Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 10, 2017

ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်


တရုတ်စကားပုံတစ်ခုရှိတယ် ...
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ
ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။

ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့်မရဘူး"တဲ့ ...

ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ ရှေးကရေစက် ရှိခဲ့ဖူးတဲ့
သူငယ်ချင်းတွေကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ်ဘဲ ကောက်တွေ့ခဲ့ကြတယ်။

သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း တွေ ဖြစ်လာခဲ့တယ်။

လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ်။

လူချင်းမြင်ဖူးပြီး အရမ်းကောင်းတဲ့
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။

တစ်ခါတစ်လေမှာတော့ အရမ်းကောင်းတယ်လို့ ကိုယ်ယုံကြည်ထားတဲ့ သူငယ်ချင်းတွေနဲ့ ဝေးသွားတာတွေလည်းရှိခဲ့တယ်။

လူ့ဘဝဆိုတာလည်း
ရာသီဥတုတွေပြောင်းလဲနေသလိုပါပဲ။
ဟောင်းလိုက် သစ်လိုက်နဲ့ပေါ့ ...

ဖုန်းရဲ့ Contact List ကို ဖွင့်ကြည့်လိုက်
တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ ...

ဘယ်ဖုန်းနံပါတ်ကိုများ
စိတ်အားထက်သန်ပြီး မှတ်ထားခဲ့မိလဲ ...

ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ
အဆက်အသွယ် အမြဲရှိခဲ့သလဲ။
ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

ငယ်ငယ်တုန်းက ကျောင်းတုန်းက
အတူသွား အတူစားခဲ့တဲ့သူငယ်ချင်းတွေက

ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး အဆက် အသွယ်က နည်းသထက်နည်းလာခဲ့တယ်။

တချို့တွေဆို
အဆက်အသွယ်တွေပါ ပြတ်သွားခဲ့ကြတယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ...
သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။

နေရာသစ် ပတ်ဝန်းကျင်သစ်မှာ
သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။

မိတ်ဆွေသစ် ဖွဲ့ဖို့အတွက်
အချိန်တွေ ဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ။

မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အချိန်တွေ
ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ။

အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့
အဆက်အသွယ်ဟာတဖြေးဖြေးကျဲလာခဲ့တယ်။

သူငယ်ချင်းတွေမှာ အသက်အပိုင်းအခြားမရှိဘူး။
ကိုယ့်နဲ့ ရွယ်တူလည်းရှိတယ်။
ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့လူလည်း ရှိတယ်။

ကြီးတဲ့ သူငယ်ချင်းတွေကနေ
ကိုယ့်မှာမရှိသေးတဲ့ အတွေ့အကြုံကိုယူတယ်။

ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူး
တဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို ပြန်ရှာတယ်။

သူငယ်ချင်းတွေမှာ
အသက်အရွယ် ဆင်းရဲချမ်းသာ မခွဲခြားဘူး။

အားလုံးဟာ ကိုယ့်အတွက် သူငယ်ချင်းတွေပဲဖြစ်တယ်။

ဘဝတစ်လျှောက်မှာ …
ခင်မင်မှု ပျော်ရွှင်မှု စိတ်ချမ်းမြေ့မှု

တစ်ခါတစ်လေမှာတော့ စိတ်ရှုပ်မှုတွေ အလိုမကျမှုတွေ ဝမ်းနည်းမှုတွေကိုခင်းပြီး သူငယ်ချင်းများစွာနဲ့ ဖြတ်သန်းခဲ့ကြတယ်။

ကျွန်တော်တို့တွေ ညအခါမှာ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိနေသလိုပဲ ...

တကယ်တမ်းတော့ ကြယ်တွေဟာ
တစ်ပွင့်နဲ့ တစ်ပွင့် အရမ်းဝေးကွာကြတယ်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
သူငယ်ချင်း မိတ်ဆွေတွေက အများကြီးပဲ ...

ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ… ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ…

နှစ်တွေကြာလာမှ အဆက်အသွယ်နည်းခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းဟောင်းတွေဟာ ကိုယ့်ဘဝ ထဲမှာ မရှိတော့တဲ့အချိန်ကြမှပဲ တဖြေးဖြေး ထွက်ခွာသွားမှန်း သတိပြုမိကြတယ်။

လူတွေဟာ…

အသက်(၂၀)မှာ
အချစ်ကို မျှော်လင့်ကြတယ်။

အသက်(၃၀)မှာ
လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။

အသက်(၄၀)မှာ
အောင်မြင်မှုကို မျှော်လင့်ကြတယ်။

အသက်(၅၀)မှာ
ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။

အသက်(၆၀)မှာ
ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။

အသက်(၇၀)မှာ
ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။

အသက်(၈၀)မှာ
အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကိုမျှော်လင့်ကြတယ်။

သူငယ်ချင်း မိတ်ဆွေတွေကိုတော့
ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ။

အကူအညီလိုအပ်မှ
မျှော်လင့်တတ်ကြတယ်။

အကယ်၍များ …

ကျွန်တော်တို့တွေဆီမှာဘာမျှော်လင့်ချက်မှမပါဘဲ ချစ်ခင်နေရတဲ့ သူငယ်ချင်းတွေရှိနေခဲ့မယ်ဆိုရင် သူတို့နဲ့ မဝေးသွားကြပါစေနဲ့။
credit.မူရင်းရေးသားသူ

No comments:

Post a Comment