Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 31, 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပမီဒီယာများပါဝင်သော သတင်း အဖွဲ့ မောင်တောဒေသအတွင်း သတင်းရယူ


နေပြည်တော် သြဂုတ် ၃၁

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက် ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းများရယူနိုင်ရန် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသက်ဆွေ ခေါင်းဆောင်သော ပြည်တွင်း၊ ပြည်ပ မီဒီယာ ၂၂ ဦး ပါဝင်သော သတင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်များဖြင့် သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိသတင်း ရယူကြသည်။

ပြည်တွင်း၊ ပြည်ပ မီဒီယာများ ပါဝင်သောအဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂နာရီခွဲတွင် မောင်တောမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ကို မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်တွင်းပြည်ပ မီဒီယာများသည် မြို့မကညင်တန်းရှိ မီးလောင်နေအိမ်များသို့ သွားရောက်ပြီး ARSA အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား သတင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြန်လည် ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ မြို့သူကြီးကျေးရွာနှင့် ဇူလကျေးရွာတို့၌ တိုင်းရင်းသားများ အသတ်ခံရသည့် ဖြစ်စဉ်နေရာများတွင် မှတ်တမ်းရယူပြီး၊ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မျက်မြင်တိုင်းရင်းသားများအား သိရှိလိုသည်များကို မေးမြန်း ကြသည်။

ညနေပိုင်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ ခေတ္တခိုလှုံနေထိုင်သည့် မောင်တောမြို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြပြီး မြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံ၍ မှတ်တမ်းရယူကြသည်။

အဆိုပါသတင်းအဖွဲ့တွင် ကျိုဒို၊ တီဗွီအဆာဟိ၊ နိပွန်တီဗွီ၊ အဆာဟိ ရှင်ဘွန်း၊ ဖူဂျီတီဗွီ၊ နစ်ကေး ရှင်ဘွန်း၊ ဗွီအိုအေ၊ ရိုက်တာ၊ အေအဖ်ပီ၊ နယူးစ်ဝပ်ခ်ျ၊ အလဲဗင်း၊ စကိုင်းနက်နှင့် သတင်းဌာနများပါဝင်ကြပြီး ယနေ့ သြဂုတ် ၃၁ ရက် တွင် ARSA အစွန်း ရောက်အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် နေရာများတွင် ဆက်လက် သတင်းယူကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်ထားသည်။

(သတင်းစဉ်)

No comments:

Post a Comment