Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်နှင့် ၀ိရောဓိပြဿနာ

ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့် ကို စိတ်ဝင်စားရင် ဖတ်ကြည့်ပါ။


ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်နှင့် ၀ိရောဓိပြဿနာ


မေ ၁၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ “တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း” အချက်ကို သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီက မူဝါဒဆိုင်ရာ သဘောထား စုစည်းချက်တွေအပေါ် UPDJC အစည်းအဝေးက အတည်ပြုခဲ့တဲ့ မူဝါဒ အဆိုပြုချက်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပြုချက်တွေကို မေ ၂၄ ရက်မှာ ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ တင်သွင်းပြီး ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ပြည်နယ်နှင့် တိုင်းတွေမှာ ဆိုင်ရာဒေသအလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိခြင်းဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး မရှိသေးရင်လည်း ရှိအောင်လုပ်ဖို့ ကြိုးပမ်းသင့်တဲ့ အရာ ဖြစ်ပါတယ်။ ဒါပေမဲ့ UPDJC က အတည်ပြုထားတဲ့ မူဝါဒ အဆိုပြုချက်တွေကို ကြည့်တဲ့အခါ ဆန့်ကျင်ဘက် ဖြစ်နေတာတွေ ရှိသလို ရှေ့နောက် မညီဘဲ ၀ိရောဓိ ဖြစ်စရာတွေလည်း ရှိနေပါတယ်။ ဒါဟာ သဘောရိုးကြောင့်လား၊ ထောင်ချောက်လားဆိုတာ သတိထားသင့်ပါတယ်။

ဒီဆောင်းပါးမှာ အဓိကထား ဖော်ပြမယ့် အချက်နှစ်ချက်ပဲ ရှိပါတယ်။ ပထမအချက်က ပြည်နယ်နှင့် တိုင်းတွေအတွက် ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဆိုပြုချက်နှစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတာပါ။ ဒါက လတ်တလော ဖြစ်နေတဲ့ စိုးရိမ်မှုတွေနဲ့ သက်ဆိုင်ပြီး ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပချိန်မှာလည်း ငြင်းခုံမှုတွေ ဖြစ်လာနိုင်တဲ့ အချက်ပါ။ ဒုတိယတစ်ခုက ဖက်ဒရယ် ပြည်ထောင်စုမူ အောက်မှာ ပါဝင်နေတဲ့ “မည်သည့်အခါမျှ ခွဲမထွက်ရ” ဆိုတဲ့ စကားရပ်နဲ့ ဆက်နွှယ်တဲ့ ကိစ္စရပ်ပါ။ ဒါကတော့ ၁၉၄၇ ခုနှစ် ပင်လုံ သဘောတူညီချက်၊ အခြေခံ ဥပဒေနဲ့ပါ သက်ဆိုင်နေပါတယ်။

■ အဆိုပြုချက်မှာ ဘာတွေ ပါဝင်နေသလဲ

UPDJC အစည်းအဝေးက အတည်ပြုခဲ့တဲ့ မူဝါဒ အဆိုပြုချက်မှာ အချက် ၁၀ ချက်ကို ဖော်ပြထားပါတယ်။ ပထမပိုဒ်မှာ နိဒါန်းပါဝင်ပြီး ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ၊ အချုပ်အခြာအာဏာ ကျင့်သုံးမှု၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)၊ နိုင်ငံရေးနှင့် ဘာသာရေး (ဒါကိုတော့ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်)၊ ပါတီစုံ ဒီမိုကရေစီစနစ်၊ ဆက်လက်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေနဲ့ နိဂုံးပိုင်းတို့ ဖြစ်ပြီး ဒါနဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေကို ဖော်ပြခဲ့တာပါ။ အဲဒီထဲမှာမှ တန်းတူရေး ခေါင်းစဉ်အောက်မှာ အချက်နှစ်ချက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အောက်မှာ အချက်ငါးချက်၊ ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု) အောက်မှာ အချက် ၁၀ ချက်၊ နိုင်ငံရေးနှင့် ဘာသာရေးအောက်က အဆိုပြုလွှာတစ် အောက်မှာ အချက် လေးချက်၊ အဆိုပြုလွှာနှစ် အောက်မှာ အချက်ခြောက်ချက်၊ ပါတီစုံ ဒီမိုကရေစီစနစ် အောက်မှာ နှစ်ချက်၊ ဆက်လက် ဆွေးနွေးရမယ့် ခေါင်းစဉ်တွေအောက်မှာ ကိုးချက် စသဖြင့် ပိုင်းခြားထားပါတယ်။

ဒီအချက်တွေထဲမှာ လတ်တလော စိတ်ဝင်စားမှု အများဆုံးနှစ်ချက်က သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပိုင်ခွင့်နဲ့ ပြည်ထောင်စု တပ်မတော် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု တပ်မတော် ကိစ္စဟာ ဆက်လက် ဆွေးနွေးရမယ့် ခေါင်းစဉ်အောက်မှာ ထည့်သွင်းထားတာ ဖြစ်ပြီး ဒါကို လုံခြုံရေးကဏ္ဍမှာ ဆွေးနွေးနိုင်ရေး တင်ပြဖို့ သဘောတူခဲ့ပါတယ်။

ဆက်လက်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေအောက်မှာ ပြည်ထောင်စု တပ်မတော် ကိစ္စအပြင် တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြည်နယ်သစ် ပေါ်ထွန်းခွင့်၊ ပြည်နယ် နယ်နိမိတ်၊ ဘဏ္ဍာရေးနှင့် သယံဇာတ၊ နိုင်ငံသား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

■ ၂၀၀၈ အောက်က စိုးရိမ်မှု

ပြည်နယ်နှင့် တိုင်းတွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲခွင့်ပြုမယ်လို့ ပြောလိုက်ချိန်မှာ အမြင်နှစ်ခု ထွက်လာပါတယ်။ ပထမတစ်ခုက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်လို့ မရတဲ့အတွက် လှေကြီးပေါ် လှေငယ်တင်ရုံက လွဲပြီး ဘာမှ မထူးနိုင်ဘူး ဆိုတဲ့ အချက်ပါ။ ဆိုလိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်ဘဲ နောက်ထပ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ထပ်ပြီး ရေးဆွဲလည်း အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူးဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ ပြယုဂ်အားဖြင့်သာ ရှိပြီး ပကတိမှာ အကျိုးဆက်အားဖြင့် ပိုရှုပ်ထွေးမယ်ဆိုတဲ့ အမြင်ပါ။

ဒုတိယ တစ်ချက်က မြန်မာနိုင်ငံသမိုင်းမှာ တကြိမ်မျှ မရှိဘူးတဲ့ အခွင့်အရေးဖြစ်တာကြောင့် အကောင်းမြင်ရှုထောင့်ကနေ ကြိုဆိုလက်ခံတာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ အမြင်သဘောထား နှစ်ချက်စလုံး အပြင် နောက်ထပ် သီးခြားမြင်နိုင်တဲ့ အချက်က UPDJC ရဲ့ အဆိုပြုချက်ထဲမှာ ပါဝင်နေပါတယ်။ ရှေ့နောက်မညီဘဲ ဆန့်ကျင်ဘက်လို့ ယူဆနိုင်တဲ့ အချက်တွေပါ။

■ ရှေ့နောက်မညီတဲ့ အချက်တွေ

ပြည်နယ်နှင့် တိုင်းတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရမယ့် အချက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ခေါင်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု) ခေါင်းစဉ်အောက်မှာ ပါဝင်ပါတယ်။

UPDJC ရဲ့ အဆိုပြုချက် အပိုဒ် ၅ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ခေါင်းစဉ်အောက်က ပုဒ်မခွဲ ၅ (ခ) မှာ “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို အခြေခံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးဆွဲရာတွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကျော်လွန် ဆန့်ကျင်ခြင်း မရှိစေဘဲ အခြေခံ လွတ်လပ်ခွင့်၊ အခြေခံ ရပိုင်ခွင့်နှင့် ဒီမိုကရေစီ ကျင့်စဉ်များကို အာမခံရမည်” လို့ ဆိုထားပါတယ်။

ဒီနေရာမှာ “လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင် အတည်ပြုပြီးဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ” ဆိုတဲ့ စကားရပ်ကြောင့် ပေါ်ထွက်လာမယ့် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေဟာ (လက်ရှိ တည်ဆဲ ဖြစ်နေတဲ့) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရေးဆွဲမှာ မဟုတ်ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင် ပြင်မယ်၊ ဒီလို ပြင်ပြီးတော့မှ ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံတွေ ရေးမယ်လို့ ဆိုလိုကြောင်း ယူဆစရာပါ။ ဒီအချက်အတိုင်း ဆိုရင် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာပဲ ရှိမယ်၊ ကျော်လွန်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှု လွဲမှားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု) အပိုင်းမှာ ဖော်ပြထားတဲ့ အချက်က နောက်ထပ် စဉ်းစားချက်တစ်ခု ထပ်ဖြစ်စေပါတယ်။

အဆိုပြုချက် အပိုဒ် ၆ ဖက်ဒရယ် ပြည်ထောင်စုမူ ခေါင်းစဉ်အောက်က ပုဒ်မခွဲ ၆ (ဆ) မှာ “ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် ဥပဒေများတွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကျော်လွန် ဆန့်ကျင်စေခြင်း မရှိစေဘဲ ရေးသားပြဋ္ဌာန်းခွင့် ရှိစေရမည်၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း (Division of Power) ရှိရမည်” လို့ ဖော်ပြပါတယ်။

ပုဒ်မခွဲ ၆ (ဆ) ကို ကြည့်တဲ့အခါ ဖော်ပြထားတဲ့ “ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ဆိုတဲ့ စာသားဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆိုလိုသလား၊ ဒါမှမဟုတ် ပုဒ်မခွဲ ၅ (ခ) မှာ ဖော်ပြထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များကို အခြေခံ၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြင်ဆင်အတည်ပြုပြီးသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံကို ဆိုလိုသလား၊ ရှင်းလင်းပြတ်သားမှု မရှိပါဘူး။

တကယ်လို့ ပုဒ်မခွဲ ၅ (ခ) ရော၊ ပုဒ်မခွဲ ၆ (ဆ) ရော အတူတူပဲ ဆိုရင် စိတ်ဝင်စားစရာ ငြင်းခုံမှုတွေ ဖြစ်လာပါလိမ့်မယ်။ ပုဒ်မခွဲငယ်နှစ်ခုမှာ ပြဋ္ဌာန်းဖော်ညွှန်းချက်တွေဟာ ဆန့်ကျင်နေပါတယ်။ ပထမတစ်ခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ပြီးမှ ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရမယ်၊ ဒုတိယ တစ်ခုက (ရှင်းလင်းတိကျတဲ့ ဖော်ညွှန်းချက် မပါတာကြောင့်) ရေးဆွဲမယ့် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကျော်ရဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

■ ခွဲထွက်ပိုင်ခွင့် အလဲအထပ်

UPDJC က အတည်ပြုခဲ့တဲ့ မူဝါဒ အဆိုပြုချက်တွေမှာ အထင်အရှား ပါဝင်နေတဲ့ နောက်တစ်ချက်က “မည်သည့်အခါမျှ ခွဲထွက်ပိုင်ခွင့်” မရှိစေရဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း ပါဝင်ပြီး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁) နိုင်ငံတော် အခြေခံမူများ ပုဒ်မ ၁၀ မှာ “နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမျှ ခွဲမထွက်ရ” လို့ ပြဋ္ဌာန်းထားပါတယ်။ UPDJC ရဲ့ မူဝါဒ အဆိုပြုချက် ပုဒ်မ ၆ ဖက်ဒရယ်ပြည်ထောင်စုမူ ပုဒ်မခွဲ ၆(ဂ) မှာတော့ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” လို့ ဆိုပါတယ်။

ဒါကို ကြည့်ရင်လည်း တိုင်းရင်းသားတွေဘက်က လက်ခံနိုင်မလား ဆိုတဲ့ မေးခွန်း ဖြစ်စေပါတယ်။ လက်မခံရင် ဒါဟာ ဆက်ပြီး ဆွေးနွေးရမယ့် ကိစ္စ ဖြစ်လာပါပြီ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက်က ခွဲထွက်ခွင့်ကို လိုလားတယ်၊ ခွဲထွက်ချင်နေတယ်လို့ ပြောဆိုတာ မဟုတ်ပါဘူး။

၁၉၄၇ ခုနှစ် အခြေခံ ဥပဒေကို ပြန်ကြည့်ရင် “ခွဲထွက်နိုင်သော အခွင့်အရေး” ကို ထည့်သွင်းပေးထားပြီး “ဤအခြေခံဥပဒေ (၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ) အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ” ဆိုတဲ့ ပြဋ္ဌာန်းချက် ထည့်သွင်းပေးထားပါတယ်။ ဒီမတိုင်ခင် ပင်လုံစာချုပ် မချုပ်ဆိုမီ အချိန်ကလည်း “အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရပြီးနောက်တွင် ပြည်ထောင်စုမှ ခွဲထွက်လိုပါက လွတ်လပ်စွာ ခွဲထွက်ခွင့်ရှိရန်” ဆိုတဲ့ အချက်အပါအ၀င် အချက်ငါးချက်ကို ရှမ်း၊ ကချင်နှင့် ချင်း တိုင်းရင်းသား ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်းကို တောင်းဆိုခဲ့ပြီး အဲဒီအချက်တွေကို လိုက်လျောမှ Frontier Areas (တောင်တန်းဒေသများ) နှင့် Ministerial Burma (ပြည်မ) ပူးပေါင်းကာ စောလျင်စွာ လွတ်လပ်ရေး ယူမယ်လို့ ပြောခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ် အောင်ဆန်းက လက်ခံခဲ့တဲ့အတွက် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက် “တိုင်းပြည်ပြုလွှတ်တော်မှ ဗမာပြည်ကို လုံးဝလွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်အဖြစ် ကြေညာရန်” ဗိုလ်ချုပ်အောင်ဆန်းက အဆိုတင်ခဲ့ပြီး “ပြည်ထောင်စုအတွင်းမှ ခွဲထွက်လိုပါက ခွဲထွက်ပိုင်ခွင့်” ကို မရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုကို မထောက်ခံဘူးလို့ ရှမ်းနဲ့ ကရင်နီ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။ ဒီအခါ ရှမ်း၊ ကရင်နီ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ ညှိနှိုင်းပြီး ကြားအဖြေတစ်ခု ရှာခဲ့ပါတယ်။ ဒီအဖြေအရ “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ဗိုလ်ချုပ်အောင်ဆန်းက လိုက်လျောခဲ့ပြီး ကန့်သတ်ချက်အဖြစ် “လွတ်လပ်ရေးရပြီး ဆယ်နှစ်အတွင်း ခွဲထွက်ပိုင်ခွင့်ကို အသုံးမပြု” လို့ တိုင်းရင်းသားတွေဘက်က သဘောတူခဲ့ပါတယ်။

တစ်ချိန်က ဦးနေ၀င်း ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရနဲ့ စစ်အာဏာသိမ်း အစိုးရ အဆက်ဆက်က “ဖက်ဒရယ်နှင့် ခွဲထွက်ရေး” ယှဉ်တွဲပြီး ပြည်ထောင်စုပြိုကွဲမယ်လို့ ၀ါဒမှိုင်းတိုက်ခဲ့ကြပါတယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရဟာ ခွဲထွက်ခြင်း မဟုတ်ပါဘူး။ သမိုင်းမှာ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုတာ ရှိခဲ့တယ်၊ ဒီကနေ့ ခေတ်မှာတော့ ဒါကို ကြောက်နေစရာ မလိုတော့ပါဘူး။ တကယ်တော့ ခွဲထွက်ခွင့်ဆိုတာ တောင်းဆိုရမယ့် ကိစ္စ မဟုတ်သလို ဒါမလုပ်ရဆိုပြီး တားဆီးထားလို့လည်း မရနိုင်ပါဘူး။

ခေတ်ကာလအခြေအနေအရ UPDJC ရဲ့ မူဝါဒ အဆိုပြုချက်တွေကို ကြည့်ပြီး အကောင်းဘက်က ကြည့်ရင် သူတို့ ကြိုးပမ်းမှုကြောင့် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ပေါ်ပေါက်လာမယ်၊ ဒါဟာ မြန်မာသမိုင်းမှာ တစ်ခါမှ မရဘူးတဲ့အတွက် ကောင်းတဲ့ အချက်ဖြစ်တယ်လို့ ဆိုရပါမယ်။ အဆိုးမြင် ရှုထောင့်က ကြည့်ရင်တော့ တိုင်းရင်းသားတွေ အနေနဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ရရှိခဲ့တဲ့ “ ခွဲထွက်လိုပါက ခွဲထွက်ပိုင်ခွင့်” အခွင့်အရေးကို ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အလဲအထပ် လုပ်ပေးရမယ်ဆိုတဲ့ အတွေး ဖြစ်စေပါတယ်။

■ တပ်မတော်ရဲ့ သဘောထား

ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ရေးဆွဲမှာကို တပ်မတော်က သဘောတူမလားဆိုတဲ့ အမြင်တွေလည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်လို့ ရမှာမဟုတ်ဘူးလို့ စိုးရိမ်ကြသလို တပ်မတော်က သဘောမတူရင် ဘာမှ လုပ်ရမှာမဟုတ်ဘူး ဆိုတဲ့ စိုးရိမ်မှုတွေပါ။

မြန်မာ့အရေး ကျွမ်းကျင်သူတစ်ချို့ရဲ့ အဆိုအရ ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ စတင်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအချိန်တုန်းက တပ်မတော်ဘက်က လက်မခံခဲ့ဘူးဆိုတဲ့ ပြောဆိုချက်တွေ ရှိပါတယ်။ နောက်ပိုင်းမှာတော့ လက်ခံခဲ့ပါတယ်။ ဘာကြောင့်လက်ခံခဲ့သလဲဆိုရင် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ဘယ်လိုပဲ ရေးဆွဲ၊ ရေးဆွဲ အပြီးသတ်မှာ နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်၊ ပြည်ထောင်စု ရှေ့နေချုပ်ရဲ့ သဘောတူညီချက် စတာတွေ လိုအပ်မယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင် မေးစရာတစ်ချို့ ရှိလာပါတယ်။ အကယ်၍ ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ရေးဆွဲပြီးရင် ဘယ်လို အတည်ပြုမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ နည်းလမ်းနှစ်ခု ရှိလာနိုင်ပါတယ်။ ပထမ နည်းလမ်းက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုမှာ ဘယ်နည်းလမ်းကို အသုံးပြုမလဲ ဆိုတဲ့အချက်က တပ်မတော်က သဘောတူခြင်း ရှိ၊ မရှိ ဆိုတဲ့ အချက်ကို ပေါ်လွင်စေနိုင်ပါတယ်။

■ တိုင်းရင်းသားတွေက ဘာကို လိုလားသလဲ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ရင်တော့ တိုင်းရင်းသားတွေဘက်မှာ ပြင်ဆင်ထားတာတွေရှိပါတယ်။ တိုင်းရင်းသားတွေဟာ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကို လက်မခံသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း နှစ်ခြိုက်ခြင်း ရှိပါဘူး။ သူတို့ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေဆိုတာ သီးခြား ရှိထားပါတယ်။ ဒါကို ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ (FCDCC) က ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။

FCDCC မူလို ပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပထမမူကြမ်းကို နယ်စပ်မှာ ရှိနေတဲ့ ၉၀ ရွေးကောက်ခံ အမတ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးပါဝင်ပြီး ၂၀၀၅ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အခန်း ၁၄ ခန်း၊ ပုဒ်မ ၂၀၃ ခု ပါရှိတဲ့ ဒုတိယ မူကြမ်း ထွက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်က KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အစည်းအဝေးမှာ FCDCC က ရေးဆွဲထားတဲ့ မူကြမ်းကို အခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေမှာ ပါဝင်သင့်တဲ့ အခြေခံမူ ရှစ်ချက်ကို သဘောတူခဲ့ပါတယ်။ ဒါ့အပြင် FCDCC က ရေးဆွဲခဲ့တဲ့ မူကြမ်းကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သုတေသနနှင့် ဥပဒေရေးရာ ဋ္ဌာနက မွမ်းမံပြီး ဖြည့်စွက်ခဲ့တဲ့အတွက် မူလရှိထားတဲ့ မူကြမ်းဟာ အခန်း ၁၅ ခန်း၊ ပုဒ်မ ၁၉၂ ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ ပါဝင်တဲ့ အချက်တွေဟာ တိုင်းရင်းသားတွေ လိုလားတဲ့ အချက်တွေ ဖြစ်ပါတယ်။ အဲဒီ ဥပဒေမူကြမ်းအတွက် အခြေခံမူ ရှစ်ချက်ထဲမှာ ခွဲထွက်ခွင့် ဆိုတာလည်း လုံးဝ မပါဝင်ခဲ့ပါဘူး။ FCDCC ရဲ့ အခြေခံမူ ရှစ်ချက်မှာ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျားမဆိုင်ရာ တန်းတူရေး၊ ဘာသာရေးကို အခြေခံသော နိုင်ငံ၊ ပါတီစုံ ဒီမိုကရေစီစနစ် စတဲ့အချက်တွေ ပါရှိပါတယ်။

UPDJC က အတည်ပြုခဲ့တဲ့ အဆိုပြုချက် ခေါင်းစဉ်တွေဟာ FCDCC က စတင်ရေးဆွဲခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူ ရှစ်ချက်နဲ့ သိပ်ပြီး ကွဲလွဲချက်မရှိပါဘူး။ ဒါပေမဲ့ အဆိုပြုချက် ခေါင်းစဉ်တစ်ခုချင်းစီအောက်က ဖွင့်ဆိုချက်၊ ရည်ညွှန်းချက် စာသားတွေကတော့ အားလုံးပါဝင်ပြီး အကြေအလည် ဆွေးနွေး ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲခွင့် အပါအ၀င် ခေါင်းစဉ်ပိုင်း ဖော်ညွှန်းချက်တွေဟာ လက်ခံစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့နောက်မညီတဲ့ ၀ိရောဓိတွေကြောင့် ဘယ်လို ထောင်ချောက်တွေ ရှိနေနိုင်သလဲ ဆိုတာ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ အကျေအလည် ဆွေးနွေးရင်းနဲ့ပဲ အဖြေရှာနိုင်ပါလိမ့်မယ်။

● ကိုးကား
- ၁၉၄၇ ခုနှစ် အခြေခံဥပဒေ
- Common Vision for the Bruma’s federalism by Sai Khuensai (Shan Herald Agency for News)
- ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့် မျှခြေ ကနဦး အဆိုပြုချက်များ (The Myanmar Quarterly အတွဲ ၁၊ အမှတ် ၂)

■ နေထွန်းနိုင်

(ယခု ဆောင်းပါးကို မေ ၁၈ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၁ ၊ အမှတ် ၂၄ တွင် ဖော်ပြခဲ့ပါသည်။ ဆောင်းပါးရှင်သည် ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly ဂျာနယ်၏ အယ်ဒီတာ ဖြစ်သည်)

No comments:

Post a Comment