Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 11, 2018

"ပါမောက္ခဦးဖေမောင်တင် ဟောကြားခဲ့သော ဗုဒ္ဓ ဓမ္မ"


ဘသက်ရှည်ဆရာကြီးဦးဖေမောင်တင် ခရာစ်ယာန် ဘုရားကျောင်းအတွင်း ဟောကြားခဲ့ဘူးသော ဗုဒ္ဓဘာသာတရားဓမ္မအပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

“ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်းတို့ ကျွန်တော့်အား အသက်အရွယ်ကို ထောက်ထား၍ တရားကို ထိုင်ပြီးဟောရသည်ကို ခွင့်လွှတ်စေချင်ပါတယ်။ တရားကို မရိုသေလို့တော့ မဟုတ်ပါဘူး၊ လောကမှာ တရားဆိုတာဟာ ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် မဟာမေဒင်ဘာသာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ခင်မှ တရားမင်ကြတာပါ။ ”

“ဘာသာတရားဆိုတာဟာ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ် စိတ်ဝင်စားနေဖို့ မကောင်းပါဘူး၊တစ်ခြားဘာသာတွေကိုလည်း ကျင့်ကြံလိုက်စားပြီး ဆင်ခြင်နိုင်ရမယ်။ နှိုင်းယှဉ်ကြည့်နိုင်ရမယ်။ ဒါမှသာ ကိုယ့်ဘာသာတရားဆိုတာ ဘယ်လို၊သူများဘာသာတရားရဲ့ အယူအဆက ဘယ်လို ခွဲခွဲခြားသိနိုင်ကြမှာဖြစ်တယ်။ သူတစ်ပါး၏ ဘာသာတရားကို လိုက်စားကျင့်ကြံကြည့်မယ်ဆိုလျှင်လည်း တို့ကဏန်း ဆိတ်ကဏန်းအပေါ်ယံကြောနဲ့ ကျင့်ကြံသုံးသပ်ကြည့်လို့ဖြင့် အနှစ်သာရကို မမြင်မတွေ့နိုင်ကြပါဘူး။”

“ဗုဒ္ဓဘာသာတရားရဲ့ အဆီအနှစ်ကို သုံးသပ်ကြည့်ချင်ရင် ဗုဒ္ဓဘာသာတရားကို နီးနီးကပ်ကပ် လေ့လာကြည့်နိုင်မှသာ မြင်နိုင်မှာပါ။ ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်။ နုညံ့တယ်၊ လွန်စွာ အနှစ်သာရရှိတယ်ဆိုတာကို သိချင်လျှင် ဘာကြောင့်သိမ်မွေ့ရတယ်၊ နူးညံ့ရတယ်ဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပေါင်းသင်းပြီး သူတို့ရဲ့ တရားကို စူးစမ်းရှာဖွေ ကြည့်ကြရပါမယ်။”

“ဘုန်းကြီးကို မကြည်ညိုလို့ အနားမကပ်ချင်ဘူး၊အနားကပ်ပြန်တော့လည်း ရှိခိုးနေရဦးမလား၊ ဘုန်းကြီးနဲ့ စကားပြောရမှာကလည်း ခက်တယ်၊ခရစ်ယာန်တစ်ယောက်က ဗုဒ္ဓဘာသာတစ်ယောက်နဲ့ ဆက်ဆံနေတာကို တွေ့ကြရင်လည်း အထင်သေးခံရမယ်။ဒါတွေကြောင့် ငါဟာရှောင်ကြဉ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေရင်ဖြင့် ဘယ်တော့မှ ဗုဒ္ဓဘာသာတရားရဲ့ သိမ်မွေ့ပုံ၊ နူးညံ့ပုံတွေကို သိကြရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ခင်မင်တွယ်တာမက်မောနေတော့မှာပဲ ဖြစ်ပါတယ်။ သည်တော့ ဘာသာတရားကို နှိုင်းယှဉ်လေ့လာနိုင်ရမယ့် အခွင့်အရေး တွေဟာ ဆုံးရှုံး၍သာ နေကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားကိုလည်း နီးနီးကပ်ကပ်လေ့လာကြည့်ပါ။ နီးနီးကပ်ကပ်လည်း ဆက်ဆံကြည့်ပါ။”

“ဘုရားသခင်က ငါမှတစ်ပါး တစ်ခြားသူကို ရှိမခိုးရ၊မဆည်းကပ်ရလို့ ဟောကြားထားသော်လည်း တကယ်စင်စစ်ဆိုရင် စိတ်ဖြင့် ခံယူချက်ကသာ အရေးကြီးပါတယ်။ဥပမာဆိုရင် မိဘ၊ မိဘဆိုတဲ့ ဂုဏ်ကျေးဇူးဟာ အလွန်ကြီးလှပါတယ်။ ဒါဖြင့် မိဘကို ရှိခိုးလျှင်ကော အပြစ်ရှိပါသလား၊ ဒါကတော့ လူတိုင်း ခံယူချက်တစ်မျိုးစီ ရှိနေကြမှာပါ။”

“လူဆိုတာ ဒုက္ခများတယ်၊ ဆင်းရဲတယ်၊ ပူပင်တယ်၊ လောဘ ဒေါသ မောဟတွေက များတယ်၊ လူ့ဘုံကြီးဟာ ကျဉ်းမြောင်းမွန်းကြပ်လှတယ်၊၊ ဆင်းရဲရှိရင် ယင်းဆင်းရဲမှ ကင်းသော နိဗ္ဗာန်ဆိုတာ ရှိရမယ်လို့ ဗုဒ္ဓဘာသာတရားက ယူဆတယ်၊ လူ့ဘုံသာ မဟုတ်သေး၊ နတ်ဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဗြဟ္မာဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ အိုလိုက် နာလိုက် သေလိုက်ပဲ။ ဒါတွေကြောင့် ဘ၀ဆိုတဲ့ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ငရဲကျလိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊အသူရကာယ်ဘုံသွားလိုက်နဲ့ တပြောင်းပြန်ပြန် စုန်ဆန်သွားလာနေကြရတဲ့ (၃၁)ဘုံမှာ ကျင်လည်နေရတယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ကောင်းကင်ဘုံဆိုတာ လူတိုင်းမရောက်နိုင်ပေဘူး၊ ဒီ(၃၁)ဘုံဆိုတာဟာ ဘာနဲ့အလားတူသလဲဆိုတော့ ခေတ်မီ မြို့ကြီးတွေမှာ တွေ့နေရတဲ့ အထပ်ပေါင်း များစွာရှိတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့တူတယ်။ အဲဒီ (၃၁)ထပ်ရှိတဲ့ တိုက်ကြီးတစ်ခုဆိုကြပါစို့။”

“အဲဒီမှာလူတွေဟာကိုယ့်အကြောင်းနဲ့ကိုယ်၊ဆင်းတဲ့သူက ဆင်း၊ တက်တဲသူက တက်နဲ့၊ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ အလုပ်များနေကြတယ်ဆိုပါတော့၊ ဆင်းလိုက်ကြ တက်လိုက်ကြဆိုတာကလည်း အဲဒီ(Elevator)ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် ဆင်းတဲ့သူအတွက်က ဆင်း၊ တက်တဲ့သူအတွက်က တက်နဲ့ အထက်ပို့ အောက်ပို့လုပ်ပေးနေတဲ့ ဓါတ်လှေကားကြီးတွေက အဆင်သင့်ရှိနေကြတယ်၊ (၃၁)ဘုံသားတွေဆိုတာက ဒီလိုပါပဲ။ ဘ၀တွေများစွာ ဆင်းလိုက်ကြ၊တက်လိုက်ကြနဲ့ ခြေရာတွေကတော့ ထပ်လောက်အောင် များစွာ ကျန်နေပြီပဲ၊”

“ဒါပေမယ့် သတိမထားမိတဲ့ လူတွေအတွက်ကတော့ အဲဒီ(၃၁)ဘုံကနေ အပြင်ကို ထွက်လို့ရမယ့် သည့်ထက်သာယာအသက်ရှူချောင်မယ့် ထွက်ပေါက်ကို မမြင်နိုင်ကြလေဘူး၊လူ့ဘုံ နတ်ဘုံ ငရဲဘုံ တိရစ္ဆာန်ဘုံတွေကိုသာ စုန်ဆန်သွားလာနေကြရတာပါပဲ။ သတိမထားကြလို့ပေါ့၊ထွက်ပေါက်ဆိုတာက ရှိနေတာပဲဟာ၊ မလွယ်ပေါက်ကလေးတွေ။ ဆိုကြပါစို့ တော်တော်တန်တန် လူဟာ ဒီထွက်ပေါက် ကလေးတွေကို မမြင်ဘူး၊ဒီထွက်ပေါက်က ထွက်ရင်ရတာပဲ၊ ဒါတွေက ဘာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မလွယ်ပေါက်တွေပါပဲ၊ မဂ္ဂင်ဆိုတဲ့ စကားက နိဗ္ဗာန်ကို ရှာမှီးပို့ဆောင်ပေးတတ်တဲ့ တရားရယ်လို့ခေါ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ နိဗ္ဗာန်သို့ ပို့ပေးတတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပါပဲ။”

“အဲဒီရှစ်ပါးကို သေသေချာချာ သိမြင်ရင်(၃၁)ဘုံက ထွက်ပေါက်ဖြစ်တဲ့ မလွယ်ပေါက်ကို တွေ့မြင်ပြီလို့မှတ်ကြရမယ်၊ အဲဒီမလွယ်ပေါက်ကမှ ထွက်ပြီး သာယာဝပြော အေးငြိမ်းလှတဲ့ နိဗ္ဗာန်ခရီးကို သွားနိုင်ကြမှာ ဖြစ်တယ်၊ အဲဒီ မဂ္ဂင်(၈)ပါး ဆိုတဲ့ မလွယ်ပေါက်(၈)ခုတွေက-

(၁)သမ္မာဒိဋ္ဌိ-မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ၊ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေက ဖုံးနေရင် မှန်ကန်စွာ မမြင်တတ်ကြဘူးတဲ့၊ အဲဒါ မှန်ကန်စွာ မြင်တတ်ကြဖို့လိုပါတယ်။

(၂)သမ္မသင်္ကပ္ပ-မှန်ကန်စွာ ကြံစည်ခြင်းတဲ့၊လောဘရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ၊ အတ္တကိုစွဲပြီး မှန်ကန်စွာ မကြံစည်နိုင်တာတွေကို ဖယ်ရှားပစ်ကြရမယ်။

(၃)သမ္မာဝါစာ-မှန်ကန်စွာ ပြောကြရမယ်တဲ့၊ ချစ်လို ဒီပါးစပ်၊မုန်းစေလို ဒီပါးစပ်ပါပဲ၊ မှန်ကန်တဲ့သစ္စာ ဆိုတာရှိကြရမယ်၊ မုသာဝါဒကို မသုံးဘဲ လောကမှာ မှန်တာကိုသာ ချိုသာစွာ ပြောကြ ဆိုကြရမယ်လို့ ဆိုလိုတယ်။

(၄)သမ္မာကမ္မန္တ- မှန်ကန်စွာလည်း လုပ်ကိုင်ကြရမယ်တဲ့။ စီးပွားရေးမတော်လောဘစိတ်မရှိရဘူး၊ သူတစ်ပါး ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်ဆို ရှောင်ရမယ်တဲ့။

(၅)သမ္မာအာဇီဝ-မှန်ကန်စွာ အသက်မွေးဝမ်းကြရမယ်တဲ့။ အပြစ်ကင်းတဲ့ အသက်မွေးမှုဖြစ်ရမယ်တဲ့။ အသက်မွေးမှုမှန်ကြရဲ့လား၊ ပရိယေသနမူလက ဒုက္ခတဲ့၊ အသက်မွေးမှုကို ရှာကြံကြရာ၌ ရှေးဦးစွာသော ဒုက္ခအရင်းအစစ်ကတော့ အသက်မွေးဝမ်းကျောင်းရတဲ့ ဒုက္ခပဲ မဟုတ်လား၊ သူများဥစ္စာကို မတော်လောဘနဲ့ လိုချင်တယ်၊ခိုးမယ်၊ တိုက်မယ်ဆိုတာတွေကို ရှောင်ကြည်ရမယ်တဲ့။

(၆)သမ္မာဝါယာမ-မှန်စွာ လုံ့လထုတ်ကြရမယ်တဲ့၊တစ်လွဲဆံပင်ကောင်းနေကြလို့မဖြစ်သေးဘူး၊ ယခု ပစ္စက္ခ အတွက် လုံ့လ၊ နောင်သံသရာအတွက် လုံ့လရယ်လို့အားထုတ်ကြရမယ်တဲ့၊

(၇)သမ္မာသတိ-မှန်ကန်စွာ အောက်မေ့တတ်ကြရမယ်တဲ့၊ သတိရှိကြရမယ်တဲ့။ သတိတမန် ဉာဏ်မြေ ကတုတ်တဲ့မဟုတ်လား၊ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာ အရင်ပေါ်လာပါစေတဲ့၊ သတိရှိတော့ ဟိရီ၊သြတ္တပဆိုတဲ့ ရှက်ခြင်းကြောက်ခြင်းက တားမြစ်ပေးလိမ့်မယ်။

(၈)သမ္မာသမာဓိ-စိတ်အာရုံထားမှန်ကန်ရမယ်တဲ့၊ စိတ်တည်ကြည်ရမယ်၊ လူ့စိတ်ကို မျောက်စိတ်လို မမွေးကြရ ဘူးတဲ့၊ကတိတစ်လုံးကို မဖျက်ကြရဘူး၊ မဟုတ်တာကိုဖြင့် မလုပ်ရဘူး၊ ငတ်လို့သေချင် သေသွားပါစေဆိုတဲ့ စိတ်အာရုံမျိုးကို မွေးကြရမယ်။”

“အဲဒီ မလွယ်ပေါက်(၈)ပေါက်ကို တွေ့ရင်ဖြင့် (၃၁)ဘုံက ထွက်နိုင်မယ်၊ နိဗ္ဗာန်ရောက်ချင်ကြရင် အဲဒီမလွယ်ပေါက်တွေကို အပတ်တကုတ်ရှာကြရမယ်။ ကျင့်သုံးကြရမယ်တဲ့။ အဲဒီလိုပဲ ဗုဒ္ဓဘာသာတရားက ဆိုတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ အဆီအနှစ်နဲ့လည်း ပြည့်စုံတယ်၊ဒီတရားတွေကို ကျုပ်တို့ ခင်ဗျားတို့ရဲ့ ခရစ်ယာန်တရားနဲ့ ဉာဏ်ယှဉ်ပြီးကြည့်နိုင်မှ မိမိတို့လိုလားတဲ့ နိဗ္ဗာန်ကို ရောက်ကြရမှာ ဖြစ်ပါတယ်။ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြစေသတည်း၊ ရောက်နိုင်ကြစေသော်ဝ်။”

ဆရာကြီးဘသက်ရှည်ရဲ့ တရားအဆုံးမှာတော့ “အာမင်” ဆိုတဲ့ ကောင်းချီးအနုမောဒနာသံကြီးက ဘုရားရှိခိုးကျောင်းကြီးတစ်ခုလုံး လွှမ်းသွားခဲ့ပါသတဲ့။
ကောင်းလေစွ။ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရပိုင်းကို ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ထင်သာမြင်သာဖြစ်အောင် ရိုးရှင်းစွာ ဟောပြောခဲ့ပါတယ်။

ဆရာကြီးမြကေတုကတော့ ဗုဒ္ဓဓမ္မနဲ့ပတ်သက်လာရင် ပါရဂူမြောက်ဖြစ်ခဲ့တဲ့ ဆရာကြီးရဲ့ ဘာသာရေးခံယူချက်ကို ဒီလိုရေးပြပြန်ပါတယ်။

“ဆရာကြီးနှင့် ကျွန်တော်တို့ တရားပွဲပြီးဆုံးလျှင် အိမ်သို့ပြန်လာကြပါသည်။ တစ်လမ်းလုံး ကျွန်တော်တို့ စကားမပြောခဲ့ကြ၊ ကျွန်တော့်စိတ်၌ကား တအုံ့နွေးနွေးနှင့်ရှိနေသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို ကိုယ်တိုင်နားလည်ရုံမျှမက ၀ိသုဒ္ဓိမဂ်ကျမ်းကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ပဋိစ္စသမုပ္ပါဒ်နှင့် ဓမ္မစကြာတို့ကိုလည်း ဘာသာပြန်ဆိုခဲ့ဖူး၏၊ နိုင်ငံခြားတက္ကသိုလ်များတွင် ဗုဒ္ဓကျမ်းစာကိုလည်း ပို့ချဖူးသူဖြစ်၏။ နိုင်ငံခြားတွင် ပါဠိဘာသာ၌ ပါရဂူဖြစ်သော ပါဠိဒေ၀ီအမည်ရ ပါမောက္ခမစ္စစ် ဒေဗစ်နှင့်လည်း အကြေအလည် ဗုဒ္ဓတရားကို ဆွေးနွေးခဲ့ဖူး၏။ ဒါပေမယ့် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်အရင့်အမာကြီးပေပါပဲကလား။

ဆရာကြီးကို တစ်ခြားသူများက-“ဆရာကြီးဟာ ဗုဒ္ဓဘာသာလား၊ခရစ်ယာန်ဘာသာလား” ဟူ၌ မေးသည်ဖြစ်ငြားအံ့၊မည်သည့်အခါမှ အဖြေကို မပေး။

" ခင်ဗျားကကော ကျုပ်ကို ဘယ်လိုထင်သလဲ” ဟူ၍ ပြန်မေးတတ်သည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာကို လေးစားသော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်ဟု ရဲရဲဆိုရအံ့ထင်ပါသည်။
Copied: from ဦးရွှ Khin Aung Shwe’s post
ဓမ္မဂင်္ဂါမှကူးယူပါသည်။

No comments:

Post a Comment