Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 11, 2017

ဘာသာပေါင်းစုံဆုတောင်းပွဲ သံဃာတွေမတက်ဖို့ မဟန တားမြစ်

လူပုဂ္ဂိုလ်တွေနဲ့ တတန်းတည်း ဒါမှမဟုတ် တဆင့်နိမ့် နေရာမှာ ထိုင်ပြီး အခမ်းအနားတွေ တက်တာ သံဃာစည်းမျဉ်းတွေနဲ့ မညီညွတ်လို့ ဆရာတော် သြဒါတ သိရီဘိဝံသပြော
မြန်မာနိုင်ငံက ရဟန်း သာမဏေတွေ သီလရှင်တွေ အနေနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို မကြွရောက်ဖို့ နိုင်ငံတော်သံဃာ့ မဟာနာယက မဟန အဖွဲ့က တားမြစ်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာ ပြုလုပ်တဲ့ အဖွဲ့ဝင် ၄၇ ပါး စုံညီ ၁၅ ကြိမ်မြောက် ပန္နရသမ အစည်းအဝေး ဒုတိယနေ့မှာ ဝိနိစ္ဆယ ဝိနည်း စည်းကမ်း ဆိုင်ရာ အစီအရင်ခံစာအရ ဒီလို ကြွရောက် တာ မသင့်တော်ဘူးလို့ ဆုံးဖြတ်ပြီး နောင်လုပ်မယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ မကြွရောက်ဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို မကြာခင် အောက်ခြေ သံဃာ့ မဟာနာယက အဖွဲ့တွေမှာ အဆင့်အဆင့် ညွှန်ကြားသွားမယ်လို့ သိရပါတယ်။

ရဟန်းသာမဏေတွေ အနေနဲ့ လူပုဂ္ဂိုလ်တွေနဲ့ တတန်းတည်း ဒါမှမဟုတ် တဆင့်နိမ့် နေရာမှာ ထိုင်ပြီး အခမ်းအနားတွေ တက်နေကြ တာဟာ သံဃာ စည်းမျဉ်းတွေနဲ့ မညီညွတ်တဲ့အတွက် အခုလို တားမြစ်ရတာ ဖြစ်တယ်လို့ ဝိနိစ္ဆယ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ဆရာတော် ဥုး သြဒါတ သိရီဘိဝံသက ဘီဘီစီကို မိန့်ပါတယ်။

ဒါ့အပြင် အောက်ခြေ အဆင့်အဆင့်က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ တိုင်ကြားမှုတွေလည်း ရှိခဲ့တဲ့အတွက်လည်း အခုလို ဆုံးဖြတ် တားမြစ်ရတာ ဖြစ်ပြီး ရဟန်း သာမဏေတွေ သီလရှင်တွေအနေနဲ့ သတင်းသုံးရာ ကျောင်း မှာပဲ မေတ္တာပို့ ဆုတောင်းသင့်တယ်လို့ ဆရာတော်က ပြောပါတယ်။

တခြား နိုင်ငံတော် အခမ်းအနား တွေမှာ အခြေအနေအရ သံဃာနဲ့ လူပုဂ္ဂိုလ် တတန်းတည်း ထိုင်ရတာတွေ ရှိခဲ့ဖူးပြီး မဟန အနေနဲ့ ဒီကိစ္စသာမက အဓမ္မဝါဒ ဖြန့်ချိနေတဲ့ ကိစ္စ အပါအဝင် တခြား တိုင်းပြည် အခြေအနေ တွေ ကိုလည်း ဥပက္ခာ မပြုသင့်ကြောင်း ဘာသာပေါင်းစုံ ဆုတောင်းပွဲ တွေကို တက်ရောက်ခဲ့တဲ့ မန္တလေးက ဘဝအလင်း ဆရာတော် ဦးသောဘိတက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းက မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ ကိုရင်တွေက စင်အောက်မှာ ထိုင်နေပြီး တခြား ဘာသာရေးခေါင်းဆောင်တွေက စင်ပေါ်မှာ ထိုင်နေတဲ့ ပုံတွေ လူမှု ကွန်ယက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ အပြီးမှာ မြို့နယ် သံဃာ့ မဟာနာယကအဖွဲ့နဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ကန့်ကွက်ခဲ့တဲ့အတွက် မြို့နယ် NLD လွှတ်တော်အမတ် ကိုယ်တိုင် စဥ့်ကိုင် သံဃာ့ မဟာနာယကအဖွဲ့ကို ဝန်ချတောင်းပန်ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment