Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

သားဖြစ်သူက မိခင်အတွက် အထူး ဘရာစီယာတီထွင်ပြီး ရင်သားကင်ဆာကို စောင့်ကြည့်ပေး


မက္ကဆီကိုနိုင်ငံမှ လူငယ်လေးတစ်ဦးသည် အထူးဘရာစီယာတစ်ခုကို တီထွင်ပြီးနောက် မိခင်၏ ရင်သား ကင်ဆာ အခြေအနေကို ဖုန်းကတစ်ဆင့် စောင့်ကြည့်ပေးနိုင်မည့် နည်းပညာအား တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

Biosensor စနစ်ကို အသုံးပြုပြီး အပူချိန်ကတစ်ဆင့် တိုင်းတာကာ ကင်ဆာရှိနိုင်၊ မရှိနိုင်ကို အာရုံခံနိုင်မည့်စနစ် ဖြစ်သောကြောင့် အမျိုးသမီးများ အနေနှင့် ဆင်ဆာစနစ်ပါသည့် ဘရာစီယာကို ဝတ်ဆင်ထားပြီး သောကကင်းစွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဂျူလီယန် ရီယိုကန်တူဆိုသည့် အသက် ၁၈ နှစ်သားလေးသည် သူ အသက် ၁၃ နှစ်သားအရွယ်ကတည်းက မိခင်၏ ရင်သားကင်ဆာကို သေလုနီးပါး ဆိုးရွားစွာ ခံစားခဲ့ရမှုအား စာနာစိတ်ထားပြီး သူငယ်ချင်း သုံးယောက်နှင့်အတူ Eva Bra ဆိုသည့် ဘရာစီယာ တစ်မျိုးကို တီထွင်ခဲ့ကြခြင်းဖြစ်သည်။

ဘရာစီယာအတွင်း Biosensor စနစ်ပေါင်း ၂၀ဝ ခန့်ကို ထည့်သွင်းထားပြီး အပူချိန်ကတစ်ဆင့် ကင်ဆာ ရှိ မရှိကို စစ်ဆေးနိုင်မည် ဖြစ်သောကြောင့် သန်းပေါင်း များစွာသော အမျိုးသမီးများအတွက် အလေးထား အားတက်စရာတစ်ခု ဖြစ်လာနိုင်မည့် နည်းပညာတစ်ခုလည်း ဖြစ်သည်။

ယင်းဘရာစီယာ ဝတ်ဆင်မည့် အမျိုးသမီးများသည် မိမိတို့ဖုန်းအတွင်း ဆော့ဖ်ဝဲတစ်မျိုးကိုလည်း တင်ထားရန် လိုအပ်ပြီး Eva ဘရာစီယာကို အနည်းဆုံး တစ်ပတ်လျှင် မိနစ် ၆၀ မှ ၉၀ ခန့် ဝတ်ထားရုံဖြင့် တိုင်းတာ စစ်ဆေးမှု အဖြေကို ထုတ်ပေးနိုင်မည်ဟု ဂျူလီယန်က ပြောကြားသည်။

ဂျူလီယန်နှင့် သူငယ်ချင်းများသည် Higia Technologies ဆိုသည့် ကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီး၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊ ဂျာမနီနိုင်ငံ ဖရင့်ဖတ်မြို့၌ ကျင်းပသည့် Global Student Entrepreneur Awards (GSEA) ပွဲတွင် သူတို့အဖွဲ့ ဆုတံဆိပ်များ ရရှိခဲ့သည်။

ယခုအခါ Auto Exploration Bra ကို စမ်းသပ်အဆင့်တွင် တီထွင်ထားပြီး၊ GSEA ပွဲက ရရှိထားသည့် ဆုချီးမြှင့်ငွေ ဒေါ်လာ ၂၀ဝ၀ဝ ဖြင့် ဈေးကွက်တွင် ထုတ်လုပ် ရောင်းချသွားနိုင်သည့် အဆင့်ရောက်စေရန် ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဂျူလီယန်က ဆိုသည်။

Credit: the voice

No comments:

Post a Comment