီး တပ်ကိုကြီးထွားအောင်တည်ဆောက်၊ အဲဒီတပ်ကြီးနဲ့နိုင်ငံရေးအင်အားစုတွေ (အစိုးရဖြစ်တဲ့ အရပ်သား တွေအပါ) အပေါ်အနိုင်ကျင့်၊ အဲဒီတပ်ကြီးအားကိုးနဲ့ သူတို့ကိုဆန့်ကျင်သူ၊ အာခံသူမှန်သမျှကို တရားဥပဒေဘောင်ထဲက နေ တောထဲကိုမောင်းပို့လုပ်နေ/ လုပ်ခဲ့တာပါ။ ပြည်တွင်းစစ်မရှိတဲ့ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေက စစ်တပ်တွေရဲ့အခန်းကဏ္ဍနဲ့နှိုင်းယှဉ်လိုက်ရင် ဗမာပြည်က စစ်တပ်လုပ်နေတာတွေဟာ ဘယ့်ကလောက်တရားလွန်တယ် ဆိုတာ အထင်းသားမြင်နိုင်ပါတယ်။ တောထဲကခေါင်းဆောင်တွေကိုဖမ်းမိရင် “ဗိုလ်နေဝင်းက “မြေပေါ်မှာ ကွန်မြူနစ် ရှားလို့ မင်းတို့ကို ခေါ်လာခိုင်းတာ မဟုတ်ဘူး” လို့ပြောပြီး တောထဲမှာပဲသတ်ခိုင်းလိုက်တာဟာ စစ်မြေပြင်က သူတို့ သဘောထားဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုပြီး မာန်မလျှော့တဲ့အင်အားစုတွေကို တောထဲပြန်ပို့တာဟာ စားပွဲဝိုင်း ပေါ်ကသူတို့ရဲ့သဘောထား ဖြစ်ပါတယ်။

အဲဒီလိုဗိုလ်နေဝင်းရဲ့စစ်အာဏာရှင် အစဉ်အလာနဲ့ လုပ်ဟန်တွေကို ဆက်ခံထားတဲ့ဒီနေ့စစ်အာဏာရှင်တွေဟာ ဗိုလ် နေဝင်းတို့ လက်ထက် ကတည်းကရှိခဲ့တဲ့ သူတို့ရဲ့ အာဃာတတွေကိုလည်း ဆက်လက် ထိန်းသိမ်းထားပါတယ်။ အဲဒါက တော့ ကွန်မြူနစ်ပါတီအပေါ်၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ်နဲ့ ပြည်တွင်းကတိုင်းရင်းသားတွေနဲ့ တရုတ်ကုလားစတဲ့ ပြည် တွင်းကလူမျိုးခြားတွေအပေါ် မုန်းတီးမှုပါ။ အခုအာဏာရှင်မျိုးဆက်က ထပ်တီထွင် အသုံးပြုလိုက်တာက ဘာသာရေး အာဃာတပဲဖြစ်ပါတယ်။ သမိုင်းတလျှောက် မရှိခဲ့တဲ့ ဘာသာမတူသူတွေ အကြားမှာ ပြဿနာတွေကို မပြတ်ဆက်တိုက်ဖန် တီးနေသလို ဗုဒ္ဓဘာသာ ကိုလည်း သမိုင်းမှာမရှိဘူးတဲ့၊ ဗုဒ္ဓဘာသာရဲ့အခြေခံကျင့်စဉ်နဲ့လည်း မကိုက်ညီတဲ့ တခြားဘာ သာဝင်တွေအပေါ် ရန်လိုတဲ့ ဘာသာတရပ် ဖြစ်လာအောင်ပြောင်းပစ်ဖို့၊ သမိုင်းမော်ကွန်း ထိုးဖို့လုပ်နေ ပါတယ်။

စစ်အုပ်စုနဲ့ ပတ်သက်လို့နောက်ပြောစရာတခုက ထောင့်ကိုးရာငါးဆယ် စုနှစ်များကတည်းက တည်ထောင်ထားတဲ့ သူတို့ရဲ့ တလက်ကိုင် စစ်ထောက်လှမ်းရေး အဖွဲ့ကြီးနဲ့ ဒါနဲ့ တဆက်စပ်တည်းလိုဖြစ်တဲ့ စုဆောင်းထားတဲ့ သတင်းတွေ၊ မွေးထား တဲ့သတင်းပေးတွေ၊ ဆရာအခေါ်ခံထားတဲ့လက်နက်ချတွေ အဆောက်အအုံကြီးတခုလို ရှိနေတာဖြစ်ပါတယ်။ တိုင်းပြည် မှာဖဆပလ၊ ပထစ၊ မဆလ၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်၊ အခုအင်န်အယ်လ်ဒီစသဖြင့် အစိုးရအမျိုးမျိုး၊ စစ်အာဏာရှင်အမျိုးမျိုးအာဏာရခဲ့ကြပေမယ့် ဒီအဆောက်အအုံကြီးဟာ စစ်အုပ်စုတခုတည်းကိုသာ သစ္စာရှိပါတယ်။ လက် နက်ချသတင်းပေးတွေဆိုရင် ဘယ်အစိုးရပဲတက်တက် စစ်အာဏာရှင်များနဲ့ ထောက်လှမ်းရေးကိုပဲ အလုပ်အကျွေးပြုနာခံ ကြရပါတယ်။ ရုပ်ရှင်နယ်ပယ်နဲ့ နိုင်ငံရေးလောကက လူတွေအပါ တိုင်းပြည်မှာနာမည်ရှိသူတွေရဲ့ အားနည်းချက်၊ ချွတ်ယွင်း ချက်တွေကိုလည်း ထောက်လှမ်းရေးစုဆောင်းထားတဲ့ သတင်းတွေဆိုတာတွေထဲမှာ ပါနေပြီး သူတို့ဟာအဲဒီအချက်အလက် တွေကို လိုအပ်ရင်လိုအပ်သလို ကောက်ကျစ်စွာ အသုံးပြုတာ၊ အကျပ်ကိုင်တာတွေ လုပ်ကြပါတယ်။

သင်းတို့တတွေ ဒီနေ့လိုဒါလောက် ချမ်းသာနေကြတာ သမိုင်းမှာမကြုံစဖူးပါ။ ချမ်းသာတာမှ တဦးတယောက်မဟုတ်၊ ဆွေစဉ်မျိုးဆက်၊ မိတ်ပေါင်းဆွေသဟာ၊ ဗမာပြည်ရဲ့ဓနလေးပုံသုံးပုံလောက်ဟာ သူတို့ အိတ်ထဲရောက်နေတဲ့ အခြေ အနေပါ။ ဒီလိုအခြေအနေရောက်အောင် လက်နက်အာဏာနဲ့ လုပ်ခဲ့ရတာဖြစ်ပြီး ဒါကိုလက်နက် အာဏာနဲ့ကာကွယ် ရမယ်ဆိုတဲ့ အသိဟာ သူတို့တတွေ အမြဲနှလုံးသွင်း ပရိတ်ရွတ်သလို ရွတ်နေရတာမို့ အိပ်မက်မက်ရင်းတောင် ယောင် ယမ်းပြောထွက်မယ့်စကားမျိုးတွေဖြစ်ပါတယ်။

ဒီလိုအဆောက်အအုံကြီးတခု၊ ယန္တရားကြီးတခုကို နားချရုံလောက်နဲ့လွယ်လွယ် ပြောင်းပစ်နိုင်မယ်၊ ပပျောက်သွား အောင်လုပ်နိုင်မယ်လို့စဉ်းစားတဲ့လူကိုဘယ်လိုပြောမလဲ။ ဦးခင်မောင်မြင့်သတိပေးတာအင်မတန်မှလျော်ကန်တယ်လို့ ထင်ပါတယ်။ သူ့စကားဟာ ဗမာပြည်မှာနိုင်ငံရေးလုပ်တဲ့/လုပ်မယ့်လူတိုင်းကို ပြောနေသလိုရှိပါတယ်။ အထက်မှာရေးခဲ့တဲ့ အချက်တွေဟာ စစ်အုပ်စုနဲ့ပတ်သက်လို့ပြီးပြည့်စုံပြီလို့လုံးဝမယူဆမိပါဘူး။ စဉ်းစားစရာအချက်အလက်ဝေမျှတယ်လို့ပဲ သဘောထားစေချင်ပါတယ်။

အင်္ဂလိပ်စကားမှာ ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်လို့ယူဆတဲ့လူတွေဟာ ငွေအတွက်ဆိုရင်ဘာမဆိုလုပ်မှာပဲဆိုတဲ့ ပြောရိုးစကားရှိပါတယ်။ ဗမာပြည်စစ်အာဏာရှင်တွေကပြသလိုက်တဲ့တရားကတော့ အာဏာရှိရင်ဘာမဆိုလုပ်လို့ရတယ် လို့ယူဆတဲ့ ဗိုလ်ချုပ်တွေဟာ အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတာပါပဲ။

ရဲဘော်ဖိုးသံချောင်း
13 December 2017

(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ်(၁၀) မှာ ဖော်ပြမယ့်ဆောင်းပါး)
(U) Than Joung Po’s Facebook မှကူးယူဖော်ပြပါသည်