Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 21, 2017

မိဘနဲ့သားသမီးတွေကြားက ဆက်ဆံရေးသုံးမျိုး


အမှန်တော့ အဲ့ဒီကလေးမလေးဟာ ဟောပြောပွဲမှာ နောက်ဆုံးထမေးတဲ့ ကလေးမလေးပါ။ဘယ်သူ့ကို မေးတာလဲဆိုတော့ ဆရာလင်္ကာရည်ကျော်ကို မေးတာပါ။ဆရာမ ဂျူးနဲ့ ဆရာဦးစိုးလွင်က သားသမီး မရှိတာကြောင့် ခုလိုမျိုး မိဘနဲ့သားသမီးကြားက ဆက်ဆံရေးလေးတွေနဲ့ ပတ်သက်လာတဲ့အခါ ဆရာကပဲ ဖြေပေးရပါတယ်။ တော်တော်များများကတော့ သမရိုးကျ မေးခွန်းလေးတွေ မေးသွားကြပေမဲ့ ဒီကလေးမလေးရဲ့မေးခွန်းကတော့ ရိုးရိုးလေးနဲ့ တွေးစရာတွေ ပါနေခဲ့ပါတယ်။တွေးစရာ ပါတယ်လို့ ဘာလို့ပြောရသလဲဆိုရင် ကျွန်မကိုယ်တိုင်ကိုက သူမေးသလိုမျိုး အရင်က တစ်ခါမှ မတွေးခဲ့ဖူးလို့ပါပဲ။

သူ့ရဲ့ မေးခွန်းလေးကို မပြောခင် မိဘနဲ့သားသမီးတွေကြားက ဆက်ဆံရေးကို ကျွန်မတို့ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သုံးမျိုးရှိတယ်ဆိုတာ တွေ့ရပါတယ်။ပထမတစ်မျိုးက မိဘတွေဟာ ကိုယ့်သားသမီးတွေ အရွယ်ရောက်လာရင် လျှို့ဝှက်တတ်ကြတဲ့ လျှို့ဝှက်ချက်လေးတွေပါ သိချင်တာကြောင့် ရင်းရင်းနှီးနှီးနဲ့ သူငယ်ချင်းပေါင်း ပေါင်းတတ်ကြပါတယ်။တစ်နည်းအားဖြင့် အဖေဆိုရင် အစ်ကိုလို ၊ အမေဆိုရင် အစ်မတစ်ယောက်လို ဆိုပါတော့။နောက်ဆက်တွဲ ဘယ်လိုဆက်ဖြစ်လဲဆိုတာ မပြောသေးဘဲ နောက်ထပ် ဒုတိယတစ်မျိုးကို ဆက်ပြောချင်ပါတယ်။အဲ့ဒါကတော့ မိဘစကားဆို နားကိုနားထောင်ရမယ်ဆိုတဲ့ ပညတ်ချက်နဲ့ အုပ်ချုပ်တာပါ။နားမထောင်ရင် နားထောင်လာအောင် စိတ်အပင်ပန်းပေးတာမျိုးတွေကိုလည်း တွေ့ရှိရပါတယ်။အဲ့ဒီအမျိုးအစားမှာတော့ မိဘကို ချစ်တဲ့သားသမီးနဲ့ မိဘကို မချစ်တဲ့ သားသမီးဆိုပြီး နှစ်မျိုး ပေါ်ထွက်လာပါတယ်။အဲ့ဒါကိုလည်း ဆက်မပြောဘဲ နောက်ဆုံး အမျိုးအစားတစ်မျိုးကို ဆက်ပြောပြပါ့မယ်။အဲ့ဒါကတော့ လွတ်လပ်မှုကို ပေးသင့်သလောက် ပေးထားပြီး သားသမီးပြောသမျှ လုပ်သမျှကို လက်ခံပေးတယ်။ဒါဟာ မှားနေပြီ အခြေအနေမဟန်ဘူးဆိုတာ မြင်ရင် သတိပေးလိုက်ပြီး ထိန်းချုပ်လိုက်တဲ့ မိဘတွေမျိုးတွေပါပဲ။

ဒါတွေဟာ ကျွန်မ တွေ့ဖူးသမျှ မိဘတွေဆိုပါတော့။ဒါဆို အဲ့ဒီကောင်မလေး ဘာမေးတယ်ဆိုတဲ့ မေးခွန်းလေးအကြောင်းကို ကျွန်မ အရင် စချင်ပါတယ်။သူလေးရဲ့ အသက်ဟာ ၁၉နှစ်ရှိနေပါပြီ။သူ့အမေနဲ့သူဟာ သူငယ်ချင်းပေါင်း ပေါင်းပြီး ပွင့်လင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။အမေအပေါ် ပွင့်လင်းတယ်ဆိုတဲ့ အဓိကအချက်ဟာ ကျွန်မ ခန့်မှန်းမိသလောက်တော့ သူ လွတ်လွတ်လပ်လပ် နေချင်လို့ပါပဲ။ချုပ်ချယ်ခံရတဲ့ လူတိုင်း လွတ်လပ်မှုကို တပ်မက်ကြပါတယ်။လွတ်လပ်ခွင့်ရဖို့အတွက် သူလည်း နည်းလမ်းလေးတွေ ရှာခဲ့တယ် ထင်ပါတယ်။ဒါပေမဲ့ သူ ဘယ်လောက်ပဲ လျှို့ဝှက်ချက်မထားဘဲ အမေကို ပွင်ပွင့်လင်းလင်း ပြောပါစေ၊သူလေးရဲ့အမေကတော့ ချုပ်ချယ်မြဲ ချုပ်ချယ်စမြဲပါပဲ။ဒီတော့ သူ စတွေးပါပြီ။ဒီလိုမျိုး ပွင့်လင်းတာကပဲ သူ့လွတ်လပ်ခွင့်ကို ရုတ်သိမ်းသွားတာလားဆိုပြီးတော့ပေါ့။ဒါဟာ ကျွန်မ ပြောခဲ့တဲ့ ပထမအမျိုးအစားထဲမှာ ပါသွားပါပြီ။

တချို့မိဘတွေဟာ အားလုံးကို သိနေတဲ့အတွက် တွေးပူတတ်ကြတာပါ။ဘာမှ မသိထားဘူးဆိုရင်တောင် သားသမီးအပေါ်ထားတဲ့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် အေးဆေးနေလို့ရပါသေးတယ်။ခုက အားလုံးကို သိနေတဲ့အတွက် မကောင်းတာ တစ်ခုခုကို တစ်ဇွတ်ထိုးလုပ်သွားမလားဆိုပြီး စိုးရိမ်တတ်ကြတာပါ။အဲ့ဒါဟာ သားသမီးတွေအတွက် ချုပ်ချယ်သလို ဖြစ်သွားတတ်ကြပါတယ်။အမှန်တော့ ကိုယ့်သားသမီးကိုယ် သိပ်ချစ်လွန်းတာကြောင့်သာ ဖြစ်သွားရတာပါပဲ။ဒီနေရာမှာ ဆရာပြန်ဖြေတဲ့ သားသမီးက မိဘတွေအပေါ် ချစ်တဲ့စိတ်ဆိုတဲ့အဖြေလေးကို သိပ်သဘောကျရပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မ ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် ပြေးမြင်သွားမိလို့ပါပဲ။ဆရာက သမီးအမေ ချုပ်ချယ်သလို သမီးက နေတာပဲလား ၊ ဘာမှ ပြန်မပြောဘူးလားလို့ ရုတ်တရက် မေးချလိုက်တဲ့အခါ အဲ့ဒီကောင်မလေး တဒင်္ဂတော့ ဆွံ့အသွားပါတယ်။

ဆရာက သူလေးရဲ့စိတ်ကို မြင်ပြီးသားမို့ အဲ့ဒီမေးခွန်းမေးတယ်ဆိုတာ ကျွန်မ အစကတော့ နားမလည်ခဲ့ပါဘူး။အဲ့ဒါကို ပြောပြဖို့အတွက် ဒုတိယအမျိုးအစားထဲမှာပါတဲ့ မိဘတွေအကြောင်းကို ပြောရပါလိမ့်မယ်။အဲ့ဒီအတွက် အဲ့ဒီကောင်မလေးရဲ့ရှေ့မှာ မေးခွန်းမေးထားတဲ့ နောက်ထပ်တစ်ယောက်အကြောင်းကို ပြောရပါလိမ့်မယ်။ဒီလိုပါ ၊သူမေးတာက သူ့အကြောင်းတော့ မဟုတ်ပါဘူး။သူ့အသိုင်းအဝိုင်းထဲက မိသားစုတစ်စုအကြောင်းကို ပြောပြပြီး မေးတာပါ။ကျွန်မ မှတ်မိသလောက် ပြောရရင် အဲ့ဒီမိသားစုမှာ မိဘတွေရယ် အစ်မတစ်ယောက်ရယ် ရှစ်တန်းတက်နေတဲ့ အငယ်ဆုံးကောင်မလေးတစ်ယောက်ရယ် ရှိကြတယ်ပေါ့။အဲ့ဒီရှစ်တန်းကောင်မလေး ရည်းစားထားတာကို မိဘတွေက သိသွားတော့ ဘယ်မှမသွားရဘူးဆိုပြီး အိမ်ထဲမှာပဲ ပိတ်ထားလိုက်ပါတယ်။အဲ့ဒီအခါမှာ အဲ့ဒီကောင်မလေးဟာ သူ့ကောင်လေးရဲ့ နာမည်ကို လက်မှာ ဘရိတ်ဓားနဲ့ ရေးပြီး အခန်းထဲမှာ နေချင်သလို နေပါသတဲ့လေ။အဲ့ဒီတော့မှ မိဘတွေကလည်း စိတ်ပူပြီး ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြတော့တာပေါ့။

ကျွန်မ ဒီလောက်ပဲပြောပြီး အဓိက ပြောချင်တာကို ဆက်ပါ့မယ်။အဲ့လိုတွေဖြစ်ရတာဟာ အဲ့ဒီကောင်မလေး သူ့မိဘတွေကို မချစ်လို့ပါ။ဒါဟာ ဥပမာပြပြီး ခုနက ကောင်မလေးရဲ့ မေးခွန်းကို စဖြေတဲ့ ဆရာ့ရဲ့ အဖြေအစပါပဲ။ကိုယ့်အတွက် ဘယ်လောက်ပဲ မခံမရပ်နိုင်တဲ့ ကိစ္စဖြစ်နေပါစေ၊မိဘတွေကိုသာ ချစ်ရင် အလိုလို လက်ခံသွားနိုင်ပါတယ်။"သမီးဟာ သမီးအမေကို ချစ်လို့ ၊ ဟိုရှစ်တန်းကောင်မလေးဟာ သူ့မိဘတွေကို မချစ်လို့ပေါ့"ဆိုတဲ့စကားက အတော်အဓိပ္ပါယ်ရှိတဲ့ စကားလေးပါ။ဆက်ပြီးတော့ ဆရာက ဆရာ့အမျိုးသမီးပြောတဲ့ သားသမီးတွေနဲ့ ပတ်သက်တဲ့ စကားကိုလည်း ထည့်ပြောခဲ့ပါတယ်။ဆရာက သားသမီးတွေကို နည်းနည်းလေး လေသံမာမာနဲ့ ပြောမိတဲ့အခါ ဆရာ့အမျိုးသမီးဟာ အဲ့လိုမပြောပါနဲ့လို့ အမြဲပြောလေ့ရှိတယ်တဲ့လေ။သားသမီးတွေကို နူးနူးညံ့ညံ့ပြောဆိုပြီး ဆုံးမတာဟာလည်း သားသမီးတွေရဲ့ အချစ်ကို ယူတာပါပဲလို့ ပြောပါတယ်တဲ့ (သမီး မှတ်မိသလောက်နဲ့ သဘောပေါက်လိုက်တာကို ရေးလိုက်တာပါ ဆရာ)။အသေချာဆုံးကတော့ သားသမီးတွေရဲ့ အချစ်ကို ရထားရင် ရင်မကွဲရတော့ဘူးဆိုတာပါပဲ။

သားသမီးတွေကို မချစ်ရဘူး မဟုတ်ဘူး၊ ချစ်ပါ။ဒါပေမဲ့ ဇွတ်တရွတ် မဆန်ပါစေနဲ့။ကိုယ့်ရဲ့ ဇွတ်တရွတ်ဆန်မှုကို သားသမီးက မုန်းသွားခဲ့ရင် တစ်ချိန်ချိန်မှာ ကိုယ်ကသာ ခံစားရမှာပါ။သူတို့ ကိုယ့်ဘက်ကို ကြည့်ကြတော့မှာ မဟုတ်တာတော့ သေချာပါတယ်။ဒါကြောင့်လည်း မေးခွန်းမေးတဲ့ ကောင်မလေးဟာ ဘယ်လောက်ပဲ သူ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပါစေ၊သူ့အမေကိုတော့ ဘယ်တော့မှ အနိုင်ယူမိမှာ မဟုတ်ဘူးဆိုတာကို ဆရာ့အဖြေလေး နားထောင်ရင်း ကျွန်မ ယုံကြည်သွားမိတယ်။

နောက်ဆုံးအမျိုးအစားလေးကိုတော့ ကျွန်မ သဘောအကျဆုံးပဲ။အဲ့ဒီအမျိုးအစားအကြောင်း ပြောဖို့အတွက်ဆိုရင်တော့ အဲ့ဒီဟောပြောပွဲမှာ ကိုယ့်ကိုကိုယ် မိတ်ဆက်ရင်း ဆွေးနွေးလာတဲ့ ရန်ကုန်ကလေးဆေးရုံအုပ် အန်တီကို ပြေးမြင်မိပါတယ်။အန်တီ့မှာ သမီးနှစ်ယောက် ရှိပါတယ်တဲ့။အားလုံးကို ပွင့်ပွင့်လင်းလင်းနဲ့ သူငယ်ချင်းတွေလ်ု ဆက်ဆံတယ်။မကောင်းတာကို မကောင်းဘူးလို့ပြောပြီး ကြိုတင်တားမြစ်ထားတယ်။ဥပမာ ရည်းစားထားချင်ရင် ဆယ်တန်းပြီးမှ ထားရမယ်ဆိုတာမျိုးပေါ့။တကယ်တမ်း အရွယ်ရောက်လို့ ရည်းစားထားတဲ့အခါ အဲ့ဒီကောင်လေးကို အိမ်မှာ ကိုယ်တိုင်လက်ခံပြီး ကျွေးမွေးတယ်၊စကားပြောတယ်။အဲ့ဒီတစ်ယောက်နဲ့ ပြတ်သွားပြီဆိုပြီး နောက်တစ်ယောက် ခေါ်လာခဲ့ရင်လည်း အရင်လိုပဲ ပြောဆို ဆက်ဆံတဲ့အကြောင်းလေးပြောပြတော့ ခန်းမတစ်ခုလုံး တဝါးဝါး တဟားဟားနဲ့ ပွဲကျသွားခဲ့ပါတယ်။ရည်းစားထားတာ ထားလို့ရတယ်။ရည်းစားထားတိုင်း ယူရပါမယ်လို့ တထစ်ချ မသတ်မှတ်ထားဘူးတဲ့လေ။ခေတ်ဆန်တဲ့ အတွေးအခေါ်လေးကို သဘောကျစွာ တွေ့လိုက်ရပါတယ်။ကိုယ်တိုင်က ကောင်လေးကို သဘောမကျတဲ့အခါ ဖြစ်ပါ့မလား သမီး အားကိုးရပါ့မလား စဉ်းစားဦးနော်ဆိုပြီး အကြံလေးတွေ ပေးဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပါသေးတယ်။

အဲ့ဒီလိုတွေကြောင့် သားသမီးတွေရဲ့ အချစ်ကိုလည်း ရတယ်၊ကိုယ်လည်း အပူအပင်တွေ မများဘဲ စိတ်ချမ်းချမ်းသာသာ နေနိုင်တယ်၊သားသမီးတွေလည်း လွတ်လွတ်လပ်လပ်နဲ့ ဘာကိုမှ မကြောင့်ကျရဘဲ မစိုးရိမ်ရဘဲ ကြောက်နေစရာမလိုဘဲ နေသွားနိုင်တာပေါ့။ဘယ်လောက် ကောင်းလိုက်သလဲ။ကျွန်မသာ မိဘဖြစ်ခဲ့မယ်ဆိုရင်လည်း နောက်ဆုံးအမျိုးအစားထဲမှာပါတဲ့ မိဘနေရာမှာပဲ နေမယ်။ခု သားသမီးဖြစ်နေတဲ့ ဘဝမှာတော့ ကျွန်မဟာ ၁၉နှစ်အရွယ်ကောင်မလေးနဲ့ အဖြစ်ချင်းက အတူတူ ဖြစ်နေပါတယ်။တစ်ခါတစ်လေ အဲ့ဒီကောင်မလေးလို စိတ်ရှုပ်မိလို့ ကိုယ့်ကိုကိုယ် ပေါက်ကွဲမိပေမဲ့ မိဘတွေကိုတော့ အချစ်လျော့မသွားပါဘူးလေ။မိဘနဲ့သားသမီးကြား နားလည်မှုရှိတဲ့ ယုံကြည်ခြင်းတွေပေးခြင်း ချုပ်နှောင်မှုကင်းတဲ့ ဘဝတွေကို လွတ်လပ်စွာ ပေးအပ်ရယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။

Nwe Nay Chi Htun
https://www.facebook.com/photo.php?fbid=894528914019189&set=a.183534898451931.42731.100003862650673&type=3&theater

No comments:

Post a Comment