CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 5, 2017
ကျနော်နဲ့နန္ဒာလှိုင်
၁၉၉၅ မှာ နန္ဒာလှိုင်ဟာ မော်လမြိုင်ကနေ ထရန်စဖာနဲ့ အာစီတူးကို ရောက်လာတော့ အပေါင်းအသင်း သိပ်မရှိသေးဘူး
ကျောင်းထဲမှာ ယောင်လည်ယောင်လည်နဲ့ ဟိုလျှောက်သွား ဒီလျှောက်သွား သွားနေတာ တွေ့ရတယ် သေချာမှတ်မိနေတာက လက်ပတ်နာရီ အနီရောင်ကြီး ပတ်ထားတာ
အဲဒီအချိန်က ကြော်ငြာလည်း အများကြီးမရိုက်ရသေးတော့ ခိုင်သင်းကြည်လောက် နာမည် သိပ်မကြီးသေးဘူး တက်တော့တက်လာပီ
ခိုင်သင်းကြည်ရော နန္ဒာလှိုင်ရော နှစ်ယောက်လုံးက Chemistry ကပဲ
ခိုင်သင်းကြည်ကတော့ ပထမနှစ်တည်းက အာစီတူးမှာ စတက်ခဲ့တော့ Chemistry queen ဖြစ်ခဲ့တယ် နို့မို့ဆို နန္ဒာလှိုင်လည်း ပထမနှစ်တည်းက ရှိခဲ့ရင် queen ဖြစ်ဖို့ အကြိတ်အနယ် ပြိုင်ကြရလိမ့်မယ်
အဲဒီတုန်းက နန္ဒာလှိုင်ကို အခု စုလှိုင်ဝင်း ဘယ်မီမလဲ
ကျနော်ကတော့ Geology မေဂျာရတော့ အာစီတူးမှာပဲ ရှိတာနဲ့ ကံကောင်းပြီး ရောက်လာခဲ့တာပါ
ဒီလိုနဲ့ ဒုတိယနှစ်ရောက်တော့ နန္ဒာလှိုင်နဲ့ ဆုံတွေ့ရဖို့ အကြောင်းဖန်လာခဲ့တယ်
တစ်ရက်မှာတော့ ဝိုင်အိုင်တီတက်နေတဲ့ ကျနော့်သူငယ်ချင်းတွေ အာစီတူးကို လာလည်ကြတယ် သူတို့လည်း ဒုတိယနှစ်ပဲ
မှတ်မိသလောက် ဘိုဘိုကျော် ခိုင်မင်းဝေ ကျော်ဇော်လင်းနဲ့ နေလင်းတို့ ကျနော့်ကို လာရှာကြတာ တွေ့လည်းတွေ့ရော ညှင်းဆဲရမယ်ဆိုပီး လက်ဖက်ရည် အတင်းလိုက်တိုက်ခိုင်းတယ်
ကျနော့်အိတ်ထဲမှာက ပိုက်ဆံ ၅၀ လောက်ပဲရှိလို့ မလုပ်ပါနဲ့ကွာ နောက်တော့မှ တိုက်ပါ့မယ်ဆိုတာ မရဘူး အတင်းဝိုင်းချုပ်ပီး ကန်တင်းကို ဆွဲခေါ်သွားကြတယ်
အာစီတူးရဲ့ အလယ်ကန်တင်းထဲကို ယက်ကန်ယက်ကန်နဲ့ ကျနော်ပါသွားတယ်
အဲဒီအချိန်မှာ ဖြစ်ချင်တော့ ကန်တင်းထဲက ဆိုင်တစ်ဆိုင်မှာ ဘိုဘိုကျော်ရဲ့ ညီမဝမ်းကွဲတစ်ယောက်က နန္ဒာလှိုင်နဲ့ အတူထိုင်နေတယ်
ဘိုဘိုကျော့် ညီမကလည်း Chemistry ကဆိုတော့ နန္ဒာလှိုင်နဲ့ သူငယ်ချင်းဖြစ်နေတာ
အဲဒီညီမက ဘိုဘိုကျော်ကို မြင်တော့ လှမ်းခေါ်ပီး နှုတ်ဆက်ရော ဘိုဘိုကျော်လည်း သူ့ညီမထိုင်နေတဲ့ဝိုင်းကို သွားတော့ ကျနော်တို့ပါ ပါသွားရော
ဘိုဘိုကျော့်ညီမက ဒီမှာထိုင်ပါလားဆိုတော့ ကျနော်တို့လည်း ဝင်ထိုင်လိုက်တယ်
ကျနော်တို့လည်း နန္ဒာလှိုင်နဲ့ အတူထိုင်ရတယ်ဆိုပီး သဘောတွေကျ လက်တွေတို့နေကြတာပေါ့
ဘာစားမလဲ ဘာသောက်မလဲမေးတော့ ကျနော် မျက်လုံးပြူးပီ
ဟိုကောင်တွေက အသားကုန် စွတ်မှာနေကြတာ တစ်ယောက် တစ်မျိုးစီ ပေါက်စီတွေရော မုန့်ဟင်းခါးတွေရော လက်ဖက်ရည်တွေရော ကျနော့်မှာ ပိုက်ဆံမပါဘူးပြောတာ ယုံပုံ မရကြဘူး
ကျနော်ကတော့ လက်ဖက်ရည်တစ်ခွက်ပဲ မှာပီး ရင်တထိတ်ထိတ် ဖြစ်နေတယ် နန္ဒာလှိုင်ကိုလည်း ခိုးကြည့်ရင်းပေါ့
ဘိုဘိုကျော့်ညီမလေးက တော်ပါတယ် နန္ဒာလှိုင်ကို အကုန်လုံးနဲ့ မိတ်ဆက်ပေးတယ်
နန္ဒာလှိုင်ကလည်း သေသေချာချာ အသိမှတ်ပြု နှုတ်ဆက်ရှာပါတယ်
ဒီလိုနဲ့ အာလာပ သလာပ စကားပြောရင်း စားကြသောက်ကြပေါ့ ဟိုကောင်တွေ စားတာများ ဝေသာလီပြည် ဘီလူးဝင်စီးတာကျနေတာပဲ ကြောက်ခမန်းလိလိ စားနေကြတာခေါင်းတောင် မဖော်ဘူး
ကျနော်ကတော့ သူတို့စားတာကြည့်ပီး ချွေးတွေပြန်နေပီ လက်ဖက်ရည်တောင် မျိုမကျဘူး
အဲဒီအချိန်မှာ နန္ဒာလှိုင်တို့က အရင်ထိုင်နှင့်တာဆိုတော့ စားလို့သောက်လို့်လည်းပြီး နည်းနည်းလည်း ကြာပီဆိုတော့ သူတို့နှစ်ယောက် ထတော့မယ်ပေါ့
ဇာတ်လမ်းက အဲဒီမှာ စတာ
နန္ဒာလှိုင်က စားပွဲထိုးလေးကို လှမ်းခေါ်တယ်
သူတို့နှစ်ယောက် စားထားတာ ရှင်းမယ်ပေါ့ သူတို့နှစ်ယောက် စားထားတာက သိပ်မများပါဘူး မုန့်ဟင်းခါး တစ်ယောက်တစ်ပွဲစီလောက်ပါပဲ
တအားချစ်ဖို့ကောင်းတဲ့ စားပွဲထိုးကောင်လေးက ကျနော်တို့ စားထားသောက်ထားတဲ့ဟာတွေပါ အကုန်ထည့်တွက်လိုက်တော့ တော်တော်များသွားတယ်
နန္ဒာလှိုင် ဟင်ကနဲ ဖြစ်ပြီး မျက်နှာ တစ်ချက် ပျက်သွားတယ်
အဲဒီအချိန်မှာ မျိုနေဆို့နေတဲ့ ဟိုကောင်တွေဟာ အတိတ်မေ့သလို ရွှေပျောက်သလိုနဲ့ ဟိုကြည့်ဒီကြည့် ရူးချင်ယောင်ဆောင်နေကြတယ်
ကျနော်လည်း ကြက်ကြီး လည်လိမ်ထားသလို မျက်နှာကြီး အောက်စိုက်ပြီး ပေကပ်ကပ်နဲ့ တွေတွေကြီး ထိုင်နေတယ် ဘာမှဝင်မပြောဘူး
တစ်ယောက်မှ မလှုပ်ဘူး အကုန်လုံး ငြိမ်ပီးထိုင်နေကြတာ
နန္ဒာလှိုင်လည်း အင်တင်တင်နဲ့ စက္ကန့်ပိုင်းလောက် တွေကနဲဖြစ်ပီး နောက်တော့ ပြုံးပြုံးလေးနဲ့ တိုးတိုးလေး ပြောရှာတယ် ရပါတယ်လေ သူပဲ ရှင်းလိုက်ပါမယ်တဲ့
အမှန်တော့ အဲဒီအချိန်ဟာ အခွင့်အရေး အလွန်ကောင်းတဲ့အချိန်ပေါ့
ဟာ မရှင်းပါနဲ့ ထားခဲ့လိုက်ပါ ကျနော်ပဲ အားလုံး ရှင်းလိုက်ပါ့မယ် နန္ဒာလှိုင်နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဝမ်းသာလို့ပါ နောက်လည်း ခေါ်မယ်နော် ကန်တင်းထိုင်ကြတာပေါ့ ဘာညာသရကာ ဖောရှောရိုက်ပီး ဝင်ရောရတော့မှာ
အခုတော့ ပိုက်ဆံမရှင်းနိုင်တဲ့ဘဝ မျက်နှာငယ်ရတာမို့ သူတို့ ပြန်တော့မယ်လို့ နှုတ်ဆက်တာတောင် စကားကောင်းကောင်းပြန်မပြောနိုင်ဘူး
သူတို့ ထပြန်သွားတော့မှပဲ ဟိုကောင်တွေကို အဲလောက်တောင် စားရလားလို့ ဆဲရဆိုရတော့တယ်
ဘာပဲပြောပြော အာစီတူးမှာ နန္ဒာလှိုင် ကျွေးတာ စားခဲ့ဖူးတယ်လို့ ပြောစရာ တစ်ခု ရသွားတာပေါ့လေ
သီဟ
4.12.2017 11:32 pm
ကျနော်နဲ့နန္ဒာလှိုင်
Reviewed by MP4 YoU
on
December 05, 2017
Rating: 5
Reviewed by MP4 YoU
on
December 05, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment