Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 21, 2018

လားရှိုးဗုံးခွဲမှုကို ကိုယ်တွေ့ကြုံခဲ့သူတစ်ဦး၏ ရေးသားချက်


အဲဒီ တုန်လှုပ်ထိတ်လန့်စရာ အဖြစ်ဆိုးကြီး မတိုင်မီအထိတော့ လားရှိုးမြို့ရဲ့ ညနေခင်းဟာ သာသာယာယာပေါ့။

ညနေ ၄း၃၅နာရီလောက်မှာ ကိုယ် ကျူရှင်ဆင်းတော့ လုပ်စရာရှိတာတွေ တွေးရင်း စံကောင်းလမ်းကနေ လမ်းမတော်လမ်းဘက် တက်ခဲ့တယ်။

ပြည်ရတနာမှာ မိတ္တူသွားဆွဲမယ်၊လေးလေးဆိုင်မှာ လိုင်စင်ပုံ ဝင်ထုတ်မယ်၊ပြီးရင် ရပ်ကွက်၎ထဲ သွားမယ်ပေါ့။

လမ်းမတော်လမ်းတလျှောက် ဘာထူးထူးခြားခြားမှ မရှိ၊ ခါတိုင်းနေ့များလိုပါပဲ။

ကိုယ်လည်း သူများတကာလိုပါပဲ။
မကြာခင် စက္ကန့်ပိုင်းအတွင်း ဆိုးဆိုးဝါးဝါး ကိစ္စတစ်ခု ဖြစ်တော့မယ်ဆိုတာ ဘယ်သိပါလိမ့်မလဲ။

မိတ္တူဆိုင် အရင်သွားရမလား စဉ်းစားပေမဲ့ လမ်းသင့်ရာ ကိုယ့်ဦးလေးဆိုင်(သိန်းထိုက် ဓါတ်ပုံတိုက်)အရင် ဝင်လိုက်တယ်။

ဆိုင်ရှေ့မှာ လေးလေးနဲ့ စကားနည်းနည်း ပြောပြီး ဆိုင်ထဲလှမ်းအဝင် ၂လှမ်းလောက် လှမ်းရုံရှိသေး ဝုန်းခနဲ အသံနက်ကြီးနဲ့အတူ မီးပွင့်သွားတယ်။
ဖုန်တွေ အလုံးလိုက်ထပြီး ပတ်ဝန်းကျင်တစ်ခွင်လုံး ရုတ်တရက် ဝေဝါးသွားတယ်။

အနီးအနားက လူတွေအားလုံးလည်း ဘာပါလိမ့်ရယ်လို့ ထိတ်လန့် အံ့သြကုန်ကြတယ်။
နောက်တော့ လူတွေ အုံလာတယ်။
ဖုန်းကိုယ်စီ ထုတ်ပြီး ဓါတ်ပုံ၊ဗွီဒီယိုတွေ ရိုက်ကြတယ်။

ဘာဖြစ်တာလဲ၊ဘာတွေဖြစ်ကုန်ပြီလဲ သိချင်ပေမဲ့ တုန်လှုပ်နေတဲ့ ကိုယ်ကတော့ ဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်ဖို့ကိုတောင် မဝံ့ရဲဘူး။
ဆိုင်ရှေ့ကနေ ၃လှမ်း ပြည့်အောင်တောင် မလှမ်းရဲဘူး။

ရိုးမဘဏ်နဲ့ ဟိုဘက်လမ်း ဒီဘက်လမ်းပဲခြားတဲ့ ကိုယ့်ဦးလေးဆိုင်မှာလည်း မှန်တွေကွဲကုန်တယ်။
ဆိုင်ထဲမှာလည်း ဖုန်တွေအလုံးလိုက်။

ကိုယ့် နှာခေါင်းထဲ၊ပါးစပ်ထဲမှာ ခေါင်းပေါ်မှာ အဝတ်တွေမှာ ဖုန်တွေ၊ကြပ်ခိုးလိုလို ဘာလိုလိုတွေ။

ကင်မရာ လှမ်းယူပြီး ဓါတ်ပုံ ရိုက်နေတဲ့ ကိုယ့်ဦးလေးကို "လေးလေး အရေးကြီးတာတွေသိမ်းပြီး ဆိုင်ကို ပိတ်ခဲ့လိုက်တော့၊
ဘာဆက်ဖြစ်ဦးမလဲ မသိဘူး၊ပြန်ကြရအောင်"လို့ ပြောရင်း
သွားစရာရှိတာတွေ အတွက် မလာနိုင်တော့တဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားပြီး ပြန်ခဲ့တယ်။

အမှတ်(၁)ရဲစခန်းနဲ့ ခဲတစ်ပစ်စာလောက်ရှိတဲ့ လားရှိုးမြို့လယ်ခေါင်ဟာ တစ်ခဏအတွင်းမှာ မီးသတ်ကားတွေ၊လူနာတင်ယာဉ်တွေ၊ထမ်းစင်တွေ၊ကယ်ဆယ်ရေးတွေ၊ရဲတွေ၊ယာဉ်ထိန်းတွေ၊အပျက်အစီးတွေနဲ့ ဖြစ်သွားတယ်။

ကိုယ့်စိတ်ထဲမှာ မလုံခြုံမှုကို ချက်ချင်း ခံစားလိုက်ရတယ်။
ဝုန်းခနဲ မြည်ဟိန်းသံကြီးကို အခုထိ ကြားယောင်မိနေတုန်း။

ကိုယ်က ဘေးကလူပါ။
မထင်မှတ်ထားတဲ့ ဒီအဖြစ်ဆိုးကြီးကို တိုက်ရိုက် တွေ့ကြုံခံစားလိုက်ရတဲ့သူတွေ၊ထိခိုက်ဒဏ်ရာရကုန်တဲ့သူတွေ၊သေသွားကြရတဲ့အသက်တွေ၊သူတို့ရဲ့ မိသားစုတွေ ဘယ်လိုနေလိမ့်မလဲ။

ဘာကြောင့်ပဲ အကြမ်းဖက်ဖက်၊ဘယ်သူပဲ အကြမ်းဖက်ဖက် အကြမ်းဖက်မှု ဟူသမျှ ကျဆုံးပါစေ၊အကြမ်းဖက်သမား ဟူသမျှ ကျဆုံးပါစေ။

Theint Htwe

No comments:

Post a Comment