Latest News

Wednesday, June 7, 2017

လေယာဉ်ပျောက်ည


လေယာဉ်ပျောက်ည
---------------------

| ခွန်းသု |

မြင်းခွာအော်မှာ တွေ့နေပြီဟု အတိအကျနီးနီး သတင်းစကားရသည်။

သို့သော် . . . ၊
(၂)

ညနေပိုင်းတွင် တပ်မတော် လေယာဉ်တစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုချက်ရသည်။ မောင်းမကန်ဘက်တွင်ဟု ဆိုသည်။

မောင်းမကန်ကို ရဲကားအချို့၊ လူနာတင်ယာဉ်အချို့လည်း ဆင်းသွားသဖြင့် ဟုတ်မည်ဟု မှတ်လိုက်သည်။ လေယာဉ်ပျောက် အတည်ပြုချက် သတင်းပို့ရန် နည်းနည်းပါးပါးတည်းဖြတ်ပြီး နောက်ဆက်တွဲ ဆက်လိုက်သော အခါ မောင်းမကန်ဘက်မဟုတ်၊ ထားဝယ်မြို့၏ တောင်ဘက် မိုင် ၅၀ ခန့်အကွာက မြင်းခွာအော်နားမှာ ပျက်သည်ဟု ဆိုပြန်သည်။

ဟုတ်ပြီ။ တော်တော်ဝေးပေမဲ့သွားရမည်ပေါ့။

မကြာပါ မောင်းမကန်ဘက်မှ ပြန်လာပြီး မြင်းခွာအော်ရှိရာ ထားဝယ်ကျွန်းဆွယ် (လောင်းလုံးမြို့နယ်) ဘက် ဆင်းသွားသော ရဲကားများ၊ လူနာတင်ယာဉ်များကြောင့် ဒီတစ်ခါတော့ သေချာပြီဟု တွက်လိုက်သည်။
မြေပြင်သတင်းမလိုက်ဖြစ်တာ ကြာနေတော့ ရင်တောင် ခုန်ချင်သလိုလို။

ညနေခြောက်နာရီခွဲလောက်မှ ထွက်ဖြစ်တာ ဆိုတော့ ဒီည အိမ်ပြန်လာချင်မှ လာဖြစ်မယ်ဆိုပြီး အဆင်ပြေတဲ့နေရာ ထိုးအိပ်လို့ရအောင်ဆိုပြီး Sleeping Bed ရှာသည်။

မတွေ့။

သြော်ဟုတ်သားပဲ၊ ရန်ကုန်မှာ ကျန်ခဲ့တာကိုး။

ထိုနှင့် ကမ်းခြေသွားရင် ယူနေကြ စစ်ပုခက်ကိုပဲ ယူပြီး လက်နက်ကိရိယာ အစုံနဲ့ စလစ်တော့သည်။

အခြား မိတ်ဆွေ သတင်းထောက်တစ်ဦးကလည်း သွားခါနီးဆိုတော့ တူတူသွားမည်ဟု ချိန်းလိုက်သည်။ မှောင်ခါစလည်းဖြစ်၊ ဝေးကလည်း ဝေးဆိုတော့ အဖော်ပါမှ ကောင်းမှာကိုး။ ဆိုင်ကယ် တစ်ယောက်တစ်စီး စီ။ နှစ်ယောက်တစ်စီးဆို သိပ်မြန်မြန်မောင်းလို့ မကောင်းလှလေ။

ကံကောင်းသည့် တစ်ချက်က တစ်နေကုန် မိုးလေးရွာလိုက်၊ မိုးလေး အုံ့လိုက်ဖြစ်နေတဲ့ ထားဝယ်ရာသီဥတုက ညနေပိုင်းတွင် မိုးတိတ်နေသည်။
ဘယ်ရမလဲ ဆိုင်ကယ်ကတော့ မိုင်ကုန်ပဲပေါ့။

အဲဒီလေယာဉ်တွေ့တယ်ဆိုတဲ့ နေရာကို မြန်မြန်ရောက်ချင်ပြီလေ။ မျက်မြင် သတင်းပေးပို့ချက်တွေ လုပ်ချင်ပြီ။

မကြာပါဘူး၊ ၁၅ မိနစ်လောက်ပဲ မောင်းရသေးတယ်၊ အတူသွားတဲ့ မိတ်ဆွေ ဆိုင်ကယ်က ဖောက်လာရော၊ လီဘာဆွဲလို့ မလိုက်တော့ပေ။

အဲဒီအချိန် နည်းနည်း မိုးချုပ်စပြုနေပြီ။

သို့နှင့် ရောက်နေသည့် ရွာမှာပဲ အိမ်တစ်အိမ်ဝင်၊ ကျွန်တော်တို့ ဘယ်သူ ဘာညာ ဘယ်ကပါပေါ့၊ အဲဒီ လေယာဉ် သတင်းသွားလိုက်မလို့ဟာ အခု ဆိုင်ကယ်ပျက်သွားလို့ ခဏထားခဲ့ပါရစေပေါ့။

အိမ်ရှင်ကလည်း လိုလိုလားလားပါပဲ၊ ကိုယ့်စာစောင် စာဖတ်ပရိသတ်တောင် ဖြစ်နေသေး။

“အေး ရပါတယ် ထားခဲ့၊ ငါတို့လည်း အဲဒီ လေယာဉ်ပျက်အကြောင်း ပြောနေတာ”တဲ့။

စိတ်မပူနဲ့ ဘာညာပြောလိုက်သေး။ မေးတောင်လိုက်သေး၊ မိုးကာပါလား၊ ယူသွားကြမလားတဲ့၊ ကိုယ်တွေက ရပါတယ် ဆိုပြီး။

အခုတော့ နှစ်ယောက်တစ်စီးဖြစ်သွားလေပြီ။

လမ်းမှာမောင်းရင်း သူ့ကို ပြောကြည့်သည်။ နှစ်ယောက်ဆို သိပ်ခရီးမတွင်လှ၊ ကိုယ့်ထက် ခန္ဓာကိုယ် နှစ်ဆ ကြီးသည်။ ကိုယ်က ဆိုင်ကယ်မောင်းရတာ သိပ်မတွင်လှ။

ထိုကြောင့် လမ်းက လောင်းလုံးမြို့ပေါ်ရှိ အမျိုးအိမ်တစ်အိမ်မှာ ဆိုင်ကယ်ဝင်ငှားသည်။

တစ်ယောက်တစ်စီးစီနဲ့ ထပ်ခရီးဆက်ရင်း သိပ်မကြာလှ ရွာကြီး နှစ်ရွာခန့် ဖြတ်ပြီးနောက် ဂေါ့အင်းရွာအထွက်တွင် သူ့ဆိုင်ကယ် ဘီး လေနည်းလာပြန်သည်။ သို့နောက် နောက်တစ်ရွာ အောက်ရေဖြူ ရွာအ၀င်တွင် လေထိုးသည့် ဆိုင်လိုက်ရှာသည်။ နည်းနည်းလည်း မိုးချုပ်နေပြီမို့ ဆိုင်တွေက ပိတ်ကုန်ပြီ။

ရွာခံတွေကို မေးစမ်းနေတုန်း လူနာတင်ယာဉ်တစ်စီး ဥသြဆွဲရောက်လာရော။ သေချာသည် ဟို လေယာဉ်ပျက်နေရာကိုသွားမည့် ယာဉ်ပဲ။ ဒါနဲ့ ခင်ဗျား လိုက်သွားတော့ ဆိုတော့ သူက လက်တားသည်။

ဟိုယာဉ်ကလည်း ရပ်ပေးသည်။ လိုက်လို့ရမလားဆိုတော့၊ ရ၏။
အသို့ဖြင့် ငှားလာသော ဆိုင်ကယ်ကို ထိုနားက ဘုန်းကြီးကျောင်းအတွင်း ခဏထားခဲ့ရပြန်သည်။

ဆိုတော့ တစ်ကိုယ်တော် ခရီးဆက်ပေါ့။

မွေးသည့် မြေ (မြို့နယ်) ဆိုပေမဲ့ အောက်ရေဖြူရွာအထိသာ သွားသွားလာလာ အကြိမ်ကြိမ်လုပ်ဖူးတာ၊ အဲဒီ တောင်ဘက်ရွာတွေသိပ်မသွားလှ၊ တခါခါ ရှင်မော် ဘုရားဖူးလေး ဘာလေးတော့ ရောက်သည်ရှိသည်ပေါ့လေ။

ကျောက်နီမော်ရွာမှာ တွေ့တယ်လို့ သတင်းအချို့မှာ တွေ့လို့ အဲဒီရွာဘက်ရောက်တော့ နည်းနည်းလေး စူးစမ်းကြည့်သေးသည်။

သို့သော် မရှိ၊ မြင်းခွာအော်ဟု သာပြောသည်။

ကျောက်နီမော်ကနေ မြင်းခွာအော် အတော်သွားရသေးသည်။

အဲဒီရွာတွေကနေစပြီး လူတွေ စုစု၊ စုစု နဲ့ တစ်စုံတစ်ရာကို တွတ်ထိုးပြောနေပုံများ တော်တော်များများ တွေ့ရသည်။

ဒေသထုံးစံအရ တစ်ခုခု ထူးခြားမှု ရှိနေသည်မှာ သေချာသလောက်။
စိတ်ထဲတွင် တစ်ခုခုတော့ သေချာနေပြီ ထင်လိုက်သည်။

ကျောက်နီမော်နှင့် ထားဝယ်အငူ အစွန်းဆုံး ရှင်မော်ဘုရား လမ်းသည် တော်တော်လှသည်။ မှောင်နေပေမင့် လရောင်အသင့်အတင့်ရှိနေတာ၊ မိုးလေးကလည်း တိတ်နေတာဆိုတော့ တကယ့်ကို ပင်လယ်အလှတွေ့ရသည်။ ငါးဖမ်းလှေကလေးတွေဆို မီးလေးမှိတ်တုတ်မှိတ်တုတ်။

သို့သော် အဲသည်တို့ကို မခံစားနိုင်၊ စိတ်ထဲမှာ မြင်းခွာအော်မြန်မြန်ရောက်ဖို့သာ ဇောကပ်နေသည်။ မြေပြင်အခြေအနေကို မြန်မြန် သတင်းပို့ချင်နေသည်။

ဒါမှ ရန်ကုန်ရုံးက မနက်ဖြန် သတင်းစာ အထွက်မီမည်ကိုး။

ကဲ . . . ရောက်ပါပြီ၊ မြင်းခွာအော်။

တကယ့်ကို စိတ်ခြောက်ခြားစရာပင်၊ အက်ရှင်ရုပ်ရှင်ကားတွေထဲက မှုခင်းမြင်ကွင်းလိုဖြစ်နေသည်။ လူနာတင်ယာဉ်တွေ မနည်းမနော၊ သုံးလေးဆယ်လောက်ရှိမည်၊ မီးသတ်ကားလည်းရှိသည်။

ကိုယ်နားမလည်သော ကယ်ဆယ်ရေး ကားအချို့ပင်ပါသေး။

မီးသတ်သမားဝတ်စုံ ၀တ်ထားသူ ရာချီသည်၊ အခြားကြက်ခြေနီ၊ လူမှုရေး အသင်းအဖွဲ့ ၀တ်စုံတွေ ၀တ်ထားသူလည်း ရာချီသည်။

သို့သော် သူတို့ကြည့်ရတာ သိပ်လှုပ်လှုပ်ရှားရှား မရှိလှ၊ အေးဆေး။
မေးစမ်းကြည့်လိုက်တော့၊ ဘာမှ မတွေ့သေးဘူး၊ သူတို့လည်း သတင်းတွေမှာ တွေ့လို့လာတာတဲ့။ အချို့ သတင်းဌာနတွေကို နာမည်တပ်ပြီး အဲလိုတော့ မသေချာဘဲ မရေးသင့်ဘူး ပြောနေတာ ကြားခဲ့။

ကယ်ဆယ်ရေးယာဉ်တစ်စီးကမူ လှိုင်းပုတ်သံခပ်ကြမ်းကြမ်းရှိကာ ကမ်းခြေဘက်ကို ကယ်ဆယ်ရေးသုံးမီးဖြင့် မီးအားကုန်ထိုးထားသည်။

ကမ်းခြေမှာလည်း လူတွေ ရာဂဏန်း၊ ယူနီဖောင်းနဲ့ကော၊ သာမန်အရပ်သားဝတ်စုံနဲ့ကော။

ဟ . . . ဘာဖြစ်တာလဲပေါ့။

တွေးပြီး ဆင်းသွားရုံရှိသေး၊ သွားမယ်၊ သွားမယ်ဆိုပြီ အဲဒီလူအများစု ပြန်တက်လာကော။

ဘာဖြစ်လို့လဲ မေးလိုက်တော့၊ တီဇစ်သွားစောင့်မှ ရမယ်တဲ့။

တီဇစ်ဆိုသည်မှာ ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်သည်။ လမ်းမှာ ဖြတ်ခဲ့ပြီးသော ရွာဖြစ်သည်။ (ရွာကတော့ လမ်းမကြီးကနေ ပင်လယ်ဘက် သီးခြားထွက်သွားရသည်)

မြင်းခွာအော်ကိုရည်ညွန်းရင်း ဒီမှာလည်း မရှိဘူး၊ ဟိုမှာ သွားစောင့်ရမည်ဟု ပြန်ထွက်သွားကြပြန်သည်။

မကြာပါ၊ သုံးလေးဆယ်သော လူနာတင်ယာဉ်တွေသည်လည်း အလျိုလျိုပြန်ကုန်ကြလေသည်။ ထိုမြင်းခွာအော်တွင် စားသောက်ဆိုင်တစ်ဆိုင်ကလွဲပြီး နေစရာ၊ စားစရာများများစားစား မရှိလှရာ ရွာကြီးအချို့တွင် ကားရပ်ရင်း ညအိပ်မည်၊ စတည်းချရင်း ကယ်ဆယ်ရေးအတွက် အသင့်စောင့်နေမည်ဟု သူတို့ တွက်ဆကြသည်။

နောက်ဆုံး လောင်းလုံးမြို့ပေါ်တွင် စတည်းချသူချ၊ အချို့ကလည်း ထားဝယ်ပြန်သူပြန်ပေါ့လေ။

ဆိုတော့ အနေအထားအချို့သိလိုက်ရသဖြင့် သတင်းတော့ ပို့မှဖြစ်မယ်ဟုတွေးကြံကာ အနီးအနားတွင် တယ်လီဖုန်းနှင့် အင်တာနက် လိုင်းရနိုင်တာ ဘယ်နားဟု မေးစမ်းရသည်။ လိုင်းမိနိုင်တာနော်၊ ကောင်းတာမဟုတ်။

သို့ဖြင့် လူနာတင်ယာဉ်ဖြင့် မြင်းခွာအော်ကို စောရောက်နေသော မိတ်ဆွေနှင့် အတူ ထားဝယ်အငူအစွန်းက ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော် သို့ရောက်သွားတော့သည်။

ပထမဆုံး ရန်ကုန်ကို သူများဖုန်းဖြင့် လှမ်းဆက်တော့ (ကိုယ့်ဖုန်းက လိုင်းမမိ) မနက်ဖြန် သတင်းစာ အတွက် မမီတော့။ နောက်ဆုံး ထားဝယ်က စောင့်နေသည့် အယ်ဒီတာဆီ မိတ်ဆွေ သတင်းထောက်နှင့်အတူ လှမ်းချိတ်၊ ရသလောက်သတင်းတွေ ပို့ပေါ့။

လိုင်းက ဘယ်လောက်ထိဆိုးလဲဆို ဓာတ်ပုံချည်းဆို ဆိုက်ကြီးလို့ ဓာတ်ပုံကို Word File ထဲထည့်ပြီး ပို့မှ ထွက်သည့် အဖြစ်။

သတင်းလေး ဘာလေးပို့ပြီးမှ ဘုရားလေးဘာလေး ဦးချ။
ပြန်မယ်ဆိုပြီး အထွက်မှာမှ ဂေါပက အဖွဲ့ခေါင်းဆောင်နဲ့ တွေ့၊ စကားပြောဖြစ်။

လေယာဉ်ကိစ္စပြောတော့ သူက ရှင်းပြရှာသည်။

“အဲဒီ (လေယာဉ်ပျက်ကျတယ်ဆိုတဲ့) နှစ်နာရီခွဲ သုံးနာရီ အချိန်က ဒီနားမှာ မိုးတစ်အားရွာ၊ လေတစ်အားတိုက်နေတာ”

ပျက်ကျသည့်တိုင် လေယာဉ်ကို မြင်ဖို့ မလွယ်သလို၊ အသံလည်းကြားဖို့ မလွယ်ကြောင်းသူက ဆက်ပြောသည်။

“ဒီနေ့ ရွာက ငါးဖမ်းလှေတွေတောင် မထွက်ဘူး”

သူနဲ့စကားပြောပြီးတော့ ည ၁၀ နာရီ ခွဲနေပြီ။ ဘုရားစောင်းတန်းက စားသောက်ဆိုင်တွေလည်း ပိတ်ပြီ။ ညစာငတ်ပြီ။

ဘယ်တတ်နိုင်မလဲလေ ဆိုပြီး ပြန်လာတော့ မြင်းခွာအော်မှာ လူနည်းနည်းကျန်သေးသည်။ ပုံမှန်အားဖြင့် ရှင်မော်ဘုရားဖူးဧည့်သည်တွေ ထိုင်တတ်၊ မြင်းခွာအော်ကမ်းခြေလာသူများ စားသောက်တတ်သော ရွာဖြစ် စားသောက်ဆိုင်လေးမှာ မီးလင်းနေ၊ လူရှိနေသည်။

တစ်ခုခုတော့ စားစရာရှိမှာပါလေဆိုပြီးဝင်သွား၊ အထဲမှာ မီးသတ်တပ်ဖွဲ့ဝင်အချို့၊ ကယ်ဆယ်ရေး ၀တ်စုံဝတ်အချို့နှင့် အတူ တပ်မတော်အရာရှိ အချို့ပါတွေ့ရသည်။

စားစရာမှာတော့ ထမင်း၊ လက်ဖက်သုတ်နှင့် ခေါက်ဆွဲပြုတ်ရသည်။ သည်လိုပဲ လွေးပေါ့။ ညနက်စာနီးနေပြီဖြစ်တဲ့ ထမင်းက ကျက်ခါစ၊ ပူပူနွေးနွေး။

ထမင်းစားနေရင်း တပ်မတော်သားအချို့ ထပ်ရောက်လာသည်။
ဆက်သွယ်ရေးစက်ဆင်သူက ဆင်၊ စားသောက်စရာ မှာသူက မှာ၊ အဲ . . . ဖုန်းဘက်ထရီသွင်းဖို့ လျှပ်စစ်ပလပ်ပေါက် ရှာသူက ရှာ။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိုးရာသီမို့ ပိတ်ထားတာကြာပြီဆိုသောဆိုင်ကလေးမှာ သည်နေ့ လူစည်နေသည်။ စစ်သား တစ်အုပ်အတွက် ထမင်းနှင့် ကြက်ကာလသားဟင်း ချက်ပေးနေသည်။

သို့နှင့် စားသောက်ပြီးတော့ မိတ်ဆွေသတင်းထောက်က အကြီးဖြစ်ဟန်တူသည့် တပ်မတော် အရာရှိထံ ချည်းကပ်စနည်းနာသည်။

သူက ဖော်ဖော်ရွေရွေပင် “ကျွန်တော်တို့ ဘာမှ မတွေ့သေးဘူး။ မထူးသေးဘူး၊ ထူးရင်ပြောပါ့မယ်”ဟု ပြန်ဖြေသည်။

ထိုနောက်သူတို့လည်း သူတို့အလုပ်သူတို့ ရှုပ်နေသည်။ အခြားတစ်ဖွဲ့လည်း တီဇစ်မှာ သွားပြီး အသင့်ပြင်နေပုံရသည်။

“မနက်ဖြန် မနက် ၅ နာရီ တီဇစ်မှာ မင်းသား”ဟု တစ်ချက်ကြားလိုက်သည်။

နောက်ပြီး တီဇင်ရွာတွင် ညအိပ်ဖို့ ဘာညာ အဆင်ပြေအောင်စီစဉ်ရန် မှာနေသည်။

ဆိုတော့ နောက်ထပ်ရသည့် သတင်းများအရ ဇွန်လ ၇ ရက်နေ့ လေယာဉ်ပျောက်ရှာသည့် အစီအစဉ် ရပ်လိုက်ပြီ။ မနက်မှ ထပ်ရှာမည်။
ဒီတော့ ပြန်ရုံပဲ ရှိတာပေါ့။

ဆိုင်ပြင်ကို ကြည့်လိုက်တော့ မိုးက နည်းနည်းစရွာနေပြီ။ ည ၁၂ နာရီလည်း ထိုးနေပြီ။ နောက်ထပ် မိုင်ငါးဆယ်လောက် ခရီးနှင်မှ အိမ်ပြန်ရောက်မည့် ကိန်း၊

သို့သော် မတတ်နိုင်၊ ဒီမှာတော့ အိပ်ဖို့ အဆင်မပြေ၊ ရှင်မော်ဘုရား ဂေါပကတော့ သူတို့ဆီမှာ အိပ်ဖို့ စောစောက ဖိတ်သေးသည်။ သို့သော် အိမ်သာပြန်ချင်နေသည်။

ထိုသို့ဖြင့် သည်နေ့ အဖို့ လေယာဉ်ပျောက်ည ရှာပုံတော်ခရီး တပ်ခေါက်ရမည်ပေါ့။

အပြန်လမ်းချီလို့ စပြီးသိပ်မကြာ၊ မိုးက တစ်ဖွဲဖွဲမှ ခပ်သည်းသည်း ရွာတော့သည်။ ဆိုင်ကယ်မီးရောင်ကလည်း သိပ်မကောင်း၊ မိုးကလည်းသည်းဆိုတော့ အလာတုန်းက ဒိုင်းစိုင်းခဲ့သော ဆိုင်ကယ်ကို ဇက်ကြိုးတပ်မောင်းရသည်။

လာတုန်းက လူစုစု၊ စုစု နှင့် ရွာကလေးများမှာ အားလုံးအိပ်မောကျကုန်ပြီ။ မီးအားလုံးမှိတ်ကုန်ပြီ။

မျက်တောင်ကို လာလာရိုက်တော့ မိုးစက်များကို အံတု၊ လမ်းကို (လမ်းဟုသိရုံကလွဲပြီး) ရှင်းရှင်းလင်းလင်းမမြင်ရ၊ ဘေးက အပင်တွေ၊ အိမ်တွေနဲ့ မှန်းဆပြီး အပြန်လမ်းက တော်တော်စိတ်ရှည်သည်းခံခဲ့ရသည်။

ကြားထဲ ဆိုင်ကယ်ဆီအပ်က သုညနား နီးလာ၊ ဓာတ်ဆီဝယ်ဖို့ ဆိုင်လိုက်ရှာတော့ အကုန်ပိတ်၊ အိမ်း . . . ည ၁၂ နာရီလည်း ကျော်ပြီကိုး။ ဆိုင်တွေ နှိုးလို့လည်း မရ။

နောက်ဆုံး လေယာဉ်ပျက်ဆိုတဲ့ နေရာကို ယုံမှားလာမိပြီး မိုးအေးလို့ ပိတ်သိမ်းထားတဲ့ လမ်းဘေးဆိုင်မှာ နားနေတဲ့ ချာတိတ်သုံးဦး ကူညီလို့သာပဲ ဓာတ်ဆီရသွားသည်။

နို့မို့ဆို မိုင် ၅၀ ကျော်ခရီး ဘယ်နားဆီပြတ်မည်ဆိုတာ မပြောနိုင်။

မှောင်မှောင်နှင့် မည်းမည်း ဆိုင်ကယ်တွန်း ပြန်ရမည့် အဖြစ်လားမသိ။
မိုးကလည်းသည်း၊ ဆိုင်ကယ်စီးရလည်း ခက်လာတော့၊ ကြားထဲက ရွာတစ်ရွာမှာ ၀င်အိပ်ကြမလားဆိုပြီး နှစ်ဦးသား ညှိကြသေးသည်။

နောက်ဆုံးတော့ အရောက်သာ ပြန်ခဲ့တော့သည်။

လောင်းလုံးနဲ့ ထားဝယ်ကြားကတော့ လမ်းမီးတိုင်လေး ရှိလို့ နည်းနည်းသက်သာသည်။ သို့သော် မိုးက သည်းတုန်း။

အသွားအပြန် မိုင် ၁၀၀ ကျော် ဆိုင်ကယ်ခရီးကနေ အိမ်ပြန်ရောက်တော့ ည ၂ နာရီ ခွဲ နေပြီ။ အိပ်ယာပေါ်တခါခါ စောင့်နေတတ်တဲ့ ဖိုးညိုလေးတောင် ဒီနေ့ မတွေ့တော့ပါလား။

အင်း . . . ၊

လေယာဉ်ပျောက်ညလည်း တော်သေးသည်ပေါ့လေ။ သူများတွေ ဘယ်လို လွယ်လွယ်တွေ့နေလဲတော့ မသိ၊ ကိုယ်တွေ ခမျှာ မလွယ်။

ဘာပဲ ဖြစ်ဖြစ် ကိုယ့်အိပ်ယာလေးကို ဘေးမသီဘဲ ပြန်ရောက်ပေလို့။
အခုတော့ မနက်ဖြန်အတွက် အားမွေးရဦးမယ်လေ။ လေယာဉ်ပျောက်က မနက်ဖြန်တွေ့ချင်လည်း တွေ့နိုင်တာကိုး။ ။

ခွန်းသု
ဇွန်လ ၈၊ ၂၀၁၇၊
နံနက် လေးနာရီ၊
သောကြာပြင်ရွာ၊ လောင်းလုံးမြို့နယ်၊ ထားဝယ်။

ဓာတ်ပုံက မြင်းခွာအော်ကမ်းခြေက ပြန်နေတဲ့ ကယ်ဆယ်ရေး ယာဉ်တစ်စီးပါ၊
Thu Rein Hlaing