Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

ကြိုးစင်ပေါ်က ဇွန်လရဲ့ တောက်ခေါက်သံ (သို့မဟုတ်) အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


ကြိုးစင်ပေါ်က ဇွန်လရဲ့ တောက်ခေါက်သံ (သို့မဟုတ်)
အာဇာနည်ကျောင်းသားခေါင်းဆောင်
ဆလိုင်းတင်မောင်ဦး
.......................
"ငါ့ခန္ဓာကိုယ်ကိုသာ
မင်းတို့ သတ်လို့ရမယ်၊
ငါ့ရဲ့ယုံကြည်ချက်နဲ့
ရပ်တည်ချက်ကိုတော့
ဘယ်တော့မှသတ်လို့ရမယ်မဟုတ်ဘူး၊
မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ
ငါ ဘယ်တော့မှ
ဒူးထောက်လိမ့်မယ် မဟုတ်ဘူးကွ"

ဒါကတော့
(၁၉၇၆)ခုနှစ်၊ဇွန်လမှာ
မဆလ အာဏာရှင် အစိုးရရဲ့  ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခြင်းခံခဲ့ရသူ
အသက်(၂၅)နှစ်အရွယ် တက္ကသိုလ်ကျောင်းသား
ဆလိုင်းတင်မောင်ဦးရဲ့ 
ရဲရဲတောက် ပြောစကားပါပဲ။

အဲ့ဒီနေ့ရက်ကနေ
စာမျက်နှာတွေနောက်ပြန်လှန်ကြည့်ရင်
(၁၉၇၄)ခုနှစ်၊ဒီဇင်ဘာ (၄)ရက်။

ကျိုက္ကစံကွင်းအလယ်မှာ
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဦးသန့်ရဲ့ ရုပ်အလောင်းပြင်ထားပြီး
အစောင့်ကျနေတဲ့ 
ကြက်ခြေနီနဲ့ လမ်းစဉ်လူငယ်တွေက
ဈာပနကို
အေးအေးဆေးဆေးလိုက်ပို့ကြဖို့
ကားပေါ်ကနေ
"မိုက်ကရိုဖုန်း"နဲ့ဆော်သြနေပါတယ်။

အဲ့ဒီမှာ
ကျောင်သားတစ်ယောက်က ရုတ်တရက်ထွက်လာပြီး

"ဦးသန့်ဆိုတာ မြန်မာနိုင်ငံရဲ့ 
ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်တယ်။
ဦးသန့်ကြောင့် မြန်မာနိုင်ငံကို
ကမ္ဘာက ပိုသိလာတယ်၊
ဒီလို လေးစားထိုက်သူရဲ့ 
ဈာပန အခမ်းအနားကို
အစိုးရတာဝန်ရှိသူတွေ
ဘယ်သူမှ မလာတဲ့အပြင်
မျက်နှာလွှဲ ခဲပစ်လုပ်တယ်၊
သူ့လို ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက်ကို
ကြံတောသုဿ န်ထဲက
ဦးနေဝင်းမိန်းမ
"ဖာသည်မ"သာသာ ခင်မေသန်း အုတ်ဂူခြေရင်းမှာ မြှုပ်တာ
လက်မခံနိုင်ဘူး"လို့
ထန်နဲ့မာန်နဲ့ ဟောပြောတော့တာပဲ။

အဲ့ဒီကျောင်းသားက
ဆလိုင်းတင်မောင်ဦးပေါ့။

နောက်တော့ ကျောင်းသားအုပ်ကြီးက
ကားတွေပေါ် တက်သိမ်းလို့
တက္ကသိုလ်ဝင်းထဲ
ဦးသန့်ရဲ့ ရုပ်ကလပ် ယူသွားမယ့်အကြောင်းကြေညာပြီး
အခေါင်းကို သယ်ယူသွားကြတယ်။

ဆလိုင်းတင်မောင်ဦးဟာ
ချင်းတိုင်းရင်းသား မိဘနှစ်ပါးဖြစ်တဲ့
အဖ ဦးလှဒင်၊အမိဒေါ်နှင်းမြိုင်တို့ရဲ့ 
သားသမီး(၈)ဦးအနက်
အကြီးဆုံးသားဖြစ်တယ်။

သူက တောင်ငူဇာတိပါ။
(၁၉၅၁)မှာမွေးပြီး
(၁၉၆၂) စစ်အာဏာသိမ်းချိန်ကျတော့
သူ့အသက်(၁၁)နှစ်ရှိနေပါပြီ။

သူ(၁၈)နှစ်အရွယ် အရောက်
(၁၉၆၉)ခုနှစ်
ကျွန်းဆွယ်အရေးအခင်းမှာ
စတင်ပါဝင်ခဲ့ရာကနေ
(၁၉၇၀)ခု ရန်ကုန်တက္ကသိုလ်
ရွှေရတုအရေးအခင်း၊
(၁၉၇၂)ခုနှစ်
ကျောင်းသားလှုပ်ရှားမှုတွေနဲ့အတူ
မဆလ အာဏာရှင်အံတုရေး
နိုင်ငံရေးစီးကြောင်းထဲ ကူးခတ်ခဲ့တယ်။

နောက်တော့
(၁၉၇၄)ဇွန်အလုပ်သမားသပိတ်၊
(၁၉၇၄)ဒီဇင်ဘာ
ဦးသန့်ဈာပန အရေးအခင်း၊
(၁၉၇၅)ရွှေတိဂုံ အရေးအခင်း(ခေါ်)
ဇွန်အလုပ်သမား နှစ်ပတ်လည်လှုပ်ရှားမှုနဲ့ 
(၁၉၇၆)မှိုင်းရာပြည့်တိုက်ပွဲတို့မှာ
ဦးဆောင် ပါဝင်လှုပ်ရှားခဲ့တယ်။

(၁၉၇၄)ခုနှစ်
ချင်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီ
(ရန်ကုန်တက္ကသိုလ်)ရဲ့ 
အထွေအထွေ အတွင်းရေးမှူးလည်း
ဖြစ်တယ်။

(၁၉၇၆)ခုနှစ် မတ်လ
မှိုင်းရာပြည့် အရေးအခင်း
မဖြစ်ခင်တစ်ရက်၊
စာရွက်စာတမ်းတွေနဲ့အတူ
အဖမ်းခံရပြီး(၃)လအကြာ၊
(၁၉၇၆)ခုနှစ် ဇွန်လ (၂၆)ရက်
နံနက်(၄)နာရီမှာကြိုးပေးခံခဲ့ရတာပါ။

မတ်လ(၂၂)ရက်နေ့ မှာ
ကိုတင်မောင်ဦး အဖမ်းခံရပေမယ့်
ကိုတင်အေးကြူ (မောင်မှိုင်းလွင်အင်းဝ)
၊ကိုသန်းလင်း၊ကိုဝင်းမြင့်၊(၉)တန်းကျောင်းသူ မလှမြိုင်
(ကိုတင်မောင်ဦးရဲ့ ညီမ)အပါအဝင်
အခြားခေါင်းဆောင်တွေရဲ့ 
ဦးဆောင်မှုကြောင့်
မှိုင်းရာပြည့် ချီတက်ပွဲကို
မပျက်မကွက် ဆက်လုပ်နိုင်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်
ဆလိုင်းတင်မောင်ဦးဟာ
ဒီမိုကရေစီအရေးတောင်းဆိုခဲ့တဲ့  တိုက်ပွဲတစ်လျှောက်မယ်
ပထမဆုံးနဲ့ တစ်ဦးတည်းသော
သေဒဏ်ပေး ကွပ်မျက်ခံရသူ
တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့တယ်။

"မနက် (၄)နာရီမှာ
ကျွန်မတို့နောက်ဖက်က ကြိုးစင်ဆီ
ကိုတင်မောင်ဦးကို
ကြေးစည်တီးပြီး ခေါ်သွားတာ။
အဲဒီနေ့ဟာ ထောင်ထဲမယ်
အကြေကွဲရဆုံး နေ့တစ်နေ့ပါပဲ"လို့
အဲ့ဒီလှုပ်ရှားမှုများအတွင်း
အဖမ်းဆီးခံရသူ
အမျိုးသမီး(၁၆၇)ယောက်အနက်
ထောင်(၅)နှစ်အကျခံရတဲ့
ခုနှစ်တန်းကျောင်းသူ
မဌေးဌေးဝင်း(နော်ကူးမ)က ဆိုပါတယ်။

ကြိုးပေးကွပ်မျက်ဖို့ခေါ်ထုတ်သွားတုန်း
ဆလိုင်းတင်မောင်ဦးက
"ရဲဘော်တို့၊ငါတော့သွားပြီ၊
မင်းတို့ဆက်တိုက်ကြ"လို့
ရဲရဲဝံ့ဝံ့ အော်ပြောသွားပါသေးတယ်။

ဆလိုင်းတင်မောင်ဦးလို
အသက်ငယ်ရွယ်တဲ့
ပညာတတ် တက္ကသိုလ်ကျောင်းသား
တစ်ယောက်အပေါ်
ရသင့်ရထိုက်တဲ့  တရားဥပဒေဆိုင်ရာ
ဘာခုခံကာကွယ်ပိုင်ခွင့်မှ မပေးဘဲ
တဖက်စောင်းနင်း အကျဉ်းရုန်းစစ်ဆေး
သေဒဏ်ပေးလိုက်တဲ့လုပ်ရပ်ဟာ
ဦနေဝင်းအစိုးရအတွက်
အရှက်ရ သိက္ခာကျစရာ ကိစ္စဖြစ်ခဲ့တယ်။

အယူခံတင်ပြီး
ဒူးထောက်အညံ့ခံခိုင်းပေမဲ့လည်း
ဆလိုင်းတင်မောင်ဦးက
ဂုဏ်သိက္ခာနဲ့ ယုံကြည်ချက်အတွက်
အသက်ကိုမငဲ့ကွက်ဘဲ
ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား
ငြင်းဆန်ပယ်ချခဲ့တယ်။

မဆလ အာဏာရှင်တွေကတော့
သူတို့အပေါ် ဖီဆန်အံတုသူတွေကို
သတိပေးခြိမ်းခြောက်တဲ့အနေနဲ့ 
ခုလိုယုတ်ယုတ်မာမာ၊ရက်ရက်စက်စက်
ကွပ်မျက်ပြခဲ့တာ ဖြစ်တယ်။

"သူဟာ အချည်းနှီးသေဆုံးခဲ့တာ မဟုတ်ပါဘူး။
နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးခဲ့တဲ့ 
ကလေးတစ်ယောက် ဖြစ်တယ်ဆိုတာ
ကျွန်တော်လေးလေးနက်နက် ပြောချင်ပါတယ်"လို့
ဒီချုပ်နာယက ဦးတင်ဦးက ဆိုပါတယ်။

သူက တယောထိုးကျွမ်းကျင်သူဖြစ်ပေမယ့်
ဘိုးတံကိုင်တဲ့  သူ့လက်နဲ့ 
အာဏာရှင်ဆန့်ကျင်ရေး
တိုက်ပွဲဝင် အလံကို
တပ်ဦးကနေ ရဲရဲဝံ့ ဝံ့
လွှင့်ထူဝှေ့ ယမ်း သွားခဲ့တယ်။

ဆလိုင်းတင်မောင်ဦးရဲ့ ညီမ
မိုင်ပိုပို(ခေါ်)မလှမြိုင်ကလည်း
ခုလိုရဲရဲတောက်စကား
ပြောခဲ့တယ်။

"လူဟာ မိမိရဲ့
မိသားစုထက်ကျော်လွန်ပြီး
တိုင်းပြည်နဲ လူမျိုးကို ချစ်ရမယ်၊
မိမိပတ်ဝန်းကျင်၊မိမိတိုင်းပြည်
ကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ရက်စက်မှုတွေ၊ဒုက္ခအခက်အခဲ၊
ပြဿနာတွေကို မြင်တတ်ရမယ်၊
ဖြေရှင်းတတ်ရမယ်၊
တွန်းလှန်ကာကွယ်တတ်ရမယ်"

မဆလပါတီရဲ့
"အာဏာ"သံကွန်ချာအောက်
အခြားအတိုက်အခံ
နိုင်ငံရေးခေါင်းဆောင်တွေ
ခေါင်းမထောင်နိုင် ဖြစ်နေရတဲ့
အချိန်မှာပဲ
အသက်(၂၅)နှစ်အရွယ်
ကျောင်းသားဆလိုင်းတင်မောင်ဦးက
အသက်နဲ့ ရင်းလို့
ဒီစံနစ်ကြီးကို မကြောက်မရွံ့ ၊
သတ္တိရှိရှိ ဝေဖန်ဆန့်ကျင် စိန်ခေါ်တိုက်ခိုက် သွားခဲ့တယ်။

ဒါဟာ
ဒူးမထောက် လက်မမြှောက်
ကျောင်သား ရာဇဝင်တစ်လျောက်
အခမ်းနားဆုံး၊
အရဲရင့်ဆုံး သမိုင်းပန်ချီပါပဲ။

ဒီမိုကရေစီရဖို့ "တောင်"လိုပုံခဲ့ရတဲ့ 
အရိုးတွေရဲ့ အောက်ဆုံးမှာ
ဆလိုင်းတင်မောင်ဦးရဲ့ 
အရိုးများ ရှိနေတယ်။

သူ့အရိုးနဲ "့အလံတိုင်"လုပ်
သူ့ အရေပြားနဲ့ "အလံ"ချုပ်ပြီး
ဒီမိုကရေစီအရေးတော်ပုံတပ်ဦးမှာ
ဒီအလံကို အမြင့်မားဆုံးလွှင့်ထူ
တိုက်ပွဲဝင်ရင်း
အဆုံးတစ်နေ့ ကျရင်
ပြည်သူတွေအားလုံး
အပြီးသတ် အောင်ပွဲခံနိုင်ရမယ်လို့
ယုံကြည်တယ်။

အာဏာရှင်စံနစ် ကျဆုံပါစေ။
အရေးတော်ပုံ အောင်ရမည်။

မောင်နန်းဝေ(ဗန်းမော်)
(၂၀၁၇ )ဇွန်လ(၂၅) ၊တနင်္ဂနွေနေ့ 
(ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည် အကြို)

ကိုးကား။
၁/ Mungdungla Wawhkyung
ဆလိုင်း ကျော်မိုး(ချင်းဝေါလ်)
၂/ (၇၄- ၇၅ - ၇၆) မဆလ အာဏာရှင်
ဆန့်ကျင်ရေး အံတုလှုပ်ရှားမှုများ

No comments:

Post a Comment