Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 3, 2017

ဒုတိယတန်းစားနိုင်ငံသား


ကျနော့်မေမေက နိုင်ငံသားအစစ်မဟုတ်လို့ အလယ်တန်းကျောင်းသားဘဝတုန်းက ပညာသင်ဆုတစ်ခုကို လက်လွတ်ခံခဲ့ရဖူးပါတယ်။ အရွေးချယ်မခံရတော့ ကျောင်းအုပ်ဆရာကြီးကို ဘာလို့လည်းလို့မေးကြညိ့မိတဲ့အခါ သားမေမေက ဧည့်နိုင်ငံသားဖြစ်နေလို့ပါတဲ့...။အဲဒီကတည်းကခံစားခဲ့ရတဲ့ ခွဲခြားခံရခြင်းက ကျနော်အသက်ကြီးလာတဲ့ပိုပြီးတွေ့လာရပါတယ်။ ခုတော့ ဧည့်နိုင်ငံသားဘဝနဲ့ နိုင်ငံသားတစ်ယောက်တာဝန်ကျေပွန်ခဲ့တဲ့မေမေ့ကို သိပ်ကျေးဇူးတင်နေပါတယ်။ဒီကဗျာက ဒုတိယတန်းစားနိုင်ငံသာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ကို ပြောပြထားတာပါ။ မိတ်ဆွေတို့အနေနဲ့လည်း ဒီကဗျာကိုဖတ်ပြီးရင် ဒုတိယတန်းစားနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ချို့ကို နားလ်ာနိုင်ပါစေလို့ မျှော်လင့်မိပါတယ်...

Second Citizen!!!

#ဒုတိယတန်းစားနိုင်ငံသား!!!

မွေးရာပါဖြစ်တည်ခဲ့တဲ့အရာ
ကျနော်က တရုတ်လူမျိုး
ဒါက ကျနော့်ရွေးချယ်ခွင့်မဟုတ်
အလိုလိုဖြစ်တည်လာသောအရာ……

ပြည်ကြီးစာမတတ်
စကားလည်းမပေါက်လို့
အသိုင်းအဝိုင်းတစ်ခုတည်းမှာ
မျက်နှာငယ်ရတဲ့အရသာ
ဘယ်လိုဆိုတာ သင်သိပါသလား?

မွေးရာပါမျက်ပေါက်ကျဉ်း
အသားအရေဖြူဆွတ်တဲ့အခါ
မူလတန်း သူငယ်ချင်းတွေအကြား
ကျနော်က သိုးမည်းတစ်ကောင်လို
သူတို့နဲ့ရန်ဖြစ်စကားများတဲ့အခါ
ကျနော့်ကို တရုတ်စုတ် တရုတ်ပုတ်…တဲ့
တခြားစကားလုံးနဲ့ ဆဲချင်ဆဲပါ
ကျေးဇူးပြုပြီး ကျနော့်ကို အဲဒီလို မဆဲပါနဲ့
ကျနော် ငိုရလို့ပါ…
ဒီလိုအရသာက ဘယ်လိုခါးသီးတယ်ဆိုတာ
ခနတာ ကိုယ်ချင်းစာကြည့်ပေးပါ…

ဒီနိုင်ငံမှာ ကျနော်လို ဒုတိယတန်းစားနိုင်ငံသားတစ်ယောက်
သမ္မတအဖြစ် အိမ်မက်တောင်မက်ခွင့်မရှိ
လွှတ်တော်အမတ်လည်း ဖြစ်ခွင့်မရှိ
ဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာ
ဒီလိုမဖြစ်တော့ရော
ဒီနိုင်ငံတိုးတက်ဖို့အရေး
ကျနော်မပါဝင်ရတော့ဘူးလား¿
ဒီနိုင်ငံသားတွေကောင်းစားဖို့အရေး
ကျနော်မပါဝင်ရတော့ဘူးတဲ့လား¿

အမျိုးသားရေးလို့တွင်တွင်အော်
ဗမာတွေမြို့ပြင်ရောက်…
တရုတ်တွေကွာ……တဲ့
မြစ်ဆုံစီမံကိန်း
တရုတ်ပေါက်ဖော်တွေ…
လက်ပံတောင်း…ကျောက်ဖြု
တရုတ်ပေါက်ဖော်တွေလက်ချက်တဲ့
ဒါပေမဲ့ ဒါတွေကကျနော့်စနက်မှမဟုတ်တာ…

ဒီလိုအချင်းဖြစ်တိုင်း
ကျနော်တို့မိသားစု ကျတဲ့မျက်ရည်
ဗမာတွေကျတဲ့မျက်ရည်လို ထပ်တူထပ်မျှ
ပူနွေးစိုစွတ်……
ကိုယ့်အသားလှီးယူခံလိုက်ရသလို နာကျဉ်ရပါတယ်…

သူငယ်ချင်းတွေရဲ့ လက်ဖက်ရည်ဝိုင်း
ဒီလိုစကားတွေအကြား ကျနော်မျက်နှာပူနေခဲ့
ဆွေးနွေးဖို့အစား တမင်ဆွံ့အ နေရင်း
အေးစက်နေတဲ့လက်ဖက်ရည်ဝိုင်း
ဆွံ့အသူက ကျနော်တစ်ယောက်တည်းသာ…

ကျနော်ရှစ်တန်းစာသင်နှစ်
သူငယ်ချင်းတစ်ဟောက်ကမေးဖူးတယ်…
တရုတ်ဗမာရိုက်ပွဲဖြစ်တဲ့အခါ ဘယ်ဘက်ကပါမလည်းတဲ့?
သိပ်စဉ်းစားစရာမလို
အဖြေကချက်ချင်းရှိပြီးသား…
ကျနော်ဘယ်ဘက်မှ မပါလို
အိမ်တံခါးတွေလုံအောင်ပိတ်
လည်စင်းခံရုံမျှသာ…
အမျိုးအဆွေကို မနာကျင်စေသလို
အရပ်အဆွေကို မထိခိုက်စေချင်တာ
ကျနော့်ရင်တွင်းဆန္ဒ
ဒါတွေတကယ်ဖြစ်လာခဲ့လျင်
ကိုယ့်အသက် ကိုယ့်ခန္ဓာအတွက် ကံကိုပုံအပ်လိုက်ရုံမျှသာ…
ပြုသမျှအတွက် လည်စင်းခံပေးရုံမျှသာ
ကျနော်လို ဒုတိယတန်းစား နိုင်ငံသားအတွက်
ရွေးချယ်စရာ ဘာမှမရှိ
ကျေနပ်ပေးရုံမျှသာ…

မိဘမဲ့တွေထားတဲ့ဂေဟာ
အဖိုးအဖွားတွေချည်း စုရပ်ရိပ်သာ
PLHIVကလေးငယ်များ ပျော်ရာနေရာ
ဒီနေရာတွေရဲ့ လိုအပ်ချက်
ကျနော့်လို ဒုတိယတန်းစားနိုင်ငံသား
လုပ်အားပေးလို့ရတယ်
ကျနော်က ဒုတိယတန်းစားနိုင်ငံသားတစ်ယောက်မျှသာ……

အဖေကို ပါပါး
အမေကို မာမား
ဒီလိုခေါ်ရတဲ့လူမျိုး…
အမည်နာမတွေဘယ်လိုခေါ်ခေါ်
စကားလုံးတွေ ဘယ်လိုကွဲပြားခြားနား
အရေးကြီးတာက
အဖေကို အဖေလိုသတ်မှတ်ဖို့
အမေကို အမေလိုသတ်မှတ်ထား
လူပီသဖို့သာ……
ကျနော်က ဒုတိယတန်းစားနိုင်ငံသားတစ်ယောက်…

ကမ္ဘာမကျေသီချင်းကို အလွတ်ရတယ်
ပြည်လှဖေသီချင်းကိုကြိုက်တယ်
မြို့မငြိမ်းရဲ့ ပြည်တော်ဝင်သီချင်း
နားထောင်တိုင်း မျက်ရည်ဝဲ
ဒုတိယတန်းစားနိုင်ငံသားတစ်ယောက်လည်း ခံစားတတ်သူပါ……

မေတ္တာသုတ်ကို အလွတ်ရသလို
ငါးပါးသီလကိုနေ့တိုင်းထိန်းတယ်…
ကျနော်လို ဒုတိယတန်းစားနိုင်ငံသားအတွက်
ဘာသာတရားဆိုတာ
ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားထွန်းကားဖို့လို့နားလည်တယ်
ရွေးချယ်လို့ရတဲ့အရာ
ရွေးချယ်လို့မရတဲ့နေရာအကြား
သိမ်ငယ်ခြင်းလည်းမဟုတ်
မာန်တက်ခြင်းလည်းမဖြစ်
ဒါတွေက သဘာဝအတိုင်းလို့ခံယူရင်း
လူပီသအောင်ကြိုးစားနေထိုင်ရင်းဖြင့်
လောကကိုအလှမဆင်ရင်နေ
အကျည်းမတန် ရုပ်မဆိုးရအောင်နေရင်း

ကျနော်က ဒုတိယတန်းစားနိုင်ငံသားတစ်ယောက်မျှသာ…
လူသားတစ်ယောက်မျှသာ…
ဒီနိုင်ငံက အသွေးအရောင်လို တစ်ထပ်တည်းကျလိုခြင်းမျှသာ…
သာမာန်လူတစ်ယောက်လို အေးအေးလူလူဖြတ်သန်းလိုခြင်းမျှသာ……

#KT
Tun Lynn Thein
December 2, 2016 ·
20:35
18.9.2015

ဖိုတိုမော်ဒယ်လ်ကတော့ ကျနော်ကိုယ်တိုင်ပေါ့

No comments:

Post a Comment