Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 19, 2017

၁၉၉၉၊ လှိုင်သာယာသွား တောလား သို့မဟုတ် ငရဲဆီသို့


 ၁၉၉၉၊ လှိုင်သာယာသွား တောလား သို့မဟုတ် ငရဲဆီသို့

ဒီဇင်ဘာလ ဆိုပေမယ့် နေက စူးစူးရွားရွားကို ပူလောင်တောက်ပ နေတယ်။ ကားပြတင်းပေါက် ကတဆင့် တဟူးဟူး တိုးဝင်လာတဲ့ လေမှာ အအေးရှိန်အအေးငွေ့ လုံးလုံး မပါပါဘူး။ ကားဖြတ်လာတဲ့ ကတ္တရာလမ်းမတောင် ပျောင်းပျောင်းအိအိ ဖြစ်နေသလိုပါပဲ။ အလျှံတညီးညီး တောက်လောင်နေတဲ့ နေရောင်အောက်မှာ ကျွန်တော်တို့ကား ဖြတ်သန်းလာတဲ့ ဘုရင့်နောင်လမ်းမ တလျှောက်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို ငြိမ်သက်တိတ်ဆိတ် နေပါတယ်။ ကျွန်တော့် စိတ်တွေကတော့ ယောက်ယက်ခတ် လှုပ်ရှားနေကြလေရဲ့။ ကားထဲမှာ လိုက်ပါလာတဲ့ ကျွန်တော့် သူငယ်ချင်းတွေကော ဘယ်လိုများ နေကြပါသလဲ။ ကားမောင်းလာတဲ့ သူငယ်ချင်းကတော့ လန်ဒန် တွေ တစ်လိပ်ပြီးတစ်လိပ် ရှိုက်ဖွာရင်း နဖူးပေါ် ယိုစီးလာတဲ့ ချွေးတွေကို လက်နဲ့ မကြာမကြာ သပ်ချ နေတယ်။ ကျွန်တော်လဲ နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်မိတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ သွားနေတယ်။ ကျွန်တော်ချစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီး ရှိရာဆီကို ကျွန်တော် သွားနေတယ်။


ဘုရင့်နောင်မီးပွိုင့် ရောက်တာနဲ့ ဘုရင့်နောင်တံတား ရှိရာဆီ ဘယ်ဘက်ကို ကျွန်တော်တို့ကား ချိုးကွေ့လိုက်ပါတယ်။ ဘုရင့်နောင်တံတားပေါ် မတက်ခင်မှာပဲ တံတားဖြတ်သန်းခပေးရတဲ့ ဂိတ်ရှေ့မှာ ကျွန်တော်တို့ ကားရပ်လိုက်ရတယ်။ တံတားဖြတ်သန်းခကို မကြည်မသာနဲ့ ထုတ်ပေးရင်း (နောင်မှာ ကျောင်းသားတွေနဲ့ အမြဲလိုလို ပြဿနာတက်လေ့ရှိတဲ့ ကိစ္စ တစ်ခု ဖြစ်လာခဲ့ပါတယ်) ကျွန်တော်တို့ တံတားပေါ်ကို တက်ခဲ့ကြတယ်။ တံတားအောက်က မြစ်ကြီးကတော့ စီးမြဲစီးနေလေရဲ့။ နေရောင်ကြောင့် မြစ်တပြင်လုံးဟာ မှန်သားတစ်ချပ်လို ငွေရောင် တောက်ပနေပါတယ်။ တံတားကဆင်းပြီး သိပ်မကြာခင်မှာဘဲ လမ်းဘေးဝဲယာက မြင်ကွင်းတွေဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ ကျွန်တော် တစ်သက်လုံး နေထိုင်ကြီးပြင်းလာတဲ့ ရန်ကုန်မြို့ရဲ့ သွင်ပြင် လက္ခဏာတွေအားလုံး ဘာတစ်ခုမှ မတွေ့ရတော့ပါဘူး။ လမ်းဘေးဝဲယာတလျှောက်လုံးမှာ အဆုံးအစ မရှိတဲ့ လွင်တီးခေါင်ပြင်ကြီးတွေကို ကျွန်တော် တွေ့နေရတယ်။ ဟိုးအဝေးဆီမှာ တံလျှပ်တွေ တထောင်းထောင်း ထနေလေရဲ့။ ကျွန်တော် ငေးနေရင်းနဲ့ပဲ FMI city နဲ့ နဝဒေးအိမ်ရာ တွေကို ဖြတ်ကျော်လာခဲ့တယ်။ လေအဝှေ့မှာ လမ်းဘေးမှာ စိုက်ထားတဲ့ မလေးရှားပိတောက် တွေက ယိမ်းနွဲ့နေပါတယ်။ ဒီအပင်တွေက အကြီးမြန်ပေမယ့် အရိပ်အာဝါသတော့ မကောင်းလှ ပါဘူး။ ဆောက်လက်စ တပိုင်းတန်းလန်း အဆောက်အအုံတွေကလဲ နေပူကြီးထဲမှာ သူရဲတစ္ဆေ တွေလို ငုတ်တုပ်ထိုင်နေကြပါတယ်။ ကျွန်တော်တွေးနေတုန်း လမ်းရဲ့ခပ်လှမ်းလှမ်းမှာ ပုံစံတူ ဆောက်ထားတဲ့ လေးငါးထပ်တိုက်တွေကို လှမ်းမြင်ရတယ်။ ကျန်စစ်သားအိမ်ရာ ဆိုပါလား။ ညီညာ ချောမွေ့နေပေမယ့် လှိုင်းတွေ တင်းကြမ်းထနေတဲ့ လမ်းကြောင့် ကားအဆောင့်မှာ ကျွန်တော့် အတွေးတွေ ပြတ်တောက်သွားပြန်တယ်။ ဒီမှာပဲ ဟိုးခပ်လှမ်းလှမ်းက ယာဉ်အဝိုင်းပတ်တစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်။ ညောင်တုန်းလမ်းခွဲတဲ့။ ဒီနေရာဟာ နောင်အခါမှာ မီးခွက်ဈေးလို့ ကျွန်တော်တို့ အမှတ်အသားပြုရတဲ့ နေရာပါ။ အခုဆိုရင် ရန်ကုန်မြို့နဲ့ တော်တော် ဝေးလာခဲ့ပါပြီ။ ကျွန်တော် နာရီကို တစ်ချက်ကြည့်လိုက်တယ်။ နေ့လယ်နှစ်ချက်ခွဲတော့မယ်။ တပြန့်တပြူးကြီး မဆုံးနိုင်တဲ့ ကွင်းပြင်ကြီးတွေကြား ဖြတ်ဖောက်ထားတဲ့ လမ်းအတိုင်း ကျွန်တော်တို့ ဆက်ထွက်ခဲ့ ကြတယ်။ လမ်းရှင်းနေတာကြောင့် သူငယ်ချင်းက ကားကို ကီလို၉၀အထိ အရှိန်မြှင့်လိုက်တယ်။ ဟိုး ရှေ့ဘက်မှာ ဒုတိယမြောက် အဝိုင်းပတ်တစ်ခုကို ထပ်တွေ့ရပြန်တယ်။ နောင်တချိန်မှာ လင်မျှော်ကုန်း လို့ လူသိများလာမယ့် တမာကုန်းစက်မှုဇုန်ပါပဲ။ ဖဲကြိုးတစ်ချောင်းကို ဆွဲဆန့်ထား သလိုဖြစ်နေတဲ့ လမ်းကြီးအတိုင်း ကျွန်တော်တို့ ဆက်ထွက်ခဲ့ပြန်တယ်။ ကျွန်တော့်နောက်မှာ အတိတ်တွေကျန်ခဲ့ပြီ။ တိုင်ကြီး၁၈တိုင် ကျန်ခဲ့ပြီ။ ကင်တင်းက ကျွန်တော်ချစ်ရတဲ့ ခွေးမကလေး မြီးတို ကျန်ခဲ့ပြီ။ ကျွန်တော့်ရဲ့ လန်းလန်းဆတ်ဆတ် ကျောင်းသားဘဝ နေ့ရက်တွေ ကျန်ခဲ့ပြီ။ ကျွန်တော် အသက် ၂၃နှစ်ရှိပါပြီ….မီးခိုးမဆုံးမိုးမဆုံး အတွေးတွေထဲ ကျွန်တော်နစ်မြုပ်နေရင်းက ထိန်ပင်သုဿာန်ကို တွေ့လိုက်ရမှ သတိပြန်ဝင်လာတယ်။

ပြီးတော့ အမှတ်၉ ရဲတပ်ရင်းလို့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကို ထပ်တွေ့ရပြန်တယ်။ ပြီးတော့….ကျွန်တော်လမ်းရဲ့ ဘယ်ဘက်ကို ကြည့်လိုက်တယ်။ ရန်ကုန်နည်းပညာတက္ကသိုလ် (လှိုင်သာယာ) ဆိုတဲ့ ဆိုင်းဘုတ် အသစ်စက်စက် ကလေးကို ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော် ကားဒိုင်ခွက်က အကွာအဝေးပြ ကီလိုမီတာကို ကြည့်လိုက်မိတယ်။ ၂၈ ဆိုတဲ့ ဂဏန်းမှာ ရပ်တန့်နေလေရဲ့။ ဒီအချိန်ဆို ကျွန်တော့်သူငယ်ချင်း တချို့ သန်လျင်ဘက်ကို ရောက်နေတော့မယ်။ တချို့ မှော်ဘီဘက်ကို ရောက်နေတော့မယ်။ တချို့ ပြည်ဘက်ကို ရောက်နေတော့မယ်။ တချို့ကတော့ အင်းစိန်ဘဝတက္ကသိုလ်မှာ နိုင်ငံရေး အကျဉ်းသားတွေ အဖြစ်နဲ့ ရောက်နေတော့မယ် ။ ကျွန်တော် ဆက်မတွေးချင်တော့တာနဲ့ ကိုယ့်အတွေးကိုယ် ဖြတ်တောက်ပစ်လိုက်တယ်။ ရန်ကုန်မြို့နဲ့ မိုင်၂၀ အကွာမှာ ကျွန်တော်ရောက်နေတယ်။ နေက ပြင်းပြင်းပြပြကြီးကို ပူနေလေရဲ့။ ရင်ထဲမှာက ပိုပူပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကတော့ ကျွန်တော်တို့ သန်လျင် ဂျီတီအိုင်မှာ တက်ရမယ်ဆိုလို့ သန်လျင်ကိုသွားပြီး စုံစမ်းခဲ့ရပါသေးတယ်။ ဒါပေမယ့် အစီအစဉ်တွေ ပြောင်းသွားခဲ့ပါတယ်။ နိုဝင်ဘာလလောက်ထဲမှာ ရန်ကုန်နည်းပညာတက္ကသိုလ် (စက်မှုတက္ကသိုလ်ကနေ အမည်ပြောင်း သွားခဲ့ပါပြီ) မော်ကွန်းထိန်းဆီက ကျွန်တော်တို့ ရန်ကုန်နည်းပညာ တက္ကသိုလ်(လှိုင်သာယာ) မှာ ပညာသင်ကြားရမယ့် အကြောင်း အကြောင်းကြာစာ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ပါတယ်။ လှိုင်သာယာရဲ့ ပထမဆုံး အသုတ်အနေနဲ့ပါ။ ကျွန်တော်တို့ တတိယနှစ်နဲ့ စတုတ္ထနှစ် ကျောင်းသားတွေပေါ့။ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားတွေကတော့ သန်လျင်နဲ့ မှော်ဘီမှာ တက်ရပါလိမ့်မယ်။ နယ်ကျောင်းသူကျောင်းသားတွေကတော့ ပြည်နားက လက်ခုပ်ပင်ဆိုတဲ့ နေရာမှာ တက်ရပါလိမ့်မယ်။ ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေကတော့ တက်စရာမလို သေးပါဘူး။ ဒါနဲ့ပဲ လှိုင်သာယာရဲ့ ပထမဆုံးအသုတ် အနေနဲ့ ကျွန်တော်တို့ စတင်တက်ရောက်ခဲ့ရ ပါတော့တယ်။ ကျွန်တော်တို့ လာခဲ့ပါပြီ။ ငရဲဆီကိုပါ။

အဲဒီနေ့ဟာ ဒီဇင်ဘာလလယ် နေ့တစ်နေ့ပါ။ အဲဒီနေ့မနက်က ကျွန်တော်တို့ ခပ်စောစောပဲ ကျောင်းကို ထွက်ခဲ့ကြပါတယ်။ ကားကိုတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ရက် စီ အလှည့်ကျယူပြီး အားလုံးစုသွားကြဖို့ အစီအစဉ် လုပ်ခဲ့ပါတယ်။ ကျောင်းက လှိုင်သာယာ ညောင်တုန်း သွားတဲ့ ကားလမ်းမပေါ်မှာ ရှိတယ်ဆိုပေမယ့် တကယ်ကတော့ ကျွန်တော်တို့ကျောင်း ကို ရောက်ဖို့ အတွင်းထဲကို ဆယ်မိနစ်လောက် ကားမောင်းပြီး ထပ်ဝင်ရပါသေးတယ်။ လမ်းတဝက် လောက်မှာ မြစိမ်းရောင်အိမ်ရာ (အမည်မသေချာ) လို့ အမည်ပေးထားတဲ့ ဆောက်လက်စ အဆောက်အဦးတစ်ခု ရှိပြီး နောင်မှာ ဆရာဆရာမတွေအတွက် နေရာချပေးထားတဲ့ အိမ်ရာ ဖြစ်လာခဲ့ပါတယ်။ ကျောင်းဂိတ်ပေါက်က ဝင်လိုက်တာနဲ့ ဘယ်ဘက်မှာ တွေ့ရတာကတော့ ကျောင်းကင်တင်းပေါ့။ ကျောင်းတွင်းလမ်းမကနေ ကင်တင်းဆီကို သွားဖို့တော့ အုတ်ခဲအကျိုးအ ကြေတွေနဲ့ လမ်းခင်းထားပါတယ်။ လမ်းဘေးဝဲယာကတော့ နွေဆိုရင် ခြောက်သွေ့နေတဲ့ မြေကျစ်စာခဲတွေဖြစ်ပြီး မိုးတွင်းဆိုရင်တော့ ရွှံ့နွံအတိပြီးနေပါတယ်။ ကျွန်တော်တို့ စရောက်ရောက် ချင်းတော့ ကျောင်းဖွင့်ကာစမို့လို့ ကင်တင်းမှာ ဆိုင်တွေမစုံသေးပါဘူး။ အရင်ကြို့ကုန်းကျောင်းတုန်း က ဆိုင်တချို့နဲ့ မော်ဒန်လက်ဖက်ရည်ဆိုင်ကို တွေ့ရပါတယ်။ ကျောင်းအဆောက်အဦး တွေဟာ အရွယ်တူပုံစံတူ နှစ်ထပ်အဆောက်အဦးတွေ ဖြစ်ပါတယ်။ တချို့လဲ တစ်ထပ်ပေါ့။ ကျောင်းဝင်း အတွင်းမှာတော့ ကျွန်တော် အမျိုးအမည် ခွဲခြားမသိတဲ့ အပင်တချို့ကို စိုက်ပျိုးထားတယ်။ အားလုံး ညှိုးနွမ်းခြောက်သွေ့လို့ပေါ့။ အမြင့်ဆုံးအပင်ဟာ ကျွန်တော့်အရပ်ထက် နည်းနည်းပဲ မြင့်မလားပဲ။ မနက်ဆယ်နာရီလောက်ပဲ ရှိသေးပေမယ့် နေဟာ ရက်ရက်စက်စက်ကို ပူရှိန်ပြင်းနေတယ်။ ကျွန်တော်တို့အားလုံး ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့ပါဘူး။ ကင်တင်းထဲမှာ ထိုင်နေရင်းနဲ့ ဒီလို အခြေအနေမျိုးမှာပဲ ကျောင်းပြီးဆုံးတဲ့အထိ ကျွန်တော် တက်ရတော့မယ်ဆိုတာ တွေးဖြစ်အောင် တွေးလိုက်မိတယ်။ ဒီနေ့ဟာ ဒီကျောင်းကြီးရဲ့ အစပါ။ ဒါပေမယ့်….ဒီနေ့ဟာ ကျွန်တော့် တက္ကသိုလ်ကျောင်းသား ဘဝရဲ့ အဆုံးပါ။ အဲဒီနေ့က ကျွန်တော် အတန်းမတက်ဖြစ် ခဲ့ပါဘူး။

ရက်သတ္တတစ်ပတ် အတွင်းမှာပဲ ကျွန်တော့်ရဲ့ လှိုင်သာယာ တက္ကသိုလ် ကျောင်းသားဘဝဟာ စတင်ရုပ်လုံးပေါ် လာခဲ့ပါတယ်။ သွားရလာရတဲ့ ဒုက္ခတွေပြီးရင် ကျွန်တော်တို့ လှိုင်သာယာမှာ ပထမဆုံး ရင်ဆိုင်ရတာက ရေအခက်အခဲပါ။ လှိုင်သာယာက ရေဟာ သောက်လို့မရအောင် ပေါ့ပျက်ပျက် ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ရန်ကုန်မြို့ထဲက ရေသန့်ဘူးတွေ ယူခဲ့ဖို့ စီမံကြရ ပါတယ်။ ရေသန့်ဘူးယူရမယ့် တာဝန်ကိုတော့ ကျောင်းမှန်တဲ့ ကားလဲအဆင်ပြေတဲ့ ကျောင်းသားတွေက ယူကြရပါတယ်။ နေဒဏ်လေဒဏ်တွေ အောက်မှာ ခဏချင်းအတွင်းမှာပဲ ကျွန်တော်တို့ အသားတွေ ညိုမောင်းသွားခဲ့ကြပါတော့တယ်။ တက္ကသိုလ်တစ်ခုမှာ ရှိရတဲ့ အမျိုးသား နားနေဆောင် အမျိုးသမီး နားနေဆောင်တွေလဲ တစ်ခုမှ မရှိတဲ့အတွက် ကင်တင်းသာ ကျွန်တော်တို့ ရဲ့ တစ်ခုတည်းသော ခိုလှုံရာ ဖြစ်လာခဲ့ပါတော့တယ်။ ကျောင်းစဖွင့်ပြီး နှစ်ပတ်လောက်မှာပဲ ကျွန်တော့်ရဲ့ နေ့စဉ်ကျောင်းတက်မယ် ဆိုတဲ့ စိတ်ကူးဟာ လုံးဝပြိုကွဲသွားပါတော့တယ်။ ကား တစ်ယောက်တစ်လှည့်စီ ယူပြီး ကျောင်းကို စုသွားစုပြန်မယ် လို့ ကျွန်တော်တို့ စီစဉ်ထားခဲ့ပေမယ့် လက်တွေ့မှာ နေ့စဉ် နှစ်နာရီလောက် ကားမောင်းပြီး ကျောင်းတက်ရပြန်ရတဲ့ ဒုက္ခကို ကျွန်တော်တို့ မခံနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ လက်မြှောက်ခဲ့ရပါပြီ။ ရန်ကုန်မြို့ထဲမှာသာ တစ်သက်လုံး နေထိုင်ကြီးပြင်းလာတဲ့ ကျွန်တော်တို့အတွက် လှိုင်သာယာရဲ့ လွင်တီးခေါင် ကျတ်တီးကုန်း လယ်ကွင်းပြင်ကြီးတွေဟာ တစိမ်းဆန်လွန်းလှပါတယ် ။ ဒါနဲ့ပဲ စနေ တနင်္ဂနွေတွေမှာ မြို့ထဲက ကျွန်တော်တို့ သူငယ်ချင်းတွေအိမ်မှာ ကျူရှင်ယူဖို့ ဆုံးဖြတ် ခဲ့ရပါတော့တယ်။ နေ့စဉ် ကျောင်းသွားတက်ရတဲ့ စရိတ်စကနဲ့ ကျူရှင်ယူရတဲ့စရိတ်ကလဲ အတူတူ လောက်ဖြစ်နေလို့ပါ။ ဒီလိုနဲ့ ၂၀၀၀ ပြည့်နှစ်ထဲကို ရောက်လာပါတယ်။ ကျွန်တော်လဲ ကျောင်းကို တစ်ပတ်တစ်ရက်လောက်ပဲ သွားဖြစ်ပါတော့တယ်။ ကျွန်တော်တို့ တတိယနှစ်မှာ ပရက်တီကယ် လုပ်ဖို့အတွက် အဆောက်အအုံတောင် မပြီးသေးတဲ့အတွက် အင်ဂျင်နီယာကျောင်းသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရက်တီကယ်ကိုတောင် မလုပ်ခဲ့ရပါဘူး။ စာတွေ့နဲ့ပဲ ဖြတ်သန်းခဲ့ရပါ တယ်။ ကျွန်တော် အပြင်လူ လုံးလုံးဖြစ်သွားခဲ့ပါပြီ။ တက္ကသိုလ်တက်နေပါတယ်လို့ ပြောစမှတ်ပြု စရာ ဘာမှ မယ်မယ်ရရ မကျန်တော့ပါဘူး။ ကျောင်းကို ရောက်ဖြစ်တဲ့ တချို့ရက်တွေမှာလဲ အတန်း ဘက်ခဏသွားပြီး ကင်တင်းမှာပဲ ထိုင်နေတာ များခဲ့ပါတော့တယ်။ ၉၆၊ ၉၈ သပိတ်တိုက်ပွဲတွေ တုန်းက ကျွန်တော်နဲ့ တူတူရှိနေခဲ့တဲ့ သူငယ်ချင်းရဲဘော်တွေလဲ သိပ်မရှိတော့ပါဘူး။ တချို့က အင်းစိန်တောရမှာ ရောက်ရှိနေခဲ့ပါပြီ။ တချို့လဲ ကျောင်းဆက်မတက်ဖြစ်တော့ပါဘူး။ တချို့လဲ ပြည်ပကို ထွက်ခွာသွားကြပါပြီ။ ကျွန်တော်တို့ စက်မှုတက္ကသိုလ်က မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့လဲ အဆက်ပြတ်သွားခဲ့ပါပြီ။ တော်တော်များများကတော့ အဝေးသင်တွေ ဖြစ်ခဲ့ကြပြီပေါ့။ မြန်မာပြည် ပညာရေးရဲ့ မျက်နှာစာသစ်တစ်ရပ်ဟာ ၂၁ရာစုနဲ့အတူ မွေးဖွားလာခဲ့ပါပြီ။ ခြေမစုံလက်မစုံနဲ့ပါ။

ကျွန်တော်တို့ ကျောင်းသားတွေတင် ဒုက္ခရောက်ကြတာ မဟုတ်ပါဘူး။ ဆရာဆရာမတွေလဲ ဒုက္ခ ရောက်ကြရှာပါတယ်။ ဆရာ ဆရာမတွေအနေနဲ့က လှိုင်သာယာနဲ့ ပြည်ကို တစ်ပတ်စီ သင်ရတာပါ ။ ပြည်မှာ သင်ရမယ့် အပတ်ဆိုရင် တနင်္ဂနွေနေ့မှာ ကျောင်းက စီစဉ်ထားတဲ့ ကားနဲ့ သွားကြရ ပါတယ်။ လှိုင်သာယာမှာ သင်ရမယ့် အပတ်ဆိုရင် ကြို့ကုန်းကနေ လှိုင်သာယာကို ကျောင်းက ဖယ်ရီနဲ့ လာကြရပါတယ်။ ကျောင်းနှစ်ကျောင်းကြား အံဝင်အောင် လုပ်ရတဲ့ ဒုက္ခကလဲ မသေးပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေ အပိုင်းမှာလဲ ပညာကို စူးစိုက်သင်ယူ လိုစိတ်တွေ ကုန်ခန်းသွားခဲ့ ပါပြီ။ စာမေးပွဲကျတယ်ဆိုတာလဲ မရှိတော့ပါဘူး။ ကျရင် ကျတဲ့ဘာသာကို ပြန်ဖြေလိုက်ရုံပါပဲ။ တခြား လူမှုရေးအသင်းအဖွဲ့တွေ၊ တက္ကသိုလ်ဆိုင်ရာ အားကစားပွဲတွေလဲ ဘာတစ်ခုမှ မရှိတော့ ပါဘူး။ အကျိုးဆက်အနေနဲ့ ကျောင်းသားတွေအားလုံး စိတ်လေလွင့်သွားပြီး ကျောင်းက စာသင်ခန်း အလွတ်တွေမှာ ဖဲဝိုင်းကြီးတွေ ဟီးထအောင် ပေါ်လာပါတော့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ ဖဲရိုက်ကြပြီး ပြန်စရာကားမရှိလို့ ကျောင်းက ဘတ်စ်ကားကို ချောဆွဲပြီး ပြန်ရတဲ့နေ့တွေတောင် ရှိခဲ့ဖူးပါတယ်။ တက္ကသိုလ်ရဲ့ Atmosphere လုံးဝပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ် မတ်လနှောင်းပိုင်းမှာတော့ ကျွန်တော့်ဆီ သတင်းတစ်ခု ရောက်လာပါတယ်။ ပြည်နားက လက်ခုပ်ပင်မှာ နယ်ကျောင်းသူကျောင်းသားတွေ အတွက် ဖွင့်လှစ်ထားတဲ့ ကျွန်တော် တို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ဆီက သတင်းပါ။ သတင်းအရကတော့ ကျွန်တော်တို့ ရန်ကုန်စက်မှု တက္ကသိုလ်ရဲ့ အထင်ကရနေ့ဖြစ်တဲ့ ဖုန်းမော်နေ့ကို ပြည်မှာ ကျင်းပဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် အဲဒီတုန်းက ကြားခဲ့တဲ့ သတင်းကတော့ ဒီလောက်ပါပဲ။ နောက်လအနည်းငယ်ကြာမှ အဲဒီနေ့က ပါဝင်ခဲ့တဲ့ ရဲဘော်တွေ (ကျောင်းကအလံကို ဖြုတ်ချခဲ့သူ အပါအဝင်) ထောင်ဒဏ် ခုနစ်နျစ်ကျခံခဲ့ရတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အချင်းချင်း သတင်းကွန်ယက်နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ အပေါ်မှာ ကျွန်တော်တို့လဲ သူတို့အတွက် ဘာမှလုပ်မပေးနိုင် ခဲ့ပါဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ လှိုင်သာယာအနေနဲ့ နေ့ကျောင်းသားတွေချည်းပဲ ရှိတော့တဲ့ အပေါ်မှာ ကျောင်းသားလှုပ်ရှားမှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ အခြေအနေ မပေးနိုင် လောက်အောင် ခဲယဉ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပကတိ အရှိတရား အနေနဲ့ ကျွန်တော်တို့ ကျောင်းသားထုရဲ့ နိုင်ငံရေး နဲ့ ကျောင်းသားအခွင့်အရေး တိုက်ပွဲတွေ ယာယီငုပ်လျှိုး သွားခဲ့ရပြီ ဖြစ်ပါတယ်။

ကျွန်တော် တတိယနှစ် တက်ရောက်နေတဲ့ အချိန်မှာပဲ ၉၆၊ ၉၇ ခုနှစ်က အထက်တန်း အောင်မြင်ခဲ့ တဲ့ ညီငယ်နှမငယ်တွေကို သန်လျင်နဲ့ မှော်ဘီမှာ ပထမနှစ်သင်တန်းတွေ တပြိုင်နက် ဖွင့်လှစ်ပေးခဲ့ ပါတယ်။ ကျန်တဲ့ နယ်ကျောင်းသူကျောင်းသားတွေကတော့ နီးစပ်ရာ ဂျီတီအိုင်တွေမှာပဲ တက်ရလိမ့် မယ်ထင်ပါတယ်။ ၂၀၀၀ခုနှစ် မေလမှာတော့ ကျွန်တော်တို့ တတိယနှစ်နဲ့ စတုတ္ထနှစ် စာမေးပွဲတွေ ဖြေပြီးလို့ ကျောင်းပြန်ပိတ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ကျောင်းပိတ်ထားချိန်မှာ ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ်တွေအတွက် ကျောင်းပြန်ဖွင့်ခဲ့ပါတယ်။ ကျောင်းပိတ်တဲ့ကာလက ရှစ်လကျော် ကိုးလတောင် ကြာမြင့်ခဲ့ပြီး ကျွန်တော် စတုတ္ထနှစ် ပြန်တက်ရတဲ့ အချိန်မှာ ၂၀၀၁ ခုနှစ်ထဲကို ရောက်ရှိခဲ့ပါပြီ။ တတိယနှစ်အနေနဲ့တော့ ကျွန်တော်တို့ ကြို့ကုန်းကျောင်းတော်ကြီးကို နောက်ဆုံးမှီ လိုက်တဲ့ ၉၅ခုနှစ်က အထက်တန်းအောင်မြင်ခဲ့တဲ့ ညီငယ်တွေ ရောက်လာပါတယ်။ ထူးခြားမှုအနေနဲ့ ကတော့ သူတို့ကို ကြိုက်ရာမေဂျာ ယူခွင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစဉ်အလာအရက ဒုတိယနှစ်မှာရတဲ့ အမှတ်အနည်းအများ အလိုက် မေဂျာခွဲခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အရင်က အမှတ်နည်းတဲ့သူတွေ ရတဲ့ Aero, Mining, Metal, Textile အစရှိတဲ့ မေဂျာတွေဟာ သင်ယူမယ့် ကျောင်းသားကျောင်းသူ လုံးဝမရှိတော့တဲ့ ဘဝကို အလိုအလျောက် ရောက်ရှိသွားပါတော့တယ်။

အဲဒီ အချိန်ကာလ အတောအတွင်းမှာတော့ ကျွန်တော်တို့ ကျောင်းသားအားလုံးဟာ အနည်းနဲ့ အများဆိုသလို တက္ကသိုလ်အပေါ် အာရုံစူးစိုက်မှု လျော့နည်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ အိမ်က လက်ငုပ်လက်ရင်း မိဘလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်နေသူတွေ ရှိသလို ကျူရှင်ဆရာ၊ဂိုက်၊ ကားဝယ်ရောင်း၊ပွဲစား အစရှိသဖြင့် ရောက်တတ်ရာရာ လုပ်ကိုင်နေရသူတွေက အများစု ဖြစ်လာခဲ့ ပါပြီ။ ကျွန်တော်ကိုယ်တိုင်လဲ အပြင်လူတစ်ပိုင်း ဖြစ်နေပေမယ့် တက္ကသိုလ်အပေါ် သံယောဇဉ်မပြတ် နိုင်တဲ့ ကျွန်တော်ဟာ ရံဖန်ရံခါ ကြုံကြိုက်တိုင်း ရန်ကုန်တက္ကသိုလ်(ပင်မ) ကို ရောက်သွားတတ် ပါတယ်။ တက္ကသိုလ်ကြီးတစ်ခုလုံးဟာ လူသူကင်းမဲ့ပြီး တစပြင်လို တိတ်ဆိတ်ခြောက်သွေ့နေ ပါတယ်။ အဓိပတိလမ်းပေါ်မှာ ကျွန်တော် တစ်ယောက်တည်းပါ။ ဟာလာဟင်းလင်းဖြစ်နေတဲ့ အရင်က ကျောင်းသားသမဂ္ဂ အဆောက်အဦး တည်ရှိခဲ့တဲ့ မြေကွက်လပ်ကြီးကတော့ ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး ပြန်ရမယ့်ရက်ကို မျှော်လင့်တကြီး စောင့်နေရှာလေရဲ့။ အင်းလျားကန်ဘောင်ပေါ် ရောက်ဖြစ်တဲ့ အခါမှာလဲ အရင်လို တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို တစ်ယောက်မှ ကျွန်တော် မတွေ့ရတော့ပါဘူး။ ကြို့ကုန်းက ကျောင်းတော်ကြီးဆီကိုတော့ ကျွန်တော့်ကျူရှင်က ဆရာမတွေကို လိုက်ပို့လိုက်ကြိုရင်း တစ်ပတ်တစ်ခါလောက် ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကျောင်းကို ရောက်ဖြစ်တိုင်း လူသူရှင်းလင်းနေတဲ့ ကင်တင်းက မေတ္တာပေါင်းကူးမှာ တွေတွေ ငေးငေးထိုင်ရင်း ဟိုးအရင်က နေ့တွေကိုပဲ ပြန်လွမ်းနေမိပါတော့တယ်။ ကင်တင်း တစ်ခြမ်းနဲ့ တစ်ခြမ်းကို ခြားထားတဲ့ ကွက်လပ်ဟာလဲ ခြုံနွယ်ပိတ်ပေါင်းတွေ တောထနေပြီး တချို့နေရာတွေ မှာဆို ဟိုဘက်ကနေ ဒီဘက်ကို မြင်နိုင်စွမ်းတောင် မရှိတော့ပါဘူး။ ကင်တင်းလှေကား အတိုင်း ပြန်တက်လာရင်လဲ အသစ်ဆောက်လိုက်တဲ့ စာကြည့်တိုက်ကြီးက ဖုံးကွယ်နေလို့ တိုင်ကြီး၁၈တိုင် ကို မမြင်နိုင်တော့ပါဘူး။ ကျောင်းကြီးတစ်ကျောင်းလုံးဟာ ကိုယ့်ခြေသံကိုယ် ပြန်ကြားရလောက် တဲ့အထိ တိတ်ဆိတ်နေပါတယ်။ တကယ်တော့ ဒီကျောင်းကြီးကို ကျွန်တော် မပိုင်တော့ပါဘူး။ မေတ္တာပေါင်းကူးက ဖွင့်နေတဲ့ ခင်မောင်တိုးရဲ့ ဝေးခဲ့ပြီ ပန်းခရမ်းပြာ သီချင်းက ကျွန်တော့်ဆီ တိုးတိုး ညင်းညင်း ပျံ့လွင့်လာတယ်။ ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ တဲ့….. ဟုတ်ပါတယ်။ ဘယ်ဆီမှာလဲ ကျွန်တော် မသိတော့ပါဘူး။

ကျွန်တော် လှိုင်သာယာမှာ ကျောင်းတက်နေတုန်းမှာပဲ ဘုရင့်နောင်တံတားနဲ့ ကျွန်တော်တို့ ကျောင်းရဲ့ ခရီးသုံးပုံတစ်ပုံလောက်မှာ ရှိတဲ့ ကျန်စစ်သားအိမ်ရာကိုလဲ ရံဖန်ရံခါ ရောက်ဖြစ်ခဲ့ပါတယ် ။ ကျန်စစ်သားအိမ်ရာက အခန်းငှားရမ်းခတွေဟာ တော်တော်သက်သာတာကြောင့် ကျွန်တော့် သူငယ်ချင်းတချို့ စုပေါင်းပြီး အခန်းတစ်ခန်း ငှားရမ်းထားခဲ့ပါတယ်။ ရံဖန်ရံခါ ကျောင်းကနေပြီး အိမ်ကို မပြန်ချင်တော့တဲ့ နေ့တွေမှာ အဲဒီအခန်းမှာ အိပ်ကြပေါ့။ တချို့သူငယ်ချင်းတွေလဲ အဲဒီမှာပဲ တောက်လျှောက်နေနေတာလဲ ရှိပါတယ်။ ကျွန်တော်တို့ရဲ့အခန်း နဲ့ ကပ်လျက်တိုက်က အခန်းမှာ ငှားနေကြတာက အထည်ချုပ်စက်ရုံက မိန်းကလေးတွေပါ။ တိုက်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်နေတာကြောင့် ကျွန်တော်တို့ အခန်း ပြတင်းပေါက်ဖွင့်လိုက်ရင် သူတို့အခန်းကို တိုးလျှိုပေါက် မြင်ရနေတာပါပဲ။ ကျွန်တော် သိရှိမိတဲ့ အတိုင်းအတာမှာတော့ တချို့မိန်းကလေးတွေဟာ နတ်သမီးကလေးတွေ ဖြစ်ပါတယ်။ တချို့ကတော့ တကယ်ပဲ အထည်ချုပ်စက်ရုံက မိန်းကလေးတွေ ပါ။ အားလုံးဟာ အသက်နှစ်ဆယ် ဝန်းကျင်ကလေးတွေ ဖြစ်ပြီး အတော်နွမ်းပါးကြရှာပါတယ်။ အားလုံး မိန်းကလေး ခုနစ်ယောက် ရှစ်ယောက်လောက် စုပြီး အခန်းငှားနေကြတာဖြစ်ပါတယ်။
မီးအမြဲလိုလို ပျက်နေတဲ့ ကျန်စစ်သားအိမ်ရာရဲ့ နေဝင်ရီတရော အချိန်တွေနဲ့ ညဘက်တွေဟာ နတ်သမီးကလေးတွေ၊ လောင်းကစားလုပ်ငန်းလုပ်ကိုင်သူတွေ၊ အရက်ပုန်းရောင်းဝယ်သူတွေ နဲ့ အမြဲလိုလို ပွေလီရှုပ်ထွေးနေခဲ့ရပါတယ်။ ကျွန်တော် ကျောင်းကပြန်လာတဲ့ တချို့ ညနေတွေမှာလဲ အလုပ်က ပြန်လာမယ့် ယောက်ျားဖြစ်သူကို စောင့်မျှော်နေတဲ့ မိန်းမအုပ်ကြီးကို လင်မျှော်ကုန်းမှာ တစ်ခါတစ်ခါ တွေ့ရပါတယ်။ ဒါဟာဖြင့် စစ်အာဏာရှင်စနစ် အောက်က ပြည်သူတွေရဲ့ ဘဝကို ကျွန်တော် ပထမဆုံး နီးနီးကပ်ကပ် မြင်ဖူးခြင်းပါပဲ။

၂၀၀၁ ခုနှစ် စက်တင်ဘာလထဲမှာတော့ ကျွန်တော် ပဉ္စမနှစ်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါ ကျွန်တော်တို့ လှိုင်သာယာကို တတိယနှစ်တက်ဖို့ ရောက်လာသူတွေကတော့ ၉၆၊၉၇ ခုနှစ်တွေမှာ အထက်တန်း အောင်မြင်ခဲ့တဲ့ ညီငယ်တွေပါ။ ကြို့ကုန်းကို လုံးလုံးမမီလိုက်တဲ့ ပထမဆုံး မျိုးဆက်တွေပဲပေါ့။ ကျွန်တော် သူတို့ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးမှာသာ အတူတကွ တက်ရရင် ဆိုတဲ့ အတွေးကို မတွေးဘဲ မနေနိုင်လောက်အောင်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ စာသင်ချိန်ကာလတွေကိုလဲ ကျွန်တော် နည်းနည်းပြောချင်ပါသေးတယ်။ လှိုင်သာယာမှာ စတက်ရကတည်းက စာသင်နှစ်တစ်နှစ်ရဲ့ စာသင်ချိန်တွေဟာ လေးလမျှသာ ဖြစ်ပြီး (ပုံမှန် တစ်နှစ်နဲ့ ယှဉ်ကြည့်ပါ) သင်ဖို့ရှိတဲ့ ကို့စ်တွေကို အကျဉ်းချုံး ဖြတ်ချပြီး သင်ကြားရတာ မျှသာ ဖြစ်ပါတယ်။ တတိယနှစ်မှာ လက်တွေ့လုပ်ခဲ့ရခြင်း လုံးဝမရှိဘဲ နောက်ကျန်တဲ့ နှစ်တွေမှာသာ အဖြစ်သဘော လုပ်ခဲ့ရပါတယ်။ လှိုင်သာယာကို ကျောင်းပြောင်းရွှေ့လိုက်ခြင်းဟာ အပေါ်ယံမျှသာ ဖြစ်ပြီး လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ ပါဘူး။ တက္ကသိုလ်တစ်ခုမှာ ရှိရမယ့် ဆေးရုံ၊ စာတိုက် အစရှိတာတွေဟာလဲ အိပ်ရာဝင်ပုံပြင် သာသာ ဖြစ်သွားခဲ့ရပါတော့တယ်။ ဘယ်ကိုပဲ ကြည့်ကြည့် အမြဲ ပူလောင်ခြောက်သွေ့နေတဲ့၊ ပပ်ကြားအက်နေတဲ့ ကွင်းပြင်ကြီးတွေဟာ ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာခဲ့ပါဘူး။ တစ်ရက်မှာ ကျောင်းနဲ့ မနီးမဝေးက လယ်ကွက်မှာ နွားနဲ့ လယ်ထွန်နေတာကိုလဲ ကျွန်တော် တွေ့ခဲ့ရပါသေးတယ်။ အဲဒီနေ့က လူတွေအားလုံးကို လယ်ကွင်းပြင်ကြီးတွေဆီ မောင်းချခဲ့တဲ့ ခမာနီ ခေါင်းဆောင် ပိုပေါ့ကို ကျွန်တော် သတိမရဘဲ မနေနိုင်လောက်အောင်ပါပဲ။

၂၀၀၂ ခုနှစ် သင်္ကြန်အပြီးမှာတော့ ကျွန်တော် နောက်ဆုံးနှစ်ကို ရောက်ရှိခဲ့ပါပြီ။ မေလမှာတော့ ကျွန်တော်တို့ EC မေဂျာအနေနဲ့ မန္တလေး၊ မေမြို့၊ မုံရွာ ဘက်ကို ခရီးထွက်ဖြစ်ခဲ့ကြပါတယ်။ အရင်နှစ်တွေတုန်းကတော့ ငွေဆောင်၊ပုဂံ အစရှိတဲ့ နေရာတွေကို ထွက်ခဲ့ကြပေမယ့် ကျွန်တော့် အနေနဲ့တော့ အခုနောက်ဆုံးနှစ်ကို ရောက်မှပဲ လိုက်ပါဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါဟာဖြင့် တက္ကသိုလ် ကျောင်းသားဘဝမှာ ကျွန်တော့်ရဲ့ ပထမဆုံး နဲ့ နောက်ဆုံးခရီးပါပဲ။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ခဲ့ ရလို့ တစ်ဖက်က ပျော်သလောက် ကားဖြတ်သန်းရာ လမ်းတလျှောက်က အမှောင်ထုကြီးတွေထဲမှာ ငြိမ်ဝပ်အိပ်စက်နေတဲ့ မြို့တွေ ရွာတွေကို ကြည့်ရင်း ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ မှတ်မှတ်ရရပါပဲ။ အဲဒီရက်တွေက အထက်အညာတခွင်မှာ မိုးတွေသည်းနေခဲ့ပါတယ်။ ဇွန်လ ကမ္ဘာ့ဖလား ကျင်းပနေချိန်မှာပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် ညောင်တုန်း ဘက်ကို ရောက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ပြည်မှာ အဖမ်းခံခဲ့ရတဲ့ ရဲဘော်တစ်ယောက်က ညောင်တုန်းမှာ နေတယ်ဆိုလို့ပါ။ ကျွန်တော်တို့ သူ့အိမ်လိပ်စာကို ကြိုးစားရှာဖွေခဲ့ပေမယ့် လိပ်စာလွဲနေတာကြောင့်လား မသိဘူး။ သူ့အိမ်ကို ရှာမတွေ့ခဲ့ပါဘူး။

အဲဒီ ကမ္ဘာ့ဖလား ကျင်းပနေချိန်မှာပဲ ကျွန်တော်တို့ကျောင်းရဲ့ မေဂျာပေါင်းစုံ ဘောလုံးပွဲကို ကြို့ကုန်းက ကျောင်းဘောလုံးကွင်းမှာ ကျင်းပခဲ့ကြပါတယ်။ သြဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံးနှစ်စာမေးပွဲကို ဖြေဆိုခဲ့ရပါတယ်။ စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ဖြေဆိုချိန်စေ့စေ့ခြင်းပဲ ကျွန်တော် အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် လှိုင်သာယာမှာ နောက်ဆုံးနေ့ပါ။ နောက်ကို ဘယ်လိုအကြောင်းနဲ့မှ ကျွန်တော် ဒီကို ပြန်ရောက်စရာ အကြောင်းမရှိတော့ပါဘူး။ ဒီနေ့ဟာ အဆုံးပါ။ သုံးနှစ်လုံးလုံး ကျွန်တော်တက်ခဲ့ရတဲ့ ကျောင်းကြီးကို ကျွန်တော် တစ်ချက် ဝေ့ကြည့်မိပါတယ်။ အရိပ်ပေးနိုင်စွမ်း မရှိသေးပေမယ့် တချို့အပင်ကလေးတွေကတော့ အတော့်ကို ဖားဖားဝေဝေ ဖြစ်နေကြပါပြီ။ ကျွန်တော့်ရင်ထဲမှာတော့ နာနာကျင်ကျင် ခံစားနေရပါတယ်။ ကျွန်တော်တို့ရဲ့ ဘူမိနက်သန် ကြို့ကုန်း ကျောင်းတော်ကြီးမှာ ပြန်တက်ရဖို့ နောင်မျိုးဆက် ဘယ်နှစ်ဆက်အထိများ စောင့်ရဦးမလဲ ဆိုတဲ့ အတွေးနဲ့ပါ။ ကျွန်တော် တွေးနေတုန်းပဲ ဟိုးအဝေးမှာ မိုးသားတိမ်လိပ်တွေ တွားတက်လာတာ တွေ့ရပါတယ်။ အကာအကွယ်မဲ့ ကွင်းပြင်ကြီးထဲမှာ ကျွန်တော် ထီးတည်း ဆက်ရပ်နေမိတယ်။ ဒီအချိန်မှာပဲ ဆရာဗန်းမော်တင်အောင်ရဲ့ ”လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ ဖြတ်သန်းနေတဲ့ သမိုင်းခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူ ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမှာပဲ” ဆိုတဲ့ စကားကို ကျွန်တော် သတိရမိလိုက်ပါတယ်။ ကျွန်တော် ရှေ့ဆက်မသွားနိုင်သေးဘဲ ရပ်မြဲရပ်ရင်း စဉ်းစားနေမိပြန်တယ်။ ကျွန်တော် ရှေ့ကိုတိုးလိုက်တာနဲ့ ကျွန်တော့် တက္ကသိုလ်ကျောင်းသား ဘဝဟာ လုံးဝ ပြီးဆုံးသွားပါတော့မယ်။ ရှေ့မှာဘာတွေ ရှိသလဲ။ နောက်မှာ ဘာတွေကျန်နေခဲ့ပြီလဲ ။ ဒီမှာပဲ စောစောက မိုးတိမ်တွေကြားက နေရောင်တွေက ကျွန်တော့်အပေါ် လက်ဖြာကျလာတယ်။ ကျွန်တော့် အတွေးတွေကို ရပ်လိုက်ပြီး လွယ်အိတ်ကို ပြင်လွယ်လိုက်ရင်း ရှေ့ကို တစ်လှမ်း တိုးလိုက်တယ်။ အဲဒီမှာပဲ ကျွန်တော့်ပခုံးပေါ်မှာ ကျောင်းသားဘဝ တလျှောက်လုံး ရှိနေခဲ့တဲ့ ကျောင်းသား တစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေဟာ မျိုးဆက်သစ် ကျောင်းသားကျောင်းသူ တွေရဲ့ ပခုံးပေါ်ကို အလိုအလျောက် လွှဲပြောင်းရောက်ရှိသွားတော့တယ်။ ကျွန်တော့်ပခုံးပေါ်မှာ ရှိမြဲ ဖြစ်တဲ့ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန် နဲ့ ဝတ္တရားတွေကို ဆက်လက်ထမ်းပိုးရင်း ကျွန်တော် ရှေ့ဆက်ထွက်ခဲ့ပါတော့တယ် ။ ။

ညိုထက်ညို

(မဇ္ဈိမအင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီးသော ဆောင်းပါး ဖြစ်ပါသည်။)