Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 13, 2017

(၅)တိုက်(၁)ခန်း၊ အင်းစိန်ထောင်


(၅)တိုက်(၁)ခန်း၊ အင်းစိန်ထောင်
၁၉၈၉ ဇွန်လ ရက်တရက်

တတိုက်လုံးကို ပုံစံ သံ အရှည်ဆွဲအော်လိုက်လို့ အနိမ့်ဆုံးမိန်းဂျေလ်းထောင်မှုးတယောက်တော့ ၀င်လာပြီလို့ မှတ်လိုက်ပါတယ်။ ကျနော်တို့အခန်းက တတိုက်လုံး ထိပ်မှာဆိုတော့ ဘယ်သူဝင်လာလဲ အရင်ဆုံးမြင်ရတယ်။ တကယ်တမ်းဝင်လာကြတော့ အရပ်ဝတ်တွေနဲ့ အချိ့ကို ခေါင်းစွပ်တွေ စွပ်ထားတယ်။ လူသစ်တွေ အတော်များများ ၀င်လာပြီဆိုတာ သဘောပေါက်မိတယ်။ ၀ါဒါတယောက်က တခန်းရှေ့ တယောက် နေရာချပေးတယ်။ ကျနော်တို့ အခန်းရှေ့မှာတော့ အသက် ၅၀ လောက်ရှိမယ့် ဆံပင်ဖြူဖြူနဲ့တဦး .. အထုပ်တထုပ်လည်း ကိုင်ထားတာ သတိထားမိတယ်။ နောက် ကျနော်တို့ အခန်းထဲ ထည့်လာပါတယ်။

ကျနော်တို့ အခန်းမှာ မူလက လေးဦးရှိတယ်။ ကျနော်တို့ ဆေး(၁)က ကိုကိုနိုင်ရယ်၊ ကိုဇော်သိန်းဦးရယ်၊ ကျနော်ရယ်၊ နောက် RIT က ကိုကျော်ဆန်းပါ။ အခု လူကြီးတဦးတိုးလာတာပေါ့။ သူပါလာတဲ့ အထုပ်ကြည့်လိုက်တော့ ပုဆိုး၊ အကျီနဲ့ ပုတီး ပါတယ်။ ကျနော်တို့တွေ ဖမ်းခံရတော့ အ၀တ်တထည်ကိုယ်တခုပဲ ဘာမှ မသယ်နိုင်ဘူး။ သူ့မှာ ဒါတွေ ပါလာတော့ အထူးအဆန်းနဲ့ ကျနော်တို့ မေးကြတယ်။ “ လာဖမ်းမယ်မှန်းသိလို့ တခါတည်း ပြင်ထားတာပါဗျာ ” တဲ့။

သူဆိုတာကတော့ အဲဒီတုန်းက တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်သူ့တိုးတက်ရေးပါတီက ဦးညိုဝင်းပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အမှုနဲ့ ဖမ်းလာတာပါ။ ထောင်အတွေ့အကြုံရှိပြီးသားဆိုတော့ ၀င်ဝင်လာချင်း တည်တည်ငြိမ်ငြိမ်ပါပဲ။ ဘာ စိတ်လှုပ်ရှားမှုမှလည်း မမြင်ရဘူး။ သူတည်းနေကျ အိမ်တအိမ်ကို ၀င်လာသလိုပဲ။ ကျနော်တို့ နဲ့ အပြန်အလှန်မိတ်ဆက်ကြတယ်။ လူကြီးဆိုတော့ သူ့အိပ်ရာနေရာကို အခန်းဦးဖက်မှာ စီစဉ်ပေးတယ်။ ညပိုင်း တန်းပိတ်ပြီးနောက် သူ့ဖျာပေါ်မှာပဲ ပုတီးထိုင်စိတ်နေတယ်။ အဲဒီ ညကတော့ တယောက်နဲ့ တယောက် အကဲခတ်နေရုံဆိုတော့ ခပ်တန်းတန်းပါပဲ။

နောက်ပိုင်းကြတော့ (၈)ပေ အကျယ်အခန်းထဲ ဒီ ငါးယောက် နေ့နေညညဆိုတော့ တစတစ ပိုရင်းနှီးလာတယ်။ ညပိုင်းတွေဆို အဘ ဦးညိုဝင်းက သူ့အတွေ့အကြုံတွေ ပြောတယ်။ အရင် တောတွင်းက အတွေ့အကြုံ၊ (သူ ပထမထောင်ကျတော့ တောထဲကနေ ဖမ်းမိလာတာ) ထောင်တွင်းအတွေ့အကြုံ၊ ကျောင်းသားသမဂ္ဂအတွေ့အကြုံ စသဖြင့် မငြီးငွေ့စေရဘူး။ ညဦးပိုင်းတွေဆိုရင်တော့ ကိုကိုနိုင်ရော ကိုဇော်သိန်းဦးပါ စကားဝိုင်းမှာ ပါလေ့ရှိတယ်။ ကိုကိုနိုင်ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ဆွေးနွေးတာများတယ်။ ကိုဇော်သိန်းဦးကတော့ တနေ့ကုန်းအခန်းထဲ ကင်းမြီးဒေါင့်ထောင် လေ့ကျင်ခန်းလုပ် မောပြီး စော စော အိပ်တတ်တယ်။ မအိပ်တာ ကျနော်နဲ့ အဘဦးညိုဝင်းက များတယ်။ အခန်းထဲမှာ ကျနော်က အငယ်ဆုံး သူက အကြီးဆုံး။ ကျနော်ကလည်း သူ့အတွေ့အကြုံတွေကို စိတ်ဝင်စားတော့ မေးတယ်။ သူက ကျနော်တို့အားလုံးကို “ ကျနော်၊ ခင်ဗျား ” လို့ပဲ သုံးတယ်။ သူက တကသ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့လေတော့ ကျောင်းသားလှုပ်ရှားမှုအပေါ်မှာ သိပ် သံဃောဇဉ်ကြီးတယ်။ ၁၉၅၀ ၀န်းကျင်က ပညာရေးနှီးနှောဖလှယ်ပွဲကိစ္စတွေ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ တပ်ဦးလှုပ်ရှားမှုတွေကို ဆွေးဆွေးမြေ့မြေ့ ပြောလေ့ရှိတယ်။ ကြားထဲမှာ ကျောင်းသားသမဂ္ဂသီချင်းတွေ တပ်ဦးသီချင်းတွေကိုလည်း အားနဲ့မာန်နဲ့ ဆိုပြတယ်။ သူဓလေ့က စကားပြောရင်း နှုတ်ခမ်းဒေါင့်ကနေ တံတွေးကို တချက်ချက် စုတ်လိုက်တယ်။ ပြီးရင်း လေသံအေးအေးနဲ့ စကားဆက်တယ်။ တောခိုတဲ့အကြောင်းတွေပြောတဲ့အခါ သံတိုင်ကိုကိုင်ပြီး “ သံလွင် စစ်တောင်း ညာလက်မောင်းဟေ့… ” ဆိုတဲ့ ဧရာဝတီသီချင်းကို မေးကြောထောင်အောင် မာန်နဲ့ ဆိုပြတယ်။ အင်းစိန် ၅ တိုက် ၁ ခန်းရဲ့ အမှတ်တရ ညတွေပါပဲ။

ထူးထူးခြားခြား သူက ဗေဒင်လည်း တွက်တတ်တယ်။ ပုတီးစိတ်တာ တရားထိုင်တာကတော့ တရက် မပျက်စေရဘူး။ စစ်အာဏာရှင်ကိုတော့ တူးတူးခါးခါးမုန်းတယ်။ ကွန်မြူနစ်ဝါဒကို ယုံကြည်တယ်။ မြန်မာပြည် လူထုကို ချစ်တယ်၊ ချမ်းသာစေချင်တယ်၊ တိုင်းပြည်ဖွံဖြိုးစေချင်တယ်။ သူ့အတွေးတွေ သူ့အမြင်တွေ သူ့ယုံကြည်ချက်တွေ (၈) ပေအခန်းကျဉ်းထဲမှာ ပြည့်နေအောင် ကျနော်မြင်ခဲ့ရတယ်။ သူ့အတွေ့အကြုံတွေ သူ့ရဲ့ ပြင်းထန်တဲ့ယုံကြည်ချက်တွေ သူရဲ့နေမှုဘ၀ပုံစံတွေဟာ နောက်ပိုင်း ကျနော့် နိုင်ငံရေးဖြတ်သန်းမှုမှာရော၊ နောင်တကြိမ် ကျနော် ထောင်နှစ်ရှည်ကျချိန်မှာ အများကြီး အသုံးတည့်ခဲ့ပါတယ်။

၁၉၈၉ သြဂုတ်လ ၁၀ ရက်နေ့ တမနက်မှာ ကျနော်တို့ကို အခန်းထဲက လာထုတ်တယ်။ အဲဒီမှာ ကျနော်တို့ လွတ်ပြီဆိုတာ သူတပ်အပ်ပြောတယ်။ ကျနော်တို့ မယုံတယုံနဲ့ ဗူးဝထွက်ခဲ့ရတာပါ။ အဲဒီနေ့က သူ့နဲ့ နောက်ဆုံးတွေ့ခဲ့ချိန်ပါပဲ။ ၁၉၉၀ စက်တင်ဘာ ဒုတိယအကြိမ် ကျနော် ပြန်အဖမ်းခံရတော့ တွဲဖက်ထောင်မှာ အရင်နေရတယ်။ အဲဒီအချိန် သူဟာ ထောင်မကြီး ဆေးရုံမှာရှိတယ်လို့ ကြားရတယ်။ နေမကောင်းဘူး ၀မ်းကိုက်နေတယ်လို့သိရတယ်။ နောက် ကျနော်လည်း ထောင်ကျပြီး အင်းစိန် ထောင်မကြီးဖက်ရောက်၊ ၁၉၉၁ မတ်လ ၈ ရက် သူဆုံးသွားတယ်ဆိုတဲ့ သတင်းဝင်လာတယ်။

ကျနော် ထောင်ကပြန်ထွက်တော့ ၁၉၉၅ခုနှစ်ထဲမှာ ကိုကိုနိုင်နဲ့ လှိုင်က သူ့အိမ်မှာ စားသောက်စကားပြောဖြစ်တယ်။ ဒုတိယအကြိမ် ကျနော် ပြန်ဖမ်းခံ ထောင်ကျပြီးတဲ့နောက် သူတို့က ကျောင်းဆက်တက်ဖြစ်ပြီး ဆရာဝန်တွေဖြစ်နေပြီ။ ၁၉၉၁ မတ်လမှာ အင်းစိန်မြို့နယ်ဆေးရုံမှာ သူ့တာဝန်ကျချိန်၊ ဦးညိုဝင်းကို ကျန်းမာရေးအခြေအနေမကောင်းတော့လို့ ထောင်အပြင်ဆေးရုံထုတ်လာတော့ သူ့နဲ့တွေ့တယ်။ အဘဦးညိုဝင်းဆေးရုံရောက်လာတာကို သူကိုယ်တိုင်ပဲ သူ့မိသားစုကို ဆက်သွယ်ပေးခဲ့တယ်။ ဒါပေမယ့် ရောဂါက ကျွမ်းနေလို့ အသက်မမှီတော့ပါဘူးတဲ့၊ သူ့လက်ထဲမှာ ဆုံးသွားရှာတယ် ပြောပါတယ်။ မိသားစုနဲ့ ဆက်သွယ်ပေးနိုင်တာကလွဲ ဘာမှ သေသေချာချာ လုပ်မပေးလိုက်နိုင်လို့ သူလည်း စိတ်မကောင်းပါဘူး။ အဘဦးညိုဝင်းအကြောင်း ပြောရင်း ကျနော်လည်း စိတ်မကောင်းတာနဲ့ ဘာကြောင့်ဘယ်လို ဆုံးလဲ အသေးစိတ်မမေးဖြစ်ပါဘူး။ ဒေါက်တာကိုကိုနိုင်က အခု လူကယ်ပြန်ဝန်ကြီးဌာနမှာပါ။

မနေ့ကတော့ ဦးညိုဝင်းဆုံးတာ အမှတ်တရနှစ်လည်ဆိုပြီးလုပ်ကြတာ တွေ့ရပါတယ်။ ဦးလှရွှေတို့ ဦးလေးမြင့်တို့လို လူကြီးပိုင်းနဲ့ လူငယ်အချို့ လာတတ်ကြပါတယ်။ ကျနော့်ဆန္ဒအရဆိုရင် ဒီကနေ့ သမဂ္ဂကျောင်းသားတွေပါ လူစုံတက်စုံနဲ့ အမှတ်တရလေး ဖြစ်စေချင်တာ။ ဒီကနေ့ ကာလမှာ လူငယ်တွေ ကျောင်းသားတွေ သူ့ကို သိမှ သိပါလေစ။ ဦးညိုဝင်းတို့ ဦးလှရွှေတို့လို မျိုးဆက်ကျောင်းသားတွေရဲ့ ကျေးဇူး ကျနော်တို့မှာ ရှိပါတယ်လေ။ သူတို့ရဲ့ တောထဲ ထောင်ထဲ လူငယ် ကျောင်းသားဘ၀ တခုလုံးကို မြုပ်နှံပေးဆပ်ခဲ့တဲ့ အဖူးအငုံလေးတွေ အခုဆို ကျနော်တို့ မြင်စပြုနေပါပြီ။ သမဂ္ဂအမှတ်တရနေရာမှာ သူတို့လို လူတွေရဲ့ ဓါတ်ပုံတွေကို ငှားငှားစွင့်စွင့်ဖော်ပြပြီး၊ ဒီလို ငါတို့ နောင်တော်တွေ လုပ်ခဲ့တာကွ လို့ ဂုဏ်ယူချင်ပါတယ်။ ကြေအေးစို့ မေ့ထားလိုက်ကြစို့ဆိုတဲ့အောက်မှာ သူတို့လည်း အမေ့ခံတွေဖြစ်နေပြီလား။
မည်သူပင်ဆိုစေပါ.. သူတို့လို အညတရသူရဲကောင်းတွေရှိခဲ့ဖူးတဲ့ မြန်မာပြည်ကို ကျနော်ချစ်နေရဦးမှာပါ။

ဇိုးဇက်၊ မတ်လ ၈ (၂၀၁၇)
https://www.facebook.com/zoe.zat/posts/10208709174022750




No comments:

Post a Comment