Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 28, 2017

ချင်းဘာသာစကားနဲ့ ဆန္ဒပြပွဲ ထွေအုပ် ခွင့်မပြု

၆၉ နှစ်မြောက် ချင်း အမျိုးသားနေ့ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့စဉ်။ Photo: Aung Thain Kha/RFA
ချင်းပြည်နယ် ဖလမ်းမြို့မှာရှိတဲ့ လိုင်ဇိုးကျေးရွာကို ဖျက်သိမ်းပြီး ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်တဲ့ အပေါ် မကျေနပ်တဲ့ လိုင်ဇိုးမျိုးနွယ်စုဝင်တွေက မကျေနပ်တဲ့အတွက် ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ထားတယ်လို့ သိရပါတယ်။

ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို ခွင့်မပြုဘဲ မြန်မာစကားနဲ့သာ ဆန္ဒပြမှ ခွင့်ပြုမယ်လို့ အုပ်ချုပ်ရေး အဖွဲ့က အကြောင်းပြန်ထားကြောင်း ဆန္ဒပြပွဲဖြစ်မြောက်ဖို့ စီစဉ်တဲ့ ဒေသခံ ဦးဇထန်းက ပြောပါတယ်။

"ဆန္ဒဖော်ထုတ်လို့ရှိရင် ရုံးသုံးဘာသာစကား မြန်မာစကားပဲတဲ့ အဲဒီတော့ ကျနော်ပြောတယ်၊ ဒီကျနော်တို့ ချင်းပြည်နယ်မှာ မြို့ပေါ်မှာတောင်မှ ဗမာစကားနားလည်တာက ၁၆% လောက်ပဲရှိမယ်၊ အဲတော့ ကျနော်တို့က ဒါကို အများပြည်သူနဲ့ နိုင်ငံတော်ကို သိစေချင်လို့ ဆန္ဒဖော်ထုတ်တာကို အလကားအော်နေရာ မကျဘူးလား၊ ဒီတော့ ကိုယ့်ဒေသစကား ပြောလို့မရဘူးလားဆိုတော့ မရဘူးတဲ့ အဲဒါဆိုလို့ရှိရင် တစ်ဖက်က ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ကျနော်တို့ ကိုယ့်ဒေသစကားကိုမှ ပြောခွင့်မရဘူးဆိုရင် ဒေါ်စုရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးဆိုတာ နေပြည်တော် မျှော်တိုင်းဝေးဆိုလား အဲလိုများဖြစ်နေမလား ဆိုပြီး ကျတော် ဖေ့ဘွတ်စ်ထဲ တင်ထားတယ်"

ချင်းပြည်နယ်မှာ မြန်မာစကားတတ်ကျွမ်းသူ နည်းတဲ့အတွက် ချင်းဘာသာစကားနဲ့ ဆန္ဒပြဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဦးဇထန်း က ဆိုပါတယ်။

လိုင်ဇိုးမျိုးနွယ်စုဝင်တွေဟာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ဆန္ဒပြဖို့ စာတင်ထားပေမယ့် ချင်းပြည်နယ်ဝန်ကြီးချုပ် လမ်းကြောင်းခရီးစဉ်ရှိတဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းထားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကိုလုံခြုံရေးယူမယ့် ရဲတပ်ဖွဲ့က ချင်းဘာသာစကား နားမလည်တဲ့အတွက် ကြွေးကြော်မယ့် အကြောင်းအရာတွေအပေါ်မှာ အထင်အမြင်လွဲမှု ဖြစ်နိုင်တာကြောင့် တားမြစ်တာဖြစ်တယ်လို့ ဖလမ်းမြို့နယ် အုပ်ချုပ်းရေးမှူး ဦးစိုးလွင်က ပြောပါတယ်။

"ကျနော်တို့ကလေ ချင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေမှာလေ ပုဒ်မ ၈ ပုဒ်မ ၅ မှာ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေရှိတယ် အဲဒီ စည်းမျဉ်းစည်းကမ်းလေးတွေကို ကျတေန်ာတို့က ရဲကိုတင်ပေးတယ်လေ ဘာဆိုင်းဘုတ်တွေကိုင်မယ် ဘာတွေဟောပြောမယ်ဆိုတာလေ ရဲကိုတင်ပေးတယ် အဲဒီထဲမှာ ရဲကဝိုင်းပြီးတော့ သွားရေးလာရေးတွေကို ဝိုင်းစောင့်ရှောက်ပေးရမှာမို့လို့ သူတို့ပြောတဲ့စကားတွေနဲ့ ဒီက မှတ်တမ်းတင်တဲ့စကားတွေ ကွဲလွဲကုန်မှာစိုးလို့ ချင်းလိုဆိုရင် သူတစ်မျိုး ငါတစ်မျိုးတွေ ဖြစ်နေမှာစိုးလို့ အဓိကကတော့လေ ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးတွေ ပါနေလို့ပါ ဒေသစည်းကမ်းချက်လေးတွေ"

ဖလမ်းတိုးချဲ့စီမံကိန်းအတွက် လိုင်ဇိုးကျေးရွာကို ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် ထည့်သွင်းလိုက်တဲ့အတွက် မကျေနပ်သလို လိုင်ဇိုးမျိုးနွယ်စု ကွယ်ပျောက်သွားမှာ စိုးရိမ်တယ်လို့ ဦးဇထန်းက ပြောပါတယ်။

လိုင်ဇိုးမျိုးနွယ်စုဝင်တွေဟာ လူဦးရေ ၉၀၀ ကျော်သာရှိပြီး လိုင်ဇိုးကျေးရွာမှာပဲ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment