Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 20, 2018

ကျွန်တော်နဲ့နိုင်ငံရေးဘ၀အလွန် ▄ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်


တစ်လောက အသစ်စက်စက်အရွေးခံရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ဧည့်ခံပွဲတစ်ခုမှာ ဆုံခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်ပညာတတ်တစ်ယောက် ဖြစ်ပြီး အရည်အချင်းအပြည့်အဝနဲ့။ သူနဲ့ စကားပြောရင်း သူက မေးခွန်းတစ်ခုထုတ်ခဲ့တယ်။ သူ့ရဲ့မေးခွန်းဟာ လွယ်သယောင်ဖြစ်ပေမယ့် အင်မတန်မှ လေးနက်ပြီး မျက်မှောက်ခေတ်ကာလမှာ စဉ်းစားရမယ့် ကိစ္စတစ်ခု ပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဟာ Professional နိုင်ငံရေးသမား ဖြစ်သင့်သလားလို့ ကျွန်တော့်ကို မေးခဲ့ပါတယ်။ အဓိပ္ပာယ်က ပြည်သူကို ကိုယ်စားပြုတဲ့သူတစ်ယောက်၊ ပြည်သူ့အပေါ် တာဝန် ကျေပွန်ဖို့ နိုင်ငံရေးကိုပဲ ဇောက်ချလုပ်သင့်သလားဆိုတဲ့ မေးခွန်း။ ကျွန်တော်က နိုင်ငံတကာမှာ ဖြစ်နေတဲ့အခြေ အနေတွေကို တင်ပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြ တဲ့ လွှတ်တော်တွေအနက် ရှေးအကျဆုံးဗြိတိန်နိုင်ငံရဲ့ လွှတ်တော်ကို ဥပမာပေးပြီး ဖြေခဲ့ပါတယ်။ ဗြိတိသျှ လွှတ်တော်ကို ''လွှတ်တော်များရဲ့မိခင်'' လို့ တင်စားပြီး ခေါ်ဝေါ်ကြတယ်။ လွှတ်တော်မှာရှိတဲ့ အမတ်တွေဟာ နိုင်ငံရေးကိုပဲ သက်သက်လုပ်ကိုင်တဲ့သူတွေမဟုတ်ကြ ဘဲ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ပညာတတ်တွေဖြစ်ကြတာ တွေ့ရတယ်။ အခုလို မိမိကျွမ်းကျင်လိမ္မာမှု၊ သီးခြား ရပ်တည်မှုရှိတဲ့အတွက် နိုင်ငံရေးကို လုပ်စားတာ မဟုတ်ဘဲ ပြည်သူတွေအတွက် အလုပ်အကျွေးပြုချင်တဲ့ အတွက် အရွေးခံခဲ့ကြသူတွေဖြစ်တယ်။

ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဟန်မပျက်ဘဲ မိမိရဲ့မူရင်းတာဝန် အလုပ်အကိုင်တွေ ကို ဆောင်ရွက်ကြတယ်။ နိုင်ငံရေးကို ရာထူးမက်လို့ ဝင်လုပ်တာမဟုတ်ဘဲ စေတနာသန့်သန့်နဲ့ ဝင်လုပ် ကြတာဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း အခုလိုပဲ ကျင့်သုံးနေတာတွေ့ရပါတယ်။ သူတို့ဆီမှာ တော့ အမတ်တွေဟာ ဥပဒေကျွမ်းကျင်တဲ့ ဥပဒေပညာ အရည်အချင်းရှိသူတွေများတာတွေ့ရပါတယ်။ လွှတ်တော်တိုင်းဟာ ဥပဒေပြုမဏ္ဍိုင်ဖြစ်တာမို့ အခုလို ဥပဒေဘွဲ့ရထားသူတွေ စုစည်းထားတာ အလွန်သင့်မြတ် လှပါတယ်။ ဥပဒေကို မသိတဲ့၊ မကျွမ်းကျင်တဲ့သူတွေ ဥပဒေပြုနေတာဟာ စဉ်းစားစရာတစ်ရပ်ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ဟာ တက္ကသိုလ်မှာ စီးပွားရေးပညာ၊ နိုင်ငံရေးသိပ္ပံနဲ့ ဒဿနိကဘာသာ ဘာသာတွဲသုံးခုကို အထူးပြုကြတာ တွေ့မြင်ရပါတယ်။

နိုင်ငံရေးမှာ တာဝန်ယူတဲ့သူတွေဟာ ကိုယ်ပိုင် အလုပ်အကိုင်ကျွမ်းကျင်မှုရှိခဲ့ရင် နိုင်ငံရေးလုပ်စားတာ လျော့နည်းနိုင်မှာ ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံရေး လုပ်တဲ့သူတွေဟာ လွှတ်တော်သက်တမ်းအပေါ် မူတည် ပြီး မမြဲတဲ့တရားကို အမြဲရင်ဆိုင်ရမှာသာဖြစ်ပါတယ်။ လွှတ်တော်အမတ်ဆိုတဲ့ ရာထူးကို တပ်မက်မနေဘဲ မိမိလုပ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပြီး ပြည်သူ ထောက်ခံမှုမရခဲ့ရင် မိမိမူရင်းအလုပ်အကိုင်ကို ပြန် လည် တာဝန်ယူသွားနိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ အရွေးမခံရရင် လုပ်စရာ ဘာမျှမရှိတော့တဲ့ ဘဝမျိုး နဲ့ ရင်ဆိုင်ရမှာမဟုတ်တော့ပါဘူး။

စောစောက မေးတဲ့မေးခွန်းကိုဖြေပြီး တစ်နေ့က ကျွန်တော်အလွန်တွေ့ချင်တဲ့ အောင်မြင်ကျော်ကြား လှတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးနဲ့ တွေ့ခဲ့ရပါ တယ်။ သူကတော့ တခြားသူမဟုတ်ဘဲ ဗြိတိန်နိုင်ငံက ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မစ္စတာတိုနီဘလဲပဲ ဖြစ်ပါတယ်။ ကျွန်တော် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့စည်းမှာ ၁၉၉၂ ခုနှစ်ကစပြီး တာဝန်ယူခဲ့ပါ တယ်။ အနှစ် ၂ဝ နီးပါး လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံ့ ခေါင်းဆောင်အတော်များများကို လေ့လာခွင့်ရခဲ့တယ်။ ဒီခေါင်းဆောင်တွေအနက် ကျွန်တော်အထင်ကြီးတဲ့ ခေါင်းဆောင်နှစ်ဦးရှိပါတယ်။ တစ်ဦးကတော့ အမေ ရိကန်ပြည်ထောင်စုမှာ ရှစ်နှစ်တာ သမ္မတတာဝန်ယူခဲ့ တဲ့ ဘီလ်ကလင်တန်ဖြစ်ပါတယ်။ သမ္မတကလင်တန် ဟာ ထူးချွန်တဲ့သူ၊ အပြောအဟောကောင်းတယ်။ လူတွေ ကျအောင် ဆွဲဆောင်နိုင်တယ်။ သူ့လက်ထက်မှာ ဘတ်ဂျက်ပိုငွေပြအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ တစ်ခု တော့ရှိပါတယ်။ တစ်ဖက်က အခုလို အောင်မြင်ပေ မယ့် နောက်ပိုင်း ကိုယ်ရေးကိုယ်တာ အကျင့်စာရိတ္တ ဖောက်ပြန်တာကြောင့် နာမည်ပျက်ခဲ့တယ်။ အခုတော့ သူ့ရဲ့ဇနီးဟာ သမ္မတအရွေးခံဖို့ ကြိုးစားလျက်ရှိတယ်။

အမေရိကန်နိုင်ငံမှာ သမ္မတဟောင်းလေးဦး သက်ရှိ ထင်ရှားရှိတယ်။ သူတို့အားလုံးဟာ သမ္မတစာကြည့်တိုက် တွေ ထူထောင်ပြီး နောင်လာနောက်သားတွေအတွက် အကျိုးရှိမယ့် သမိုင်းအထောက်အထားတွေကို စုစည်း ပေးခဲ့ကြတယ်။ သမ္မတကလင်တန်က ကလင်တန် ဖောင်ဒေးရှင်းတည်ထောင်ထားပြီး ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေးလုပ်ငန်းတွေကို နိုင်ငံအသီးသီးမှာ ဆောင်ရွက်လျက်ရှိတယ်။ ဟောပြောပွဲတွေကိုလည်း ကမ္ဘာလှည့်ပြီး ဆောင်ရွက်လျက်ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။

မစ္စတာတိုနီဘလဲကတော့ အသက်ငယ်ငယ်နဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသူဖြစ်တယ်။ သူက ထူးချွန်တယ်။ ရွေးကောက်ပွဲအကြိမ်ကြိမ် အောင်မြင် ခဲ့တယ်။ အမှန်တော့ ဗြိတိန်နိုင်ငံရေးဘဝမှာ လက်ယာပါတီ က နှစ်အတော်ကြာ အာဏာရထားပြီး နိုင်ငံရေးဘဝ ကို ချုပ်ကိုင်ထားခဲ့တယ်။ အခုလို အခြေအနေကနေ လေဘာပါတီခေါင်းဆောင်ဖြစ်လာတဲ့ တိုနီဘလဲက ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဆောင်ရွက်နိုင်ခဲ့တယ်။

တစ်ခုတော့ရှိပါတယ်။ သူနဲ့ အမေရိကန်သမ္မတ ဘွတ်ခ်ျကြောင့် မဖြစ်သင့်တဲ့ ဒုတိယ အီရတ်စစ်ပွဲဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အရှေ့အလယ်ပိုင်းမှာ ပြဿနာတွေ ကြီးမားလျက်ရှိတယ်။ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲဟာ ဝန်ကြီးချုပ်ဘဝကနေ အနားယူပြီး စီးပွားရေးလုပ်ငန်း တွေ၊ လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာ လှုပ်ရှားလျက်ရှိ တယ်။

အခုလို နိုင်ငံရေးမှာ တာဝန်ယူခဲ့သူတွေ သက်တမ်း ကုန်ဆုံးတဲ့အခါ ဘဝအသစ်ကို တည်ထောင်ကြတဲ့ ဥပမာ-သာဓကတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အတုယူစရာတွေဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လူ တစ်ယောက်အနေနဲ့ သက်တမ်းပြည့်တဲ့အထိ အသက် ရှင်သန်နေနိုင်တုန်း ဘဝမျိုးစုံ ပြောင်းလဲရမှာသာ ဖြစ်တယ်။ပြောင်းလဲနိုင်မယ့် အရည်အချင်းတွေရှိအောင် လည်း ကြိုးစားဖို့ လိုအပ်မှာသာ ဖြစ်တယ်။
လူတိုင်းမှာ လောကကို ပေးဆပ်နိုင်ကြသူ၊ အလှ ဆင်နိုင်ကြသူတွေသာဖြစ်တယ်လို့ ကျွန်တော်ယုံကြည် တယ်။ ရာထူးကြီးမှ၊ တာဝန်ကြီးကြီးယူမှ မဟုတ်ပါဘူး။ ကိုယ့်နေရာနဲ့ကိုယ် ပေးဆပ်နိုင်စွမ်းရှိကြပါတယ်။
နှစ်ပေါင်းများစွာ နိုင်ငံအပေါ် တာဝန်ကျေခဲ့သူ တွေအနေနဲ့ဆက်ပြီး နိုင်ငံ့အကျိုးကို ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်မှာသာ ဖြစ်တယ်။ အမေရိကန်သမ္မတ ဟောင်းဖြစ်သူ ဂျင်မီကာတာဟာ လေးနှစ်ပဲ သမ္မတ အဖြစ် တာဝန်ယူခွင့်ရခဲ့တာ။ သူ့ကို အောင်မြင်တဲ့ သမ္မတ စာရင်းထဲမထည့်ကြဘူး။ ဒါပေမယ့် သမ္မတဟောင်းဖြစ် တဲ့ ဂျင်မီကာတာဟာ အခုချိန်မှာ တစ်ကမ္ဘာလုံးက ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်လျက် ရှိတယ်။ သူ့ရဲ့ပြည်နယ်ဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်မှာ ကာတာစင်တာတည်ထောင်ပြီး တစ်ကမ္ဘာလုံးမှာ ဒီမို ကရေစီပြန့်ပွားအောင် ကြိုးစားလျက်ရှိတယ်။ တစ်ဖက် ကလည်း ရွေးကောက်ပွဲတွေကို စောင့်ကြည့်တဲ့ လုပ်ငန်း တာဝန်ကိုယူထားတယ်။ ဒါကြောင့်လည်း ၂ဝ၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မှာ ကာတာစင်တာက လေ့လာသူတွေရောက်ရှိခဲ့တယ်။

နိုင်ငံရေးခေါင်းဆောင်တွေအနက် နိုင်ငံရေးဘဝ အလွန်မှာ ထူးချွန်တဲ့သူက ဝင်စတန်ချာချီ ဖြစ်တယ်။ သူ့ရဲ့ဇွဲသတ္တိကြောင့် ဒုတိယကမ္ဘာစစ်ကို မဟာမိတ် နိုင်ငံတွေ အနိုင်ရခဲ့တယ်လို့ လက်ခံယူဆကြတယ်။ ချာချီဟာ ဒုတိယကမ္ဘာစစ်ပြီးပြီးချင်း ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ရှုံးနိမ့်ခဲ့ပြီး ရာထူးကဆင်းခဲ့ရတယ်။ အမှန်တော့ ဒုတိယကမ္ဘာစစ်ကို အောင်နိုင်သူအဖြစ် အသိအမှတ်ပြုခြင်းခံရသူဟာ စစ်ပြီးပြီးချင်း ရွေးကောက် ပွဲမှာ မရှုံးနိုင်ဘူးလို့ လူတိုင်းထင်ကြေးပေးကြပေမယ့် သူရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ချာချီဟာ နိုင်ငံရေးသမား ဘဝကနေ သမိုင်းပညာရှင်အဖြစ် အသွင်ကူးခဲ့ပြီး စာအုပ်ပေါင်းများစွာကို ရေးသားပြုစုနိုင်ခဲ့တယ်။ ချာချီ ကို စဉ်းစားတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိရမိ တယ်။ လွတ်လပ်ရေးရပြီးတဲ့အခါ နိုင်ငံရေး ဆက်မလုပ် တော့ဘဲ စာရေးဆရာလုပ်ချင်ကြောင်း ပြောခဲ့တာကို မှတ်သားခဲ့ရတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ကာလအကန့်အသတ်နဲ့ လုပ်တာဟာ သင့်မြတ်လှပါတယ်။ မိမိတတ်နိုင်သမျှ အလုပ်အကျွေးပြုပြီး အချိန်တန်ရင် ဘဝကျောင်းနိုင်ဖို့ ပြင်ဆင်ထားဖို့လိုမှာဖြစ်ပါတယ်။ နိုင်ငံရေးလို့ပြောတဲ့ နေရာမှာ ရွေးကောက်ပွဲဝင်ပြီး ဥပဒေပြုမဏ္ဍိုင်မှာ တာဝန်ယူကြသူတွေရှိသလို အုပ်ချုပ်ရေးမဏ္ဍိုင်မှာ တာဝန်ယူတဲ့သူတွေလည်းရှိတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး အမေရိကန်ပြည်ထောင်စုမှာ ကျင့်သုံးတဲ့စနစ်ဟာ အတုယူစရာကောင်းလှပါတယ်။ သူတို့ရဲ့ဝန်ကြီးတွေ ဟာ ရွေးကောက်ပွဲဝင်တဲ့သူတွေမဟုတ်ဘဲ ရွေးကောက်ခံ တဲ့ သမ္မတလုပ်သူက သူ့စိတ်ကြိုက် တိုက်ရိုက်ခန့်ထားတဲ့ သူတွေဖြစ်တယ်။ သမ္မတအနေနဲ့ ယခုလို ရွေးချယ် ထားရာမှာ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အရည်အချင်း လုပ်ရည် ကိုင်ရည်ကိုကြည့်ပြီး ခန့်ထားကြတယ်။ တာဝန်ပေး ခန့်တဲ့သူဟာ သူ့ရဲ့ပါတီဝင် ဟုတ် မဟုတ်ကို အဓိက မထားဘဲ ကျွမ်းကျင်တဲ့အတတ်ပညာရှင်၊ အသိပညာရှင် တွေကိုဦးစားပေးပြီး တာဝန်ပေးခဲ့တယ်။

ဒါပေမယ့် ဒီဝန်ကြီးတွေဟာ ဝန်ကြီးသက်တမ်းကုန်ဆုံး တဲ့အခါ တက္ကသိုလ်တွေမှာ ပါမောက္ခတွေအနေနဲ့ တာဝန်ပြန်ယူကြပြီး မိမိရထားတဲ့ ဗဟုသုတအတွေ့အကြုံ တွေကို လူငယ်တွေကိုလက်ဆင့်ကမ်းတယ်။ နောင်အစိုးရ အပြောင်းအလဲဖြစ်လို့ တာဝန်ပေးပြန်ရင် တက္ကသိုလ်က ထွက်ခွာပြီး ဝန်ကြီးတာဝန်ယူကြပြန်ရော။ တချို့ကျ တော့လည်း ကိုယ်ပိုင်လုပ်ငန်းတွေ ပြန်လုပ်ကြတယ်။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့တွေမှာ တာဝန်ယူကြတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ တစ်လမ်းသွားပဲရှိတယ်။ တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီး တာဝန်တွေယူပြီးတဲ့အခါ တက္ကသိုလ်ကိုပြန်ပြီး တာဝန်မယူကြဘူး။ ယူခွင့်မရှိလို့လား၊ မယူချင်လို့လား ပဲ။ ကျွန်တော်ကတော့ အခုလို ကူးချည်သန်းချည်လုပ်နိုင် တာကို အားပေးချင်တယ်။ တက္ကသိုလ်က ရထားတဲ့ အတွေးအခေါ်တွေကို လက်တွေ့မှာအသုံးချနိုင်သလို လက်တွေ့ဗဟုသုတတွေကိုအခြေခံပြီး သီအိုရီအသစ် တွေ ထုတ်ဖော်နိုင်မှာဖြစ်တယ်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလမှာ တစ်ချိန် တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံတွေမျိုးစုံနဲ့ ရင်ဆိုင် နေတဲ့နေရာမှာ နိုင်ငံရေးဘဝအလွန်ဆိုတာကို စဉ်းစား ကြဖို့လိုပါလိမ့်မယ်။ နိုင်ငံ့တာဝန်တွေကို ပုံစံအမျိုးမျိုး နဲ့ယူခဲ့ကြသူတွေမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ဗဟုသုတတွေ စုစည်းထားပါတယ်။ ဒါတွေကို တိုင်းပြည် အတွက် ကျရာနေရာက အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။ အမှန်တော့ပေးဆပ်မှုဟာ ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ် နိုင်မှာသာဖြစ်တယ်။ ရာထူးအာဏာဆိုတာက တစ်ခဏ ပါ။ လူတိုင်းဒီခရီးကို လျှောက်ရမှာပဲ ဖြစ်ပါတယ်။ တချို့ က ဘာသာရေးအလုပ်ကိုပဲ လုပ်တော့မယ်လို့ပြောကြ တာ တွေ့ရပါတယ်။ ဒီရွေးချယ်မှုဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ယဉ်ကျေးမှု တစ်ရပ်ပါ။ အသက်အရွယ်ရလာပြီမို့ နောက်ဆုံးအချိန် မှာ တရားဓမ္မနဲ့မွေ့လျော်ချင်တဲ့ စိတ်ထားဟာလည်း မြင့်မြတ်လှပါတယ်။ ကျွန်တော်က လောကသား တစ်ယောက်အနေနဲ့ စောဒကတက်ချင်တာက တရားဓမ္မ အားထုတ်မှုကို မိမိလုပ်နေတဲ့တာဝန်နဲ့တွဲဖက်ပြီးလုပ်စေ ချင်တာပါပဲ။

နောက်ဆုံးတော့ လူတိုင်းဟာ မိမိသမိုင်းကို မိမိပဲ ရေးသားတာပါ။ နိုင်ငံရေးဆိုတာဟာ လိုအပ်ချက်တစ်ခု ကြောင့် မနေသာဘဲ ဝင်လုပ်ရတာမျိုးဖြစ်ပြီး အချိန်တန် ရင် မိမိအနေနဲ့ လူ့အဖွဲ့အစည်းအပေါ် ဘယ်ပုံဘယ်နည်း နဲ့အကြွေးဆပ်နိုင်မလဲဆိုတာကို စဉ်းစားကြရမှာသာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်အနှစ်သက်ဆုံးဆောင်ပုဒ်တစ်ခုက (Politics is the out of the Possible) နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာကိုသာ ရအောင်ကြိုးစားတဲ့ သိမ်မွေ့လှတဲ့ အလုပ်တစ်ခုလို့ အဓိပ္ပာယ်ရပါတယ်။ ဖြစ်သင့်တာကိုသာ အာရုံပြုခြင်း မပြုဘဲ ဖြစ်နိုင်တာကို အာရုံပြုရမှာဖြစ်တယ်။
နိုင်ငံရေးဘဝအလွန်ဟာ အလွန်မှ အရေးကြီးလှ ပါတယ်။ အခုလို သမိုင်းမှာ တစ်ချိန်တစ်ခါမှ မကြုံဖူး တဲ့ ပြောင်းလဲမှုတွေကြောင့် နိုင်ငံရေးဘဝအလွန်အတွက် စဉ်းစားကြရတော့မှာသာဖြစ်တယ်။ ။