Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 12, 2018

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ စာအုပ်

(ပုံနဲ့စာကို ကိုမျိုးအေး MyoAye ဆီက ယူပါတယ်)
၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ မှာ ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရော၊ အာဏာရှင်ကြီး နေ၀င်း ပြည်သူ့ အချုပ်အခြာအာဏာကို စတင်သိမ်းပိုက်ခဲ့ပြီး မြန်မာပြည်သူလူထုကို ဖိနှိပ်ချုပ်ခြယ် အနိုင်ကျင့်အုပ်ချုပ်ခြယ်ခဲ့တဲ့ ခေတ်အဆက်ဆက်ကာလတွေအတွင်း အာဏာရှင်စနစ်ကို ဆန့် ကျင်ရင်း ကျဆုံးခဲ့ကြရတဲ့ ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရော မတ်လ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ အဖြစ် - တစ်နှစ်ပြည့် နှစ်ပါတ်လည်နေ့ ဖြစ်တဲ့ ဖုန်းမော်နေ့  (မတ်လ ၁၃ ရက်၊ ၁၉၈၉ ခုနှစ်) မှာ စတင် သတ်မှတ်ခဲ့ကြပါတယ်။

မတ်လ ၁၃ ရက်နေ့  - ဖုန်းမော်နေ့  (သို့  ) မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ ။

ဓါတ်ပုံက တစ်နှစ်ပြည့် ဖုန်းမော်နေ့  ကျင်းပခဲ့တဲ့ ၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ၇က်နေ့ က မှတ်တမ်း ဖြစ်ပါတယ်။
...........................................................


(ကိုမျိုးအေးရဲ့ ရှာဖွေတင်ပြချက်များပါ)
"၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ စာအုပ်"

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် အရေးအခင်း ဖြစ်ရပ်မှန်များ- စာအုပ်ကို ဖတ်ရပါတယ်။ ဒီစာအုပ်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ၂၈ ကြိမ်မြောက်၊ ကိုဖုန်းမော်၊ ကိုစိုးနိုင် နှစ်လည်အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီက စီစဉ်တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လမှာ ယဉ်မျိုးစာပေက ပထမအကြိမ် ထုတ်ဝေတာ ဖြစ်တယ်။ တန်ဖိုး (ရောင်းရန်မဟုတ်) လို့ စာအုပ်မှာ ရိုက်ထားတယ်။

စီစဉ်သူတွေဟာ ၂၀၁၄ ခုနှစ်က ကိုဖုန်းမော်၊ ကိုစိုးနိုင် နှစ်ပါတ်လည် အခမ်းအနား လုပ်ဖို့ တိုင်ပင်တော့ ဗြူးကုန်းတောရ စာသင်တိုက်မှာ ဆွမ်းကပ်ပြီး အခမ်းအနား လုပ်မယ်လို့ စီစဉ်တယ်။ ၁၉၈၈ မတ် ၁၃ ညမှာ ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ ပေးတဲ့ ဆရာတွေကိုလည်း ဖိတ်တယ်။ ဆွမ်းကပ်ပြီးတော့ ဆရာတွေကပဲ ရေစက်ချ အမျှဝေပေးပါတယ်။ ဆရာတွေနဲ့ စကားပြောဖြစ်တော့ မတ်လ ၁၃ ရက်နေ့နဲ့ ပါတ်သက်ပြီး တလွဲရေးနေကြလို့ အဖြစ်မှန်ကို ရေးစေချင်တဲ့ ဆန္ဒရှိတာနဲ့ သတ္တုဗေဒဌာနက ဆရာဦးညွန့်ဌေးက စကားဝိုင်းကို ဆရာဦးသာလှိုင်အိမ်မှာ စီစဉ်ပေးခဲ့တယ်။ ပြောကြတာတွေကို အသံသွင်းထားခဲ့တယ်။ ဆရာဦးသာလှိုင်အိမ်မှာ ဆရာဦးစိန်မောင်၊ ဆရာဦးသိန်းတန်၊ ဆရာဦးညွန့်ဌေး နဲ့ ဆရာလေးဦးသီဟလတ် တို့ပါတယ်။

ဒီစာအုပ်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေရဲ့ ကိုယ်တိုင်ရေး မှတ်တမ်းတွေ၊ ဆရာတွေနဲ့ စကားဝိုင်းက အသံသွင်းစကားတွေကို စုဆောင်း ပူးပေါင်းပြီး ထုတ်ဝေထားတာ ဖြစ်ပါတယ်။

မှတ်တမ်းပြုရာမှာ ပါဝင်ရေးသား ပြောကြားသူတွေ စာရင်းပါတယ်။

၁။ ဦးသာလှိုင် - ဌာနမှူး၊ ရူပဗေဒဌာန
၂။ ဦးစိန်မောင် - လ/ထ ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန
၃။ ဦးသိန်းတန် - လ/ထ ကထိက၊ လျှပ်စစ်အင်ဂျင်နီယာဌာန
၎။ ဦးစိုးမြင့် - သင်တန်းနည်းပြ၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာဌာန
၅။ ဦးသီဟလတ် - သင်တန်းနည်းပြ၊ ချည်/ထည် အင်ဂျင်နီယာဌာန
၆။ ကိုသောင်း - ဓါတ်ခွဲခန်းလက်ထောက်၊ မြို့ပြအင်ဂျင်နီယာဌာန
၇။ ကိုအောင်မြတ်ထွတ် - BE(EC) ၁၉၈၇
၈။ ကိုခင်မောင်ရီ - BE(EP) ၁၉၈၇
၉။ ကိုကျော်နိုင်မင်း နောက်ဆုံးနှစ်၊ မြို့ပြအင်ဂျင်နီယာ
၁၀။ ကိုမြင့်ဦး နောက်ဆုံးနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၁။ ကိုနေမျိုးအောင် ပဉ္စမနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၂။ ကိုတင်မောင်လွင် နောက်ဆုံးနှစ်၊ စက်မှုအင်ဂျင်နီယာ
၁၃။ မတင်တင်ထွေး စတ္တုထနှစ်၊ သတ္တုဗေဒ အင်ဂျင်နီယာ
၁၄။ ကိုကျော်စိုး တတိယနှစ်၊ ရေနံတူးဖော်ရေးအင်ဂျင်နီယာ
၁၅။ ကိုသက်နိုင် ဆရာဦးသာလှိုင်၏သား - တို့ ဖြစ်ကြတယ်။

"ဖြစ်မှဖြစ်ရလေ တာဝန်အရ"

ဆရာဦးသိန်းတန် - ဒါနဲ့ ဆက်စပ်ပြီး ပြောရရင်၊ ဒါပြီးတော့ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါကျတော့ "မြက်ခင်းသစ်" ထွက်လာတယ်။ အဲဒီမှာ ဘာရေးထားလဲ ဆိုတော့ "ဖုန်းမော်တို့ကို ဆရာတွေက ဖွက်ထားလို့ သွေးလွန်ပြီး သေတာ" ဆိုပြီး ရေးတယ်။ အဲဒီတော့မှ ဘာဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့က မနေနိုင်ဘူး။ ကိုယ်က ဒီမှာ ပါခဲ့တဲ့လူတွေကိုး ဦးသာလှိုင်ကို သွားပြောတယ်။ ဆရာရေ အဲဒီလို ရေးထားတယ် ပြောတော့၊ ဆရာက စိတ်ဆိုးပြီးတော့ class တွေ ပြန်ဝင်တော့ အခန်းထဲမှာ ဆဲတော့တာပဲ။ အဲဒါရဲ့ အကျိုးကျေးဇူးက တပတ်လောက် ရေကြည်အိုင်ထဲ သွားနေရတာပဲ။ သူဆက်ပြောလိမ့်မယ်။ သူလဲ မနေနိုင်ဘူး။ ကျွန်တော်လဲ မနေနိုင်ဘူး။

ကိုသက်နိုင် - အဲဒီ MIက နောက်တော့ အဖေ့ကို လာပြီး တောင်းပန်တယ်။ ကျောင်းသားပဲ။ ကျွန်တော် တာဝန်အရ လုပ်တာပါပေါ့။ ဆရာ့ကို ပြစ်မှားမိပါတယ် ဆိုပြီး လာတောင်းပန်တယ်။ ကျောင်းသား အစစ်ပေါ့။ အဖေကလဲ ကိစ္စမရှိပါဘူး။ မင်းကို ခွင့်လွှတ်ပါတယ်ပေါ့။

ဆရာဦးသာလှိုင် - အတန်းတော့ ဘယ်အတန်းလဲ မမှတ်မိတော့ဘူး။ ရေကြည်အိုင်ကျတော့ သိပ်မမေးတော့ဘူး။ ကျွန်တော် ပြောတာကိုပဲ လိုက်မှတ်တာ။ အမှန်က ကျွန်တော့ကို ဒီလောက်ကြာကြာ (ဆယ်ရက်ကျော်တယ်) မေးစရာမလိုဘူး။ ဗိုလ်ခင်ညွန့်က အဲဒီတုန်းက နိုင်ငံခြား ရောက်နေတာ။ သူပြန်လာမှ ကျွန်တော့်ကို လွှတ် မလွှတ် ဆုံးဖြတ်ရမှာ။

ကိုသက်နိုင် - အဲဒီတုန်းက အဖေ့ကို စစ်တော့ ခုံအမြင့်မှာ ထိုင်ခိုင်းပြီး မီးတွေ ဘာတွေနဲ့ ထိုးထားမှာပေါ့။ ခြေထောက်က လွတ်နေတော့ အဖေညောင်းတဲ့အခါ ခြေထောက်ကို ခုံအမြင့်က အဆင့်လေးမှာ တင်တာကို သူတို့က တင်ခွင့် မပေးဘူး။ တွဲလောင်းချထားရတာ။ အဖေလုပ်ပြတာ၊ အထဲမှာ အဲဒီလို နေရတာ၊ အထဲမှာ ဖျာတချပ်ပဲ ရှိတာ။ ပြောပြတယ်။ ဖျာစလေးတွေ ချိုးပြီး ပုတီးစိတ်တဲ့အကြောင်း။

ဆရာဦးသာလှိုင် - အဲဒီမှာက တဖက်ကို ၄ ခန်း၊ သံတိုင်တွေ ကာထားတယ်။ သီဟိုသရက်ပင်လေးတွေ ရှိတယ်။ ဗိုလ်ခင်ညွန့်နဲ့ တွေ့ရတော့မယ် ဆိုတဲ့ အခါကျမှ ကျွန်တော့ကို ထုတ်ပြီး တွေ့ပေးတယ်။ တေါ့တော့မှ သူက တောင်းပန်တယ်။ ကျွန်တော် မရှိလို့ပါပေါ့။ ကျွန်တော်မရှိရင် သူတို့ ဘာမှ လုပ်လို့ မရဘူး ဆရာတဲ့။ ဒါကြောင့် ဒီလောက်ကြာသွားတာပါတဲ့။ ကျွန်တော်က ပြောလိုက်ပါတယ်။ ကိစ္စမရှိပါဘူးဗျာ၊ ဒီမှာ အေးအေးဆေးဆေး နေရတော့ ပိုတောင် ကောင်းသေးတယ်။ နားရတာပေါ့ဗျာလို့။ သူ ရီနေတယ်။ ၁၀ ရက်ကျော် ကြာတယ်။

ဆရာဦးသိန်းဒန် - ကျွန်တော်တို့က စိတ်ပူတာပေါ့။ ဘယ်ရောက်နေတယ် ဆိုတာလဲ လာမပြောဘူး။ ထောက်လှမ်းရေးက လာခေါ်သွားတယ် ဆိုတာလောက်ပဲ သိတာ။ ဌာနကနေ လာခေါ်သွားတာ။

ကိုသက်နိုင် - ရေကြည်အိုင်ကို တိုက်ရိုက်ခေါ်သွားတာ။ အဖေပြောတာ မှတ်မိတယ်။ မျက်လုံးကို နေကာမျက်မှန် တပ်ပေးထားတာ။ တကယ်က အပြင်ကို ဘာမှ မမြင်ရဘူး။ အပြင်က ကြည့်ရင်တော့ နေကာမျက်မှန် တပ်ထားတာပဲ မြင်ရတယ်။ နေကာမျက်မှန်တပ်ပြီး ဆရာ ကားထဲ ပါသွားတယ်ပေါ့။ အမှန်က ဘာမှ မမြင်ရဘူး။

၁၉၈၈ မတ်လ ၁၃ ရက်။

ကိုအောင်မြတ်ထွဋ် (ကဗျာ - ညီလင်းညို) မှတ်တမ်းမှ …….

" မှတ်မှတ်ရရ အဲသည်နေ့ ညနေ ၇း၀၀ နာ၇ီကျော်လောက်လို့ ထင်တယ်။ ကျွန်တော်ရယ်၊ ရဲမင်းဌေးရယ်၊ အောင်စိုး(မောင်နိုင်လတ် ပျော်ဘွယ်) ရယ် သုံးယောက်သား ကျောင်းဘေးက ခြံမှာ မလေးရှား စုံးကား ဝင်ကြည့်နေတာ။ ကျွန်တော်က ကျောင်းပြီးပြီးသား အနောက်ကြို့ကုန်း၊ ဘီပီအိုင် အဝိုင်းနား ဇေယျာ လမ်းထဲက အဆောင်မှာ နေတာပါ။ ကျန် နှစ်ယောက်က Mechanical က နောက်ဆုံးနှစ်သမားတွေ။

ကျောင်းဝင်းထဲမှာတော့ အဆောင်မီးနဲု့ လမ်းမီးတိုင်တွေ လင်းနေပြီ။ အဆောင်ပေါ်မှာ ကျောင်းသားတွေ စုစု မြင်ရသလို ကျောင်းဝင်းထဲက ကားလမ်း ပလက်ဖောင်းပေါ်မှာရော အဆောင် (၁) ပေါ်တီကို အောက်မှာပါ ထိုင်သူ ထသူ စုရုံး စကားပြောသူတွေနဲ့ ကျွန်တော်တို့လည်း ဟိုမေး သည်မေးနဲ့ ဇာတ်ရည်လည်အောင် လုပ်နေကြတာ၊ သေချာတာကတော့ ကျွန်တော့်အဆောင်ရှိရာ ဘီပီအိုင် လမ်းထဲ ပြန်သွားလို့ မရတာပါပဲ။ ဘီပီအိုင် အဝိုင်းထောင့်က သမဝါယမဆိုင်လည်း မီးလောင်သွားပြီတဲ့။ အင်းစိန်လမ်းမဟာ အလစ်ချောင်းနေတဲ့ မြွေတကောင်လို၊ လမ်းမီးတိုင်တွေက စိုးထိတ်မှုနှဲို့င် အ အ ရပ်နေကြပြီး ရောက်လာမယ့် ကံကြမ္မာ မုန်တိုင်းတခုကို ငေးကြည့်နေကြရဲ့။……"

မုန်တိုင်းထန်တဲ့ည

" မကြာပါဘူး သမိုင်းဘက်ကနေ မီးသတ်ကားတွေ ၂ စီးတွဲ ယှဉ်ပြီး ကျောင်းဘက်ကို မောင်းလာကြတယ်။ ဖြည်းဖြည်းမောင်းလာတဲ့ မီးသတ်ကားတွေနဲ့ အတူ လုံထိန်းတွေ ပါလာကြတယ်။ ကျောင်းသားထုက သည်မြင်ကွင်းကို အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေ ကြတာပါ။ အင်းစိန်လမ်းတဖက် စိုက်ပျိုးရေးရုံးဘက်မှာ လုံထိန်း ရှိ မရှိ မသေချာဘူး။ သေချာတာကတော့ ကျောင်းဝင်းဘက်မှာတော့ ပါလာတဲ့ လုံထိန်းမှန်သမျှက ကျောင်းဝင်းထ၇ံအတိုင်း ဂိတ်ပေါက်မကြီးကနေ ကျောင်းသားတွေအခေါ် ဆင်းရဲသား ဂိတ်အထိ တန်းစီ နေရာယူနေကြပါပြီ။ သည်အထိတော့ ပြသနာ မဖြစ်သေးဘူး။ ဖြစ်ချင်တော့ သေနတ်(အမျိုးအစားမသိ) ကိုင်ထားတဲ့ လုံထိန်းတွေက သေနတ်ပြောင်းတွေကို ကျောင်းသားတွေဘက် ထိုးချိန်ထားရာက စတာပါပဲ။

ကျောင်းသားတွေ ရင်ထဲမှာ ဒါဟာ တဖက်သတ် ဖိနှိပ်မယ့် သဘောလို့ ယူဆ လိုက်ကြပြီ။ ကျွန်တော့်အမြင် ပြောရရင် ၁၉၈၇ စက်တင်ဘာလ ငွေစက္ကူတွေ ဖျက်သိမ်းချိန် အာရ်အိုင်တီ ကျောင်းသားထုနဲ့ အရပ်သားတွေ သမိုင်းလမ်းဆုံအထိ ချီတက်ဆန္ဒပြတာကို အညှိုးအတေးနဲ့ ခုကိစ္စမှာ ပိုဖိနှိပ်ဖို့ ကြံရွယ်တယ် ထင်ပါတယ်။

သေနတ်ပြောင်းကို ထိုးအချိန်ခံရတာကြောင့် ကျောင်းသားတွေရဲ့ ဆဲဆိုသံ၊ မကျေနပ်သံတွေ ပေါက်ကွဲထွက်လာပါတယ်။ အတင်းမာဆုံးနေရာက ဆင်းရဲသား ဂိတ်ပေါက်နားမှာပါ။

ရုန်းရင်းဆန်ခတ် အခြေအတင် အော်ဟစ်မှုက ပြင်းထန်လာပြီး ကျောင်းသားတွေက ခဲနဲ့ ပေါက်ကြပြီ။

ရှုတ်ထွေးမောပန်းနေတဲ့ အချိန်မှာ မီးသတ်ကားက ရေနဲ့  စပက်ပါပြီ။ ပထမတော့ အားနည်းနည်း၊ ကျောင်းသားကလည်း သိတဲ့အတိုင်း ခပ်ကဲကဲ ရေပန်းအောက်မှာ ကပြနေသေး။ နောက်တော့ ရေပန်းက ပြင်းလာပြီ။ ကိုယ်တော် လွင့်ပါသွားလေရဲ့။ မကြာခင်ပဲ အနီရဲရဲ အတန်းတတန်းဟာ ကျွန်တော်နဲ့ ဝါးတရိုက် ကျော်ကျော်အကွာ ခါးလယ်အနေအထားလောက်က ဖြတ်ဝင်လာတာ တွေ့လိုက်ရတယ်။ ပေါက်ကွဲသံတွေလည်း မရှေးမနှောင်းမှာ ကြားလိုက်ရပြီ။

ပေါက်ကွဲသံတွေ(သေနတ်သံတွေ)က ညံနေပြီ လုံထိန်းတွေက ပစ်လည်းပစ်၊ ကျောင်းဝင်းထရံကိုလည်း ကျော်ဝင်လိုက်ကြပြီ။ ကျွန်တော်နဲ့ အနီးဆုံးက သူငယ်ချင်း ရဲမင်းဌေး။ ပထမတော့ UTC မှာ သင်ခဲ့ရသလို မိချောင်တက်နဲ့ နှစ်ယောက်သား စဆုတ်တယ်။ ဒါက ကြာကြာ အလုပ်မဖြစ်တော့ဘူး။ ကျောင်းရေပန်းအဝိုင်းကို ပတ်စိုက်ထားတဲ့ ပုဏ္ဏရိပ်ပင်တွေကြား ခေါင်းကို ထိုးမိတော့ နှစ်ယောက်သား ထပြေးရတာပါပဲ။ ဘာမှ မစဉ်းစားနိုင်ဘူး။ သူတို့ကလည်း ဆင်း၇ဲသား ဂိတ်ကစပြီး ကျောင်းပေါ်တီကိုနဲ့ ကျောင်ဆောင်တွေကြား ကွက်လပ်ဂွင်ထဲကိုပဲ အဓိက ထားပစ်တာပေါ သူတို့က မုဆိုး၊ ကျွန်တော်တို့က သားကောင်အနေအထား၊ မှန်သူ၊ လဲသူ၊ ကွဲပြဲသူ အားလုံး ရှုတ်ထွေးတဲ့ အနေအထားပါ။…."

(ဒီစာအုပ်ကို ထပ်မံထုတ်ဝေပေးဖို့  ထုတ်ဝေသူများအား မေတ္တာရပ်ခံပါရစေ)။