Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 9, 2017

စက်စဲကမ်းခြေ


ဂရုစိုက်ကြပါ....

စက်စဲကမ်းခြေတဲ့။
သဘာဝအတိုင်း လှနေသလို သဘာဝအန္တရာယ်ကြောင့် အရမ်းလည်း ကြောက်ဖို့ ကောင်းပါတယ်။ 3.11.2017 ညနေခင်းမှာ စက်စဲကမ်းခြေကို ရောက်သွားခဲ့တယ်။ ပင်လယ်ကြီးကို မမြင်ဘူးတဲ့ ကိုယ့်ကလေးတွေကို မြင်ဘူးအောင် ပြမယ်ဆိုပြီး မော်လမြိုင်ခရီးစဉ်ကနေ ကူးသွားခဲ့တာပါ။ ညနေစောင်းမှာ ရောက်သွားခဲ့တာဖြစ်ပြီး သားသမီးတွေရဲ့အကြိုက် ရေကူးကန်ပါတဲ့ 21 Paradise Hotel မှာ booking လုပ်မထားခဲ့ပေမယ့် တစ်ညစာ တည်းခိုစရာကို Hotel ရဲ့ Sea View မှာရလို့ အဆင်ပြေသွားခဲ့တယ်။ စက်စဲကမ်းခြေရဲ့ ရေဟာ ကြည်လင်မနေဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကလေးတွေကို Hotel က ရေကူးကန်မှာပဲ ဆော့ကစားစေခဲ့တယ်။ ပင်လယ်ကြီးနဲ့ကတော့ ဓာတ်ပုံရိုက်ရန် သက်သက်ပေါ့။ 21 Paradise Hotel က လူအများဆော့ကစားကြတဲ့ ကမ်းခြေရဲ့ ခပ်လှမ်းလှမ်းမှာ ရှိပါတယ်။ Hotel ရှေ့ က ကမ်းခြေဟာ သန့်ရှင်းပြီး သာယာ လှပပါတယ်။

4.11.2017 မနက်ခင်း ၁၀နာရီခွဲလောက်မှာတော့ Hotel ရှေ့မှာပဲ အုန်းစိမ်းရေ သောက်ဖို့ မိသားစုတစ်တွေ ထွက်လာကြတယ်။ အဲဒီ အချိန်မှာ ပင်လယ်ထဲ ခပ်လှမ်းလှမ်းမှာ မျောလာတဲ့ ဘောကွင်းတစ်ခုရယ် ဘောကွင်းပေါ်က လူရိပ်တစ်ခုရယ်က Hotel ရှေ့မှာ အပန်းဖြေနေကြတဲ့သူတွေကို အံသြသွားစေခဲ့တယ်။ လူလား။ ဘာလဲ။ ကြည့်နေကြတုံးမှာ ထိုလူရိပ်ဆီက လက်လှမ်းပြပြီး အကူအညီ တောင်းခံတဲ့ ပုံမျိုး ဝိုးတဝါး မြင်ရတယ်။ သိပ်တော်တဲ့ ရွာခံအမျိုးသမီး တစ်ယောက်ဟာ ဒီပုံရိပ်ကို မြင်မြင်ချင်း သူမစီးလာတဲ့ ဆိုင်ကယ်ကို ဟိုးအနောက် ခပ်ဝေးဝေးက ငါးဖမ်းစက်လှေတွေဆီ အပြေးမောင်းသွားပြီး အကူအညီတောင်းခံခဲ့တယ်။ ငါးဖမ်းစက်လှေကလည်း လူသုံးယောက်နဲ့အတူ ချက်ချင်းပဲ ပင်လယ်ပြင်ထဲ မောင်းထွက်သွားခဲ့တယ်။ ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ ရေလုပ်သားတွေဟာ ပင်လယ်ထဲမှာ မျောနေတဲ့ ဘောကွင်းပေါ်က လူကိုရော ဘောကွင်းကိုပါ ဆယ်ယူပြီး 21 Paradise Hotel ရှေ့က ကမ်းခြေမှာ စိတ်ပူစွာ ကြည့်နေကြတဲ့ လူတွေနား လာချပေးသွားပါတယ်။ ကျွန်မလည်း အသက်ရှိသေးရဲ့လားလို့ စိုးရိမ်တကြီးသွားကြည့်တော့ ပင်လယ်ထဲမှာ မျောနေခဲ့တဲ့လူဟာ အသက် ဆယ်နှစ်လောက်သာ ရှိဦးမယ့် ကလေးငယ်တစ်ဦး ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

ကျွန်မတို့နား ကမ်းခြေမှာ ရှိနေကြတဲ့အထဲမှာတော့ သူ့မိသားစုဝင်တွေ တစ်ယောက်မှ မပါပါဘူး။ ကြောက်လန့်တကြားနဲ့ တုန်ခိုက်နေတဲ့ ကလေးဟာ စကားကို ကြိုးစားပြီး ပြောရှာပါတယ်။ နေပြည်တော်က ဘုရားဖူးအဖွဲ့နဲ့ လာခဲ့ကြောင်း၊ အဲဒီအနားမှာရှိတဲ့ လူတစ်ယောက်က ကလေးပြောမှ သူတို့ ဘုရားဖူးအဖွဲ့ကပဲဆိုတာ သိပြီး သူ့ကို အဝတ်သစ်တွေ ဝယ်လဲပေး၊ မုန့်တွေ ဝယ်ကျွေးပြီး မိသားစုဆီ ပြန်ပို့ပေးမယ်လို့ ပြောကာ ချော့မော့ရင်း နွေးထွေးမှုတွေ ပေးကြပါတယ်။ ပြီးတော့ ဖုန်းဆက်ပြီး အကြောင်းကြားနေကြတယ်။

ဒါဆို စိတ်အေးရပြီပေါ့လို့ တွေးရင်း ကိုယ့်သားသမီးတွေကိုလည်း ပြန်ဆုံးမ။ ပင်လယ်ထဲရောက်သွားသော်လည်း ဘောကွင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ရင်း လူတွေကို လက်ပြအကူအညီတောင်းရမှန်းသိတဲ့ သတိရှိတဲ့ ထိုကလေးကိုလည်း ချီးကျူးရင်း နေ့လည်စာ စားကြတယ်။ နေ့လည် ၁၁နာရီခွဲလောက်မှာတော့ ပင်လယ်ထဲ ခပ်ဝေးဝေးမှာ ဘောကွင်းတစ်ခု မျောလာတာကို ကိုယ်တို့တည်းတဲ့ အခန်းကနေ မြင်ရ ပြန်ပါတယ်။ သေချာလှမ်းကြည့်တော့ လူမပါဘူးပဲ။ တော်ပါသေးရဲ့လို့ တွေးနေတုံးမှာပဲ ဘောကွင်းရဲ့နောက်နားခပ်လှမ်းလှမ်းမှာ ခေါင်းမည်းမည်းလေး တစ်လုံး မြုပ်ချည် ပေါ်ချည် ဖြစ်နေတယ်။ လူတစ်ချို့က ငါးဖမ်းစက်လှေတွေဆီ အပြေးသွားပြီး အကူအညီ တောင်းကြ ပြန်တယ်။

ဒီတစ်ခါ နည်းနည်းနောက်ကျသွားတယ်။ ငါးဖမ်းစက်လှေ ပင်လယ်ထဲ ထွက်လာချိန်မှာ ပင်လယ်ပြင်မှာ ဘောကွင်းအလွတ် တစ်ခုသာ မျောနေတော့တယ်။ ခုနက မြုပ်ချည် ပေါ်ချည် ဖြစ်နေတဲ့သူဟာ လုံးဝ မပေါ်လာတော့ဘူး။ ဘယ်သူလဲ ဘာလို့လဲ ဘယ်လို့ဖြစ်တာလဲ စုံစမ်းတော့မှ မော်လမြိုင်က လာကြတာဖြစ်ပြီး ၆နှစ်သားကလေး ပင်လယ်ထဲမျောပါသွားလို့ သူ့အဖေက လိုက်ဆယ်တာမှာ နှစ်ယောက်လုံး ရေနစ်သွားကြ တာတဲ့။ အမေလုပ်သူတော့ ဘယ်လောက်တောင် ရင်နာရမလဲနော်။ အလောင်းတောင် ပြန်ရဖို့ မလွယ်လှဘူးထင်တယ်။ သိပ်ကြောက်စရာကောင်းတယ်။ စက်စဲကမ်းခြေမှာ လုံခြုံရေး အရမ်းအားနည်းပါတယ်။ လုံခြုံရေးသာ အဆင်သင့်ရှိနေခဲ့ရင် အချိန်မှီ ကယ်လို့ရမှာပဲ။

အခုတော့.....။ တွေးမိတိုင်း ရင်နာရတယ်။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားကြတာ။ တစ်နေရာထဲမှာပဲ။ ကိုယ်လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ သိပ်လှတဲ့ ပင်လယ်ကြီးကို သိပ်ကြောက်သွားတယ်။ သူငယ်ချင်း၊ မိတ်ဆွေတို့လည်း ဂရုစိုက်ကြပါလို့။ ပင်လယ်ရေ မချိုးရလို့ ဘာမှ မဖြစ်ပါဘူး။ အန္တရာယ်မကင်းတာ၊ လုံခြုံရေး အားနည်းတာကို သိသိကြီးနဲ့ ပင်လယ်ထဲကို မဆင်းကြပါနဲ့လို့။ ရေကူးတတ်တယ်ဆိုတိုင်းလည်း အရဲမကိုးကြဖို့ပါ။ သတိဆိုတာ ပိုတယ် မရှိပါဘူးနော်။
crd# Pyonepyone Win

No comments:

Post a Comment