Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 5, 2017

၆၆ (ဃ) အာမခံရရေး ဥပဒေပြင်မည်


သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ရှေ့နေချုပ်ရုံးရဲ့ အတွင်းဝန် ဒေါ်နုနုယဉ်။ သတင်းဓာတ်ပုံ( MOI)
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဟာ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်သင့်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ကို AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုလိုက်ပြီး၊ ပုဒ်မ ၆၆(ဃ)မှာ ပြင်ဆင်စရာ အချက်တွေ ရှိနေသေးကြောင်း AHRC က ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ပြဌာန်းခဲ့ပြီး လွတ်လာစွာ ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်လို့ လူအများရဲ့ ဝေဖန်ခြင်းခံနေရတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဟာ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်သင့်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး က အကြံပြုထားတယ်လို့ NLD အစိုးရ တနှစ်ပြည့် လုပ်ဆောင်မှုတွေ နဲ့ပတ်သက်ပြီး မေလ ၄ ရက် ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရှေ့နေချုပ်ရုံးရဲ့ အတွင်းဝန် ဒေါ်နုနုယဉ်က ပြောသွားပါတယ်။

ပုဒ်မ ၆၆(ဃ)ကို ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနက ဥပဒေကြမ်းအဖြစ် ပြင်ဆင်ရေးဆွဲနေပြီး၊ ဒါနဲ့ပတ်သက်လို့ သဘောထား တောင်းခံလာတဲ့ အတွက် ၆၆(ဃ)ကို အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြင်ဆင်သင့်ကြောင်း ရှေ့နေချုပ်ရုံးက အကြံပြုခဲ့တာပါ။ ဒီအကြံပြုချက်အတိုင်း ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ဖို့ လိုတယ်လို့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

ဥပဒေမှာတော့ ထောင်ဒဏ် ၃နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ အမှုတွေကို ရဲကအရေးယူ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲအရေးပိုင်မှုအဖြစ် သတ်မှတ်ထားတာကြောင့် ၆၆(ဃ)အတွက် အာမခံပေးဖို့ ဆိုရင် ပြစ်ဒဏ်ကို ထောင်ဒဏ် ၂နှစ်နဲ့အောက် ဒါမှမဟုတ် ငွေဒဏ်အဖြစ်သာ သတ်မှတ်ဖို့လိုတယ်လို့ AHRC က ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေဆဲပဲလို့ ကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

၆၆(ဃ)နဲ့ ပတ်သက်လို့ ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်ပါတဲ့ ဥပဒေမူကြမ်းကို ဝန်ကြီးဌာနကို ပြန်လည်ပေးပို့ထားပြီး အဲဒီကတဆင့် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကော်မတီ၊ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ကြောင်း သိရပြီး၊ အဲဒီနောက်ပိုင်း အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ ဆွေးနွေးပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ အမှု ၅၄ ခုရှိနေပြီး အာမခံမရဘဲ အချုပ်ကျနေတဲ့အမှု ၆ ခုနဲ့ ပြစ်ဒဏ်ချခံရတဲ့ အမှု ၈ ခုရှိနေကြောင်း သိရပါ တယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ပါဖေါ်ပြချက်မှာတော့ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြပြီး လူပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့် ငွေတောင်းခံတာ၊ အနိုင်အထက် ပြုတာ၊ အသရေဖျက် နှောင့်ယှက်တာ၊ မလျော်သြဇာသုံးခြင်း ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေ မရှိစေဖို့ တားမြစ်ထားတာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment