Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 28, 2017

မနောမြေမှကျောင်းသားတပ်မတော် အပိုင်း ၅ ... ငရဲတွင်းမှလွတ်မြောက်ခြင်း။ ။


မနောမြေမှကျောင်းသားတပ်မတော် အပိုင်း ၅ ... ငရဲတွင်းမှလွတ်မြောက်ခြင်း။ ။

>> August 13, 2012 at 3:10am ကရေးတင်ထားတဲ့ပို့စ်ကို ဗိုလ်ချုပ်ဇော်မိုင်၏ ကျေးဇူးတရားအားဦးထိပ်ထား၍ <<

၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂ ရက် ညပိုင်းဆိုတော့ ကျမတို့ ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော်တည်နေရာ ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ အအေးဓါတ်လွှမ်းခြုံနေပြီ။ညဥ့်နက်ပိုင်း ၁၁နာရီခန့်ဆိုတော့ သံချောင်းရဲ့ တဲမှာ သက်လင်း ကထင်းမီးလှုံဖို့လုပ်တယ် ။ ကျမနဲ့သံချောင်းမျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောဆိုခြင်းမရှိဘဲ အတန်ကြာ မီးထိုင်လှုံနေဖြစ်တယ်။ခဏကြာတော့ကျမကဘဲ သံချောင်းကို တစုံတရာပြောခြင်ပါသလားလို့ မေးလိုက်တယ်။ သံချောင်းက ကျမကိုကြည့်ပြီး မင်း KIA ပြောင်းတော့မှာလားလို့ မေးပြီးတော့မှ အားမောင်ရေ…ငါ့မှာမေးခွင့်တောင်မရှိပါလားလေး .. လို့ပြောပြီး ရီနေရော။ကျမအဖို့ တော်တော်လေး သတိထား စဉ်းစားဖြေရမဲ့ အခြေအနေလေ။တကယ်လဲအဲ့ဒီအချိန်မှာ KIA ကိုပြောင်းဖို့အားသာနေပေမဲ့ ပြောင်းလိုက်ရင် ဘာဖြစ်သွားနိုင်သလဲဆိုတဲ့ ပူပန်မှု့လဲဒွန်တွဲနေပြန်တယ်။

ကျမရဲ့စဉ်းစား တွေဝေနေမှု့ကို သံချောင်းကရိပ်မိတယ်။ ကျမလက်ပိုက်ထားတဲ့အနေအထားနဲ့လက်မောင်း နှစ်ဘက်က ABSDF–NB ဆိုတဲ့တံဆိပ်ကို ပွတ်သပ် မိပြီးဝမ်းနည်းမိတာအမှန်ဘဲ။မငယ် မင်းအဖွဲ့ထဲကနဲ့တိုင်ပင်ခြင်လား ..ညီညီ ကိုခေါ်လိုက်မယ်လေ လို့သံချောင်းကပြောလာတယ်။ ညီညီဆိုတာ ကိုညီညီ(စမား)ကိုဆိုတာပါ။ကျမလဲဟုတ်ကဲ့လို့ဆိုတာနဲ့ သက်လင်းကို ကိုညီညီ ကိုခေါ်ခိုင်းလိုက်တယ်။သက်လင်းလဲ တောင်ကုန်းအောက်အဆင်း ကျမစိတ်ထဲထင့်ကနဲဖြစ်သွား တာနဲ့ သံချောင်းကိုခွင့်တောင်းပြီး ကျမသက်လင်းနောက် အပြေးလိုက်ဆင်းလိုက်တယ်။ဘာလို့ဆိုတော့ ကျမကိုအစောပိုင်းက သက်လင်းလာခေါ်ပြီးကတည်းက ကျမတဲကိုပြန်မရောက်တာ ခုသက်လင်းက ကိုညီညီကို ထပ်သွားခေါ်မယ်ဆိုတော့ စဉ်းစားကြည့်တော့ မဖြစ်သင့်တာတွေဖြစ်ကုန်မှာစိုးတာ။

ကျမကို ညပိုင်းလာခေါ်ကတည်းက ကျန်ခဲ့တဲ့ ၈ ဦးရဲ့မျက်ဝန်းတွေမှာ စိုးရိမ်မှု့တွေ တွေ့ရတယ်လေ။ဒါကြောင့် ကျမတို့နေတဲ့ တဲနားရောက်တာနဲ့ ကျမ အသံမြှင့်ပြီး ကိုညီညီနာမည် အရင်အော်ခေါ်ပြီး မှတဲတံခါးဖွင့်ဖို့ပြောလိုက်တယ်။ပြီးကိုညီညီကို ကျမနဲ့သံချောင်းတဲကိုလိုက်ခဲ့ဖို့ပြောလိုက်တယ်။သူတို့ရှယ် လုပ်ပြီးနေတဲ့ အခန်းတံခါးပေါက်မှာကျမ ရပ်ပြီးနေတော့ အိပ်ခန်းတွင်းမှာ အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ်ပူပန်မှု့တွေ စူးစမ်းမှု့တွေအပြည့်ဘဲ။ကျမ မသိမသာလေးပြုံးပြီး ခေါင်းတချက်ဆတ်ပြလိုက်တယ်။အဲ့ဒီအချိန်မှာ ကျမရဲ့အရိပ်အကဲကို ကြည့်နေတဲ့ ကိုညီညီမျက်နှာ ကျမတသက်မမေ့ဘူး။စိုးရိမ်မှု့အထင်းသားနဲ့ဘုမသိဘမသိ ကျမခေါ်တဲ့သံချောင်းတဲလိုက်ရတော့မှာမဟုတ်လား။

ဆိုတော့သံချောင်းတဲရောက်တာနဲ့ ကျမနဲ့ကိုညီညီ ကပ်ထိုင်လိုက်ပြီး သံချောင်းနဲ့မျက်နှာခြင်းဆိုင် အနေအထားယူလိုက်တယ်။သံချောင်းက ကိုညီညီကိုမငယ်ကို KIA ကလွှဲပြောင်းဖို့ မငယ်သဘောထားကိုမေးကြောင်း၊ မငယ် မနက်ဖန် KIA ကိုတဦးထဲသွားပြီး ဆုံးဖြတ်ချက်ပေးရမှာဖြစ်ကြောင်း၊သူ့အနေနဲ့မငယ်ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိကြောင်း၊ဗိုလ်ချုပ်ဇော်မိုင်ထံမှ မငယ်ကိုKIAသို့ လွှဲပြောင်းရန် တာရိုက်မေးမြန်းခြင်း ဖြစ်ကြောင်း၊သို့သော် မိမိအနေဖြင့် မငယ် KIA သို့ကူးပြောင်း မပြောင်းကို ကိုညီညီ၏ သဘောထားသိလိုကြောင်း၊ယခုညကိစ္စကိုကျန် ၇ ဦးအားအသိမပေးဘဲ မနက်မှမိမိကိုယ်တိုင်လာရောက်ပြောကြားအသိပေးမည် ဖြစ်ကြောင်းတို့ဆိုခဲ့တယ်။

ကိုညီညီက ကျမကို KIA မပြောင်းပါနဲ့.. Cs တို့ကသဘောထားဒီလောက်ကြီးတာ.. ကျနော်တို့တွေနဲ့ ကျောင်းသားတပ်မတော်မှာဘဲ တာဝန်ဆက်လက်ထမ်းဆောင်ကြရအောင်ပါ.. ဘာညာပြောပြီး ကျမခြေထောက်ကို သူ့စစ်ဘိနပ်နဲ့ မသိမသာ လာနင်းတော့တာဘဲ။သဘောကတော့ ငါဘာပြောပြော မင်းမယုံနဲ့။KIAပြောင်းဆိုတာပေါ့။ဆိုတော့ကျမလဲကိုညီပြောတာကိုလက်ခံပါကြောင်း၊KIA ဆိုတာကျမအတွက် ရင်းနှီးမှု့မရှိတဲ့အတွက်စဉ်းစားစရာဖြစ်နေကြောင်း။ပြီကျန်တဲ့(၇) ဦးရဲ့သဘောထားလဲ သိလိုသေးကြောင်း သံချောင်းအကြိုက်ပြောလိုက်ပြီး ပြန်ဖို့ခွင့်တောင်းလိုက်ပါတယ်။

ကျမနဲ့ကိုညီညီနဲ့တဲကိုပြန်ရောက်တော့ ကျန်နေတဲ့ ၇ ဦးကိုတီးတိုးတိုင်ပင်ဖို့ ကျမနေတဲ့ ၄ပေ၃ပေ အခန်းထဲမှာ ဂွမ်းကပ်ဆောင်နဲ့ခေါင်းအုပ်ပြီး တဦးချင်းစီ KIA မှဗိုလ်ချုပ်ဇော်မိုင်ခေါ်ယူကြောင်း.ပြောင်းသင့် မပြောင်းသင့် မေးတော့ တဦးချင်းစီရဲ့ အဖြေကပြောင်းပါလို့ပြောတယ်။ တစုံတရာထူးခြားနေပြီလို့အားလုံးက တညီတညွတ် ထဲအဖြေပေးသွားကြတယ်။နောက်ဆုံးအချိန်အထိ တောင်မှကျမတို့မှာ လွတ်လပ်စွာတိုင်ပင်ခွင့်မရှိဘူး။ အဲ့ဒီညကျမအိပ်မပျော်ဘူး။၈ ဦးကတော့ပြောင်းဖို့တညီတညွတ်မဲပေးသွားတယ်။ဘာတွေဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ကိုယ်လဲမသိ။သိတာကတော့ ခံရင်ကိုယ်အရင်ခံရတော့မှာကိုဘဲလေ။စစ်ကြောရေးကာလမှာ ကိုယ့်ထွက်ချက်မှာ လိုင်းတင်ခံရတာတွေက KIA နဲ့နွယ်တာပါခဲ့လို့ ဗိုလ်မှုးကြီးပန်းအောင်နဲ့ ဒူခွန်မော်တို့ကိုယ်တိုင် အကြိမ်မနဲ စစ်ဆေးမေးမြန်းတာတွေခံခဲ့ရတယ် ဆိုတော့စိတ်ထဲထင့်နေတာတော့အမှန်ပါဘဲ။ဒါပေမဲ့ ၈ ဦးရဲ့ဆုံးဖြတ်ချက်နဲ့သေမထူး ရှင်မထူး တဇောက်ကန်းစိတ်ရှိတဲ့ ကျမကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပေါင်းစပ်လိုက်ပြီး KIA ပြောင်းဖို့ ယတိပြတ်ဆုံးဖြတ်ချက် ချခဲ့တယ်။ဒီလိုနဲ့ မိုးလင်းခဲ့တယ် ။

ဒီနေ့ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ။ ။

ကျမတို့ ၉ ဦးပုံမှန်အိပ်ယာထ ပြီးကျမကတော့ သံချောင်းကျမတို့ တဲကိုလာမှာစောင့်နေလိုက်တယ် ။သူပြော ထားတယ်မဟုတ်လား။KIA ပြောင်း မပြောင်းကိစ္စကျန် ၇ ဦးနဲ့မတိုင်ပင်နဲ့သူကိုယ်တိုင်လာပြောမယ်လို့။သံချောင်းရောက်လာတော့ ကိုညီညီ(စမား) မှတပါး ကျန် ၇ ဦးလဲ ဒီကိစ္စကိုခုမှသိကြသလို နားထောင်ကြတာပေါ့ ။ သံချောင်းက ကျမရဲ့ဆုံးဖြတ်ချက်ကို မေးလာတာကို ကျမ တွေတွေငေးငေးနဲ့ဘဲ ရေရေရာရာမသိသလိုဘဲ ဖြေ လိုက်တယ်။

သိပ်မကြာပါဘူး KIA ကကား လာတာနဲ့ ကျမ ညကရောက်ခဲ့တဲ့ ဗိုလ်မှုးကြီးစံနီ ဆီပြန်သွားခဲ့တယ် ဒူကမ္ဘာ့စံနီ နဲ့အတူ ဒူသိန်းဆွေ ကိုပါအတူတွေ့လိုက်ရတယ် ။ဒူသိန်းဆွေ ကအရင်က မြန်မာပြည်ကွန်မြူနစ်ပါတီကဖြစ်ပြီး နောက်တော့ KIA သို့ ဝင်ရောက်ခဲ့သူလို့ ဆိုကြပါတယ်။အတိအကျ ဘယ်လိုဆိုတာကျမ မသိပါဘူး။

ဆိုတော့ ဒူသိန်းဆွေက ကျမကို KIA သို့ခေါ်ယူခြင်းကို အမြင်ရှင်းစေလိုကြောင်း၊ လူမှု့ရေးအရနှင့်မဖြစ်သင့် တဲ့ကိစ္စများဖြစ်ပေါ်ခဲ့ခြင်းအတွက်များစွာဝမ်းနည်းခဲ့ကြရကြောင်း၊မိမိတို့အပေါ်တွင်စာနာထောက်ထားမှု့ရှိသည်တို့ကိုယုံကြည်စေလိုကြောင်း စသည် ဖြင့်ပြောကြားခဲ့တယ်။

အခု ကျမရဲ့သဘောထားကိုသိလိုကြောင်းမေးလာတဲ့အတွက် ကျမက KIA သို့ တရားဝင်ပြောင်းလွှဲရေးကို သဘောတူညီကြောင်း ပြောခဲ့ပါတယ်။ပြောလိုက်တာနဲ့ ချက်ခြင်း နယူးကင့်ရှိ ဗိုလ်ချုပ်ဇော်မိုင်ဆီ ဖုန်းဆက် အကြောင်းကြားတယ်။ကျမကို KIA သို့ တရားဝင်လွှဲပြောင်းရေးအတွက် ကျောင်းသားတပ်ကိုအကြောင်းကြားတယ်။ အချိန်တော်တော်ကြာ လိုင်စင်စခန်းမှာရှိတဲ့ ဒူကမ္ဘာစံနီအိမ်မှာနေ နေရတယ် ။

နယူးကင့်မှာရှိတဲ့ KIA စစ် ရုံးချုပ်ကို ကျောင်းသားစစ်ရုံးမှ ကျမကို KIA သို့တရားဝင်လွှဲပြောင်းစာရောက်လာတော့မှ ဗိုလ်ချုပ်ဇော်မိုင်မှကျမနဲ့ဖုန်းပြောတယ်။

ခု ကျမကို KIA မှတရားဝင်လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း၊
ယနေ့ယခုအချိန်ကစပြီး ကျမနဲ့ ABSDF-NB ကျောင်းသားတပ်မတော်နဲ့ဘာမှမသက်ဆိုင်တော့ကြောင်း၊
ကျမနှင့် ပက်သက်သမျှ တာဝန်ပိုင်း စီမံခွင့်များအားလုံး KIA တပ်မတော်မှ တာဝန်ယူ တာဝန်ချမှတ် ပေးတော့မည်ဖြစ်ကြောင်း နဲ့ဒီနေ့တရက် ကျောင်းသားတပ်သို့ပြန်ပြီး သူငယ်ချင်းများအားလုံးကို နှုတ်ဆက်နိုင်ကြောင်း။ မနက်ဖန်မနက်စောပိုင်း ကျောင်းသားတပ်ကို ကားလွှတ်ပြီး ခေါ်ယူမည့်အကြောင်း ပြောဆိုခဲ့တယ်။

အမှန်အတိုင်းပြောရရင် အဲ့ဒီအချိန်က ကျမရင်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ပြင်းထန်တဲ့ ဝေဒနာတခု ခံစားခဲ့လိုက်ရတယ်။လပေါင်းများစွာ ကျမတို့နေ့စဉ်ဝတ်ဆင်နေတဲ့ ယူနီဖောင်းက ဝဲဘက်ရင်ဘတ်မှာရေးထိုးထားတဲ့ နှလုံးသားနဲ့နီးစပ်နေတဲ့နေရာက ကျောင်းသားတပ်မတော် ဆိုတဲ့တံဆိပ်စာတန်း ကကျမနဲ့ဘာမှမသက်ဆိုင်ပါ လားဆိုတဲ့ ဝမ်းနည်းမှု့ အတွေးက ပြည့်လာတယ်။

မဖြစ်သင့်တာတွေဖြစ်ခဲ့ကြပြီးမှတော့ ဖြစ်သင့်ဖြစ်ထိုက်တာကိုဘဲ ရှေ့ဆက်လျှောက်လှမ်းရတာမှာပေါ့။ဝမ်းနည်းမှု့ ခံစားချက်များကြားကဘဲ ရှေ့ဆက်ဘာဖြစ်ဖြစ်ရင်ဆိုင်သွားရတော့မယ် ဆိုတဲ့ခံစားချက်နဲ့ အားတင်းမိလိုက်တယ်။နောက် ဒူကမ္ဘာစံနီကို နှုတ်ဆက်ပြီးကျမ ကျောင်းသားတပ်ကိုပြန်တယ်။ ဘယ်သူနဲ့မှမတွေ့ဘဲကျမတို့ ၉ ဦးတဲကို ပြန်ခဲ့တယ်။

ကျန်ခဲ့တဲ့ ၈ ဦးရဲ့ မေးခွန်းများစွာနဲ့ ပြည့်နှက်နေတဲ့ အကြည့်တွေ .. ကျမ ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်တယ်။တဲထဲမှာစုထိုင်နေကြ တနေရာထဲသော မီးဖိုဘေးမှာ ဝိုင်းထိုင်လိုက်ကြတယ်။KIA ကိုခုဘဲ တရားဝင်လွှဲပြောင်းပြီးသွားကြောင်း နဲ့ ဒီနေ့ဒီည ကျောင်းသားတပ်မှာနောက်ဆုံး နေရမှာဖြစ်ကြောင်း တိုတိုပြောလိုက်တယ်။စကားရှည်ရှည်ပြောဖို့ သိပ်မကောင်းတဲ့အခြေအနေတွေမဟုတ်လား။ကိုညီညီ ကတော့မငယ် အဆင်ပြေမှာပါ ..အားလုံးအတွက်လမ်းပွင့်ပြီလို သုံးသပ်ချက်ပေးတယ်။

မှတ်မိသေးတယ် .. ကိုရဲလင်းရဲ့ တွေးတွေးဆဆလေး တလုံးခြင်းမေးတဲ့မေးခွန်း ..။ဘယ်သူက တကယ်လွှဲယူတာလဲ..တဲ့။ ကျမ ကိုရဲကိုကြည့်ပြီး ဗိုလ်ချုပ်ဇော်မိုင် လို့ပြောပြီး ဗိုလ်ချုပ်နဲ့ခုဘဲစကားပြောခဲ့တယ် ဆိုတော့ ဒါဆိုကောင်းတယ် ကောင်းတယ် အားလုံးအတွက်ကောင်းတယ် ဆိုတယ်။

သက်လင်းရောက်လာတယ်။ Cs ကမငယ်နဲ့ တွေ့ခြင်တယ်ဆိုလို့ ကျမ သံချောင်းရှိတဲ့ အပေါ်ကုန်းပေါ်တက် သွားတယ်။သံချောင်း စောင့်နေတာတွေ့တယ်။မင်းလူတွေ ( ကျန် ၈ ဦး ကိုဆိုလိုတာ) သိပြီလား ။ စိတ်မကောင်းဖြစ်နေကြပြီထင်တယ်လေး.. လို့ပြောလာတယ်။ကျမဘာတခုမှ မဖြေဘဲ သူဘာပြောပြောပြုံးပြီးနား ထောင်နေလိုက်တော့တယ်။

နောက်တော့သူက စောမြအောင်ကိုခေါ်ပြီး မငယ် ကိုဂစ်တာတလုံးပေးလိုက်ကွာ သူ KIA ပြောင်းတော့မှာ ကျောင်းသားတပ်ရဲ့လက်ဆောင်ပေါ့တဲ့။အကျယ်ချုပ်ခံရပြီးကတည်းက မရောက်ဖြစ်တဲ့ရဲမေဆောင်သွားပြီး နောက်ဆုံးအနေနဲ့တွေ့တဲ့သူနှုတ်ဆက်ခဲ့တယ်။ လက်ဆောင်ရတဲ့ ဂစ်တာပိုက်ပြီးကျမတို့ ၉ ဦးတဲကိုပြန်ခဲ့တယ်။တဲရောက်တော့ ထင်မြင်ချက်တွေတီးတိုးပြောဖြစ်ကြတယ်။ဒါနဲ့ဘဲကျောင်းသားမှာ နောက်ဆုံးနေထိုင်ခဲ့တဲ့ညကိုဖြတ်သန်းခဲ့ပါတယ်။

ဒီနေ့ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့။ ။

မနက်အိပ်ယာထတော့ ၉ ဦးသားနောက်ဆုံးအနေနဲ့မီးဖိုဘေးနား ဝိုင်းထိုင်နေဖြစ်ကြတယ်။ရှိတဲ့ ရိက္ခာလေးနဲ့ထမင်းချက်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ၉ ဦးအတူလက်ဆုံစားဖြစ်ကြတယ်။တကယ်ပါဘဲ .. အဲ့ဒီနေ့ကစပြီး ကျမတို့ ၉ ဦး အတူနီးနီးကပ်ကပ်မဆုံဖြစ်ခဲ့ကြတာ ဒီနေ့ထိတိုင်အောင်ပါဘဲ။ကျမကသူတို့အားလုံးကို လမ်းခွဲထားခဲ့ရတာ အဲ့ဒီကထဲပါဘဲ။၉ ဦးအတူအကျယ်ချုပ်နေထိုင်ခဲ့ရတဲ့ အဓိပ္ပါယ်မဲ့စွာကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို သတိရ နေစဲပါလေ။မမေ့သေးပါဘူး။နောက်တော့ သံချောင်းလာတယ်။နှုတ်ဆက်တယ်။

မကြာပါဘူး..KIA ကကားလာတော့ အားလုံးကို နှုတ်ဆက်လိုက်တယ်။ အလံတိုင်ကုန်းပေါ်က တလူလူလွင့်နေ တဲ့ကျောင်းသားအလံကို တချက်ကြည့်လိုက်ပြီး ကားပေါ်တက်လိုက်တယ်။ ဒါပါဘဲလေ.. ကျောင်းသားရဲမေတဦးရဲ့ နောက်ဆုံးကျောင်းသားတပ်မတော်ကို တရားဝင်ကျောခိုင်းခဲ့တဲ့နေ့။ ( ၄ရက် ၉လ ၁၉၉၂ )

ကားက KIA ဗဟိုဌာနချုပ် နယူးကင့်ကို ဦးတည်သွားတယ်။ နယူးကင့်ကိုအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဘူးတယ်ဆိုပေမဲ့ ဒီတခေါက်နဲ့မတူဘူး။ဟိုအရင်က ကျောင်းသားတယောက်အနေနဲ့။ အခု KIA တဦး အနေနဲ့။ ခံစားချက်အသစ်ဖြစ်လို့နေတယ်။

ကားရပ်တော့ KIA စစ်ရုံးကရဲမေလေး၂ယောက်လာကြိုတယ်။အရင်တုန်းကမျက်မှန်းတမ်းပြီး သိနေပေမဲ့ခုတော့ဒီဂျိမ်းဖောသူလေးတွေနဲ့ကျမအနီးကပ်နေရတော့မှာရယ်.. ဘာသာစကား မတူတော့ဘူးလေ။စကားရော စာပါကွာခြားချက်ရှိလာပြီမဟုတ်လား။ရဲမေ ၂ဦးမှာတဦးက ၃ရစ်နဲ့ ဆိုတော့ တပ်ကြပ်အဆင့်ပေါ့။သူက ကျမကို ဒူကမ္ဘာ့Cs ( ဗိုလ်ချုပ်ဇော်မိုင်) စောင့်နေကြောင်းပြောပြီး ဦးဆောင် ခေါ်သွားတဲ့ အပေါ်ကုန်းပေါ်က ဗိုလ်ချုပ်အိမ်ကို ကျမလိုက်သွားလိုက်တယ်

ထဲဝင်တာနဲ့ ကျမတော်တော်လေး တုန်လှုပ်သွားမိတာအမှန်ပါဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ ..ဗိုလ်ချုပ်ကိုအလေးပြုလိုက်တယ်။ ဗိုလ်ချုပ်တဦးထဲစောင့်နေတာမဟုတ်ပါဘူး။KIA တပ်မတော်မှ စစ်ရေးပိုင်းဆိုင်ရာထိပ်တန်းအရာရှိကြီးတွေ နဲ့အတူ KIA ကထောက်လှမ်းရေးတာဝန်ခံ အရာရှိတွေ ၊ အဲ့ဒီအချိန်ကာလက KIO အတွင်းရေးမှုး - ယနေ့KIO လက်ရှိ ဥက္ကဌ ဦးဇောင်းဟရား တို့အားလုံးကိုတွေ့မိတာ ကျမ မတုန်လှုပ်ဘဲနေမှာလား။

ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားကြတဲ့ ထိပ်တန်း KIA/ KIO အရာရှိတွေ အားလုံးဝိုင်းရံထားတဲ့ ခလည်မှာ ကျမအတွက် ထိုင်ဖို့ခုံတလုံးချ ထားပေးတယ်။ရိုးရိုးရှင်းရှင်းပြောရရင် စစ်ခုံရုံးလေးတခုအသွင်ဆောင်နေတယ်လေ။

ကျမအတွက်ကတော့ ခံစားချက်တွေ နိမ့်လိုက် မြင့်လိုက်အပြင်းအထန်ခံစားနေခဲ့ရတာ ကျမပထမဦးဆုံးအဖမ်း ခံခဲ့ရတဲ့ ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ ကတည်းကပါ။ အဲ့ဒီခံစားချက်တွေဟာကျမအတွက်တော့ မဆန်း တော့ပေမဲ့လဲ ခံစားချက်ဆိုတာလျပ်တပြတ်အချိန်မှာ ဘယ်လိုထိမ်းချုပ်နိုင်မှာလဲ။စိုးရိမ်တယ် ပူပန်တယ်ဆိုတဲ့အဆင့်ထက်ခံစားချက်တွေက သာလွန်နေတယ်။

ထိုင်နေတဲ့အနေအထားမှာ ဒူသိန်းဆွေ ဒူခွန်မော်နဲ့ အခြားKIA ကထောက်လှမ်းရေးအရာရှိတွေကို မျက်နှာခြင်းဆိုင်နေရတယ် ။ ကျမရဲ့ဘယ် ညာ အနေအထားမှာ KIA KIO ထိပ်တန်းအရာရှိတွေ နေရာယူထားကြတယ်။ ဒူသိန်းဆွေက ကျမကျောင်းသားတပ်မှာထွက်ဆိုထားတဲ့စစ်ချက်ဖိုင်ကို ကြည့်ပြီး မေးခွန်းတွေ တခုခြင်းမေးတယ်။ကျမလဲ ၏သည် မရွေး ABSDF-NB မှာဖြေခဲ့တာကိုဘဲ ပြန်ဖြေခဲ့တယ်။

အားလုံးမေးပြီးတာနဲ့တကြော့ပြန် ကျမရဲ့ ကိုယ်ပိုင်နံပတ်ပြန်မေးပြန်တယ်။သူတို့မေးတာ ကျမဖြေတိုင်း ခေါင်းခါတယ်။ရီကြတယ်။ကြာတော့ကျမမဖြေတော့ဘဲ တွေကြည့်နေလိုက်တော့တယ်။

ဗိုလ်ချုပ်ဇော်မိုင်က မေးခွန်းတွေရပ်ခိုင်းလိုက်တယ်။မဟုတ်တာတွေဖြစ်ကုန်တာကောမင်းတို့တွေလို့ပြောတယ်။ကျမငိုခြင်စိတ်တင်းထားတာတွေလျှော့ပလိုက်တယ်။အားပေးစကားပြောတယ်။ဒီကိစ္စကိုမင်းဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာငါ နားလည်တယ်။မီးငယ် .. အချိန်တခုတော့စောင့်စေခြင်တယ်လို့ ပြောခဲ့တယ်။ခုမင်းတို့ဘယ်နှစ်ယောက်ကျန်နေသေးလဲမေးလို့ ၈ ဦးကျန်နေတယ်။အကျယ်ချုပ်ခံထားရတာ မေလ ၂၁ ရက်နေ့ည ၅၅ ဦးထွက်ပြေးသွားစဉ်ကတည်းလို့ပြောပြခဲ့တယ်။ခုအချိန်ကစပြီး မင်းလွတ်လွတ်လပ်လပ်သွားပါ။မင်းကိုယ်မင်း NIB က ထလရဒုဗိုလ် ပြောလဲငါကမယုံဘူး။ မင်းတို့အားလုံးရဲ့စစ်ချက်တွေဘာတွေမှန်းလဲမသိဘူး။တယောက်နဲ့တယောက်အားလုံး ဒီလောက်ကွင်းစက်တွေသိနေကြတာကွာ.. စစ်တပ်ကလူတွေ အယောက် ၉ဝ ကျော် ၁ဝဝ မပြောနဲ့ ၁ဝ ယောက်လောက်ဘဲ ဒီမှာ ဒီလိုစုနေ.. ငါတို့အားလုံးပြောင်ပြီ ..မင်းကိုယ်ပိုင်နံပတ် ကသိပ် စီနီယာကျတာကော.. မင်းခင်ညွန့်ကိုယ်ပိုင်နံပါတ်က (xxxxx) ။ မင်းအဖေ ကိုယ်ပိုင်နံပါတ်က (xxxx) ။{ ဗိုလ်ချုပ်ကတော့ အတိအကျ ပြောပြပါသည်..ကျမ မမှတ်မိတော့ပါ}။ ခင်ညွန့်ကိုယ်ပိုင်နံပါတ်က တသောင်းကျော် ဟုထင်ပါသည်။ကျမအဖေ ကတော့ အမှတ်စဉ် ၉ ကိုယ်ပိုင်နံပါတ် ခြောက်ထောင်ကျော် ဖြစ်တယ်။ ကျမတို့ကိုမတရားလူမဆန်စွာ ညှင်းပန်းရာမှ ထွက်ခဲ့ရတဲ့စစ်ချက်ထဲက NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်မှာ က/၁၇၅ဝ ဖြစ်တယ်။

ဆိုတော့ KIA မှအရာရှိ ကြီးတဦးကတော့ပြောပါတယ် .. မင်းဘာလို့ ဒုဗိုလ်ဖြစ်လဲ.. ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရမှာပေါ့တဲ့။အဲ့ဒီနေ့က ဒူကမ္ဘာတွေပြောကြတာတွေအများကြီးပါ။

စစ်ကြောရေးခံရတိုင်း ဦးစီးလွှမ်းမိုးလို တချက်တည်းသေနပ်နဲ့ပစ်သတ်လိုက်ရင်ကောင်းမှာဘဲ အမြဲတွေးတယ်။ ဒါကြောင့်လဲ မိုင်းချည်ပြီးလက်ဖြတ် ခြေဖြတ်လုပ်တော့ ကိုယ့်အလှည့်ရောက်ရင်လက်ကိုလည်ပင်းနားဆွဲကပ် လိုက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ပစ်သတ်လိုက်ရင်တခါတည်းသေ..အေးရော။တတိတိနဲ့တချိန်လုံးနှိပ်စက်တာ အဲ့ဒီဒဏ်ကို ကျမ မခံနိုင်တော့ဘူး။

သတ္တိနည်းတယ်.. သူရဲဘောကြောင်တယ်.. ဘယ်လိုစိတ်ဓါတ်နဲ့တော်လှန် ရေးလုပ်သလဲ.. ဒီဒဏ်လေးတောင်မခံနိုင်ဘူးလား .. မဟုတ်ဘဲနဲ့ဘာလို့ ထလရ ပါ ပြောကြတာလဲ … ဘာလို့ တယောက်ကိုတယောက်ဆွဲထည့်ကြတာလဲ .. မေးကြတယ်.ပြောကြတယ်..။ပြောခြင်သလိုတာပြောကြပါတော့။ ညှင်းပန်းနှိပ်စက်မှု့ဒဏ်ကို တကယ်လက်တွေ့ခံစားခဲ့ကြဘူးသူတွေသာ သိကြနားလည်ကြပါတယ်။ညှင်းပန်းနှိပ် စက်မှု့တွေကြောင့် ၁၄ ဦးခန့် သေဆုံးခဲ့ရတာ.. ကိုအားစိုက်လိုမျိုး မသေခင်အတွင်းမှာ ပုပ်ပြီးဗိုက်တခုလုံးခရမ်းရောင်လိုဖြစ်နေတဲ့အထိတောင် ဆက်ပြီးနှိပ်စက်နေကြတာ ကျမမျက်မြင်ပါလေ။ကျမနဲ့ကိုကျော်နိုင်ဦး (ကြောင်) ကို လက်နောက်ပြန်ကြိုးတုတ် အနေအထားနဲ့ အပြစ်မဲ့တဲ့တော်လှန်ရေးသမားတဦးကို ရက်ရက်စက်စက်နှိပ်စက်ပြတာဘာသဘောလဲ။

တကယ်လို့များအဲ့ဒီအချိန်တုန်းက မတရားသဖြင့်အဖမ်းခံထားရတဲ့ အယောက် ၁ဝဝ ကို မင်းတို့တတိတိနဲ့ရေ ရှည်နှိပ်စက်ပြီးအသေခံမလား .. တချက်တည်းပစ်သတ်ပြီးအသေခံမလားလို့များမေးခဲ့ရင် တချက်တည်းပစ်သတ်တာခံပါ့မယ်လို့များတညီတညွတ်ထဲတောင်းဆိုကြမယ်ထင်ပါတယ်။

ကျမ KIA ရောက်တော့လွတ်လပ်ခြင်းရဲ့အရသာကို မခံစားတတ်သလိုဖြစ်မိတယ်။KIA ဗဟိုစစ်ရုံးကရဲမေတွေတအားရိုးသားတယ်။ချစ်စရာကောင်းတယ်။ကျမအနေနဲ့ဘယ်မှလဲသွားခြင်လာခြင်စိတ်မရှိတော့ အမြဲတမ်း KIA ထောက်လှမ်းရေးက ဒူလိုင်ဆမ်း တို့ဆီဘဲအလည်သွားမိတယ်။
တခါတလေ ဗိုလ်မှုးကြီးပန်းအောင်ဆီအလည်သွားရင် သူက ABSDF-NB ရဲ့ဖြစ်ပျက် သွားခဲ့တာတွေမေးတတ်တယ်။သေဆုံးမှု့စာရင်းတွေ၊ဖမ်းဆီးမှု့စာရင်း တွေကျောင်းသားတပ်ကအမှန်မပြောဘူးလေ။ ၈ဝ လောက်ဖမ်းပြီး ၁၅ ဦးသတ်တယ်ပြောတယ်။ တကယ့်စာရင်း အမှန်ကို လိမ်ညာထားတယ်။အဲ့ဒီမှာ ဒူကမ္ဘာ့ ကမငယ် မင်းအဲ့ဒီစာရင်းတွေ ရေးထား..တနေ့မင်းလိုအပ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။အသေးစိတ်တွေကျမပြောလို့ကတော့ ဝတ္ထုတအုပ်ဖြစ်သွားမှာမို့ လိုရင်းဘဲပြောပါရ စေတော့။

ကျမ KIA ရောက်ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်ကို AB-NB မှာ ကျန်နေတဲ့ ၈ ဦးနဲ့ပက်သက်ပြီး ကျမလိုဘဲ KIA ကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်။ ဗိုလ်ချုပ်က တော့ ABSDF-NB ဟာ KIA ရဲ့ လက်အောက်ခံမဟုတ်ကြောင်း၊ တန်းတူမဟာမိတ်ဖြစ်ကြောင်း။ကျန်နေသေးတဲ့ ၈ ဦးအပေါ်စာနာပေမဲ့ တချိန်တည်းခေါ်ယူဖို့ဆိုတာ ထင်သလို မလွယ်ကူကြောင်း။ အချိန်ယူရမှာဖြစ်ကြောင်းတို့ ပြောဆိုခဲ့တယ်။

ဒါပေမဲ့မရှေးမနှောင်းကာလမှာဘဲ ဒူလိုင်ဆမ်းကကျမကိုပြောလာတယ်။အဲ့ဒီမှာ အင်္ဂလိပ်စာသင်တဲ့ဆရာရှိတယ်ဆို.. ကျနော်တို့ သင်ကြရင်ကောင်းမယ်လို့ပြောလာတယ်။ကျမနားလည်လိုက်ပါတယ်။ချက်ခြင်းဘဲ သူကျောင်း သားတပ်ကိုဖုန်းဆက်သွယ်ပြီး မကြာဘူး ကိုညီညီ(စမား)ကို သံချောင်း က KIA ကို လာခွင့်ပြုခဲ့ပါတယ်။ဒီလိုနဲ့ ကိုညီညီ ကဆရာ၊ ကျမနဲ့ ဒူလိုင်ဆမ်း ကတပည့် စာခဏသင်ဖြစ်ကြပါတယ်။ အစဦးပိုင်းကာလမှာတော့ ကိုညီ ညီက KIA ကိုမနက်လာပြီး ညနေချိန်ပြန်ပါတယ်။ နောက်ပိုင်းကာလကြတော့ တရက်တလေ KIA မှ ညအိပ် ဖြစ်လာတယ်။

ကျမအနေနဲ့ကတော့ အချိန်ယူပြီးတဖြေးဖြေးခြင်း တယောက်ပြီးယောက် KIA ကိုလွှဲပြောင်းယူ သွားနိုင်မယ်လို့ဘဲ အဲ့ဒီအချိန်ကတွေးထင်မိခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်တဲ့အခြားအကြောင်းအရာတရပ်ပေါ်ခဲ့ ပြန်ပါတယ်။ တရက်မှာ သံချောင်းက ဗိုလ်ချုပ်ဇော်မိုင် အိမ်ကုန်းပေါ်တက်သွားတာ ကျမ KIA စစ်ရုံးကနေမြင် လိုက်ပါတယ်။ ဘာအကြောင်းရယ်ကျမ အတိအကျမသိပါဘူး။ အချိန်အတော်ကြာ သံချောင်းပြန်ဆင်းလာတော့ ဒေါသထွက်နေတဲ့ အနေအထားကိုကျမတွေ့ရတယ်။နောက်တော့ကျမလဲ ရဲမေဆောင်ရောက်ပြီးမကြာဘူး အဆောင်ကို ဗိုလ်ချုပ်ဇော်မိုင်ဖုန်းဆက်ခေါ်ပါတယ်။

ကျမ ဗိုလ်ချုပ်ဇော်မိုင်ဆီ ရောက်တော့ တိုတိုရှင်းရှင်းဘဲကျမကိုပြောပါတယ်။ မီးငယ်.. မင်းရဲ့ခေါင်းဆောင်ဟောင်းလာတာတွေ့လား။ငါ့ဆီ မင်းကို ကျောင်းသားတပ်ပြန်လွှဲပေးဖို့၊ ဟိုမှာဘုန်းကြီးတပါးဖမ်းထားတယ်။အဲ့ဒါမင်းသိနိုင်တယ်..အန္တရာယ် .ကြီးတယ်..သတ်သင့်ရင်သတ်ပစ်ရမယ်ပြောတယ်။

ကျမ တော်တော်ဘဲစိတ်ဓါတ်ကျသွားတယ်။ဗိုလ်ချုပ်ကဆက်ပြောတယ်.. မင်းတို့ထင်သလိုဖမ်းသတ်မနေနဲ့။ဖြစ်ခဲ့တာတွေမှားကုန်တယ်။မငယ်ကို တရားဝန်လွှဲယူထားတယ်။ငါပြန်မပေးဘူးလို့တဲ့။ အေး ခုမင်းဘယ်လိုထင်လဲ .. တဲ့ကျမကိုမေးလာတယ် ။ ကျမက ဗိုလ်ချုပ်ဇော်မိုင်ကို ပြောလိုက်တယ်။ ဒူကမ္ဘာCS ကျမ ဒီမှာ ဆက်မနေခြင်တော့ဘူး။အိမ်ပြန်ခြင်ပြီ ။ပြန်ခွင့်ပေးပါလို့။ KIA မှာဆက်ပြီးတာဝန်ထမ်းဆောင်ခြင်ပေမဲ့ ခုလိုမျိုးဆိုရင်တော့ ရှေ့ဆက်မနေတာအကောင်းဆုံးပါလို့ CS ဇော်မိုင်ကို ပြောခဲ့ပါတယ်၊တကယ်ကိုဘဲ အမေ့အိမ်ပြန်ခြင်ပြီ လို့ပြောတော့ ပြန်ခွင့်ပေးပါတယ်။

ဒါပေမဲ့ မီးငယ် စဉ်းစားပါ.. အိမ်ပြန်တာထက် မင်းအကိုနဲ့လိုက်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်လို့ ငါထင်တယ်.. မင်းလုပ်ခြင်တာမင်းပြောပြခြင်တာတွေ အပြင်မှာဆိုပိုကောင်းမယ်လို့ .. အကြံပေး သတိပေးခဲ့လို့စဉ်းစားပါ့မယ်လို့ပြောလိုက်တယ်။နောက်တနေ့တော့ ကျမ ဒူကမ္ဘာ CS ဇော်မိုင်ကို ကျမ အကိုဆီသွားမယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ဒူကမ္ဘာ CS က ကျမအတွက် ဘန်ကောက်သွားဖို့ စီစဉ်ပေးခဲ့ပါတယ်။

နန်းအောင်ထွေးကြည်။
၁၃.၈.၂၀၁၂

>> ဗိုလ်မှူးဂျိမ်းလွန်းဒေါင်နှင့်အတူ<<