Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 8, 2017

အစိုးရတပ်စခန်းဟောင်းနေရာတွင် သက်တမ်းကြာမြင့် မြေမြုပ်ဗုံးတလုံးပေါက်ကွဲ ကိုယ်ရင် ၈ ပါးဒဏ်ရာရ



မေလ ၈ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်တူမြို့နယ် မိုင်းရင်အုပ်စုရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် သက်တမ်းကြာ မြင့်ပြီဖြစ်သော မြေမြုပ်ဗုံးပေါက်ကွဲရာ ကိုယ်ရင်ငယ် ၈ ပါး ဒဏ်ရာရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုနေကြောင်းသိရသည်။

မေလ ၈ ရက် မနက် ၉ နာရီအချိန်ခန့်တွင်အဆိုပါဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကိုယ်ရင် ၈ ပါး ဒဏ်ရာရကာ ၆ ပါးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း မိုင်းရင်မြို့ခံများပြောပြချက်အရသိရသည်။

နမ္မတူမြို့နယ် လူမှုအသင်းအဖွဲ့ တွင်လှုပ်ရှားနေသည့် နန်းခမ်းဖုန်းက - “ဒဏ်ရာရကိုယ်ရင် ၈ ပါး ကိုလားရှိုး ပြည်သူ့ ဆေးရုံကိုလာပို့တာပါ။ အဲ့ထဲမှာ ၂ ပါးက ခြေတွေလက်တွေမှာထိတယ်။ကျန်တာက ဗိုက်တွေ ရင်ဘတ်တွေ ကိုယ်လုံး တွေမှာထိတော့ ဒဏ်ရာပြင်းထန်တယ်။ ကိုယ်ရင်တွေက အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြားမှာရှိကြတယ်။ အဲဒီဗုံးက သက်တမ်းကြာလှပြီ။ သံချေးတွေတောင်တက်နေပြီ။ ကိုယ်ရင်တွေက ဗုံးမှန်းမသိဘဲ ယူလာဆော့တာ။ ကျောင်း အပေါ်ထပ်ကနေပြီးအောက်ထပ်ကို ပစ်ချတာလေ ။ ပေါက်ကွဲ ထိမိတော့တာပေါ့ ” - ဟု သျှမ်းသံတော်ဆင့် အားပြောပြသည်။


နမ္မတူမြို့ အရှေ့မြောက်ဘက်ရှိ မိုင်းရင်အုပ်စု ဇေယျသုခ ဘုန်ကြီးကျောင်းအနီးတွင် ယခင် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က အစိုးရတပ်မတော်၏ တပ်စခန်းဟောင်းတခုဖြစ်ကြောင်း ၄င်းတို့တပ်ရုပ်ပြန်သွားပြီး နောက်တပ်စခန်းမြေ နေရာအား သာသနာ့ပိုင်မြေအဖြစ်လှူဒါန်းလိုက်ကြောင်း၊ သို့သော် ဗုံးများ ရှင်းလင်းပေးသွားခြင်းမရှိသဖြင့် ထိုသို့ ကျန်ရှိနေသေးခြင်းဖြစ်ကြောင်း၊ ယခုတွင်မူထိုမြေနေရာတွင် ကျောင်းထပ်ဆောက်ရင် မြေထွန်မြေညှိရာမှ မြေမြုပ်ဗုံး အဟောင်းများ ပြန်ထွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းမှကိုယ်ရင်ငယ်များတွေ့ရှိသဖြင့် ၂ လုံးယူလာဆော့ရာမှာ တလုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဆိုပါသည်။

၎င်းနှင့်ပတ်သက်ပြီး နန်းခမ်းဖုန်းက - “အခု လားရှိုးဆေးရုံကိုရောက်နေတယ်။ ဖြစ်စဉ်ကို လွှတ်တော်အမတ်တွေဆီ ကျမတို့အကြောင်းကြားထားတယ်။ အစိုးရပိုင်းကတော့လာမကြည့်သေးဘူး။ ကျမတို့ဒေသမှာ မြေမြုပ်မိုင်းတွေ ဗုံးတွေများပါတယ်။ အခုနောက်ပိုင်းလာပြီး ထောင်ကြတဲ့ ဗုံးတွေကိုတော့ ဒေသခံတွေတောင်းဆိုမှုကြောင့် လာဖြုတ် ပေးတာတွေ တွေ့ရတယ်။ တပ်မတော်ရော တိုင်းရင်းသားအဖွဲ့တွေရောပေါ့။ ရှိတော့ထပ်ရှိနေသေးတယ်။ မြေမြုပ်ဗုံး တွေ။ ရွာသားတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ မိမိထောင်ထားတဲ့ ဗုံးတွေကို လာပြီးတော့ရှင်းပေး စေချင်ပါ တယ်”- ဟု သျှမ်းသံတော်ဆင့်အားဆက်လက်ပြောပြသည်။

နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းစံဟွမ် က - “မှန်ပါတယ်။ ရွာကဖုန်းဆက်အကြောင်း ကြားလာပါတယ်။ ကိုယ်ရင်ငယ်လေးတွေ ဗုံးသွားယူလာဆော့ပြီးပေါက်ကွဲလို့ဒဏ်ရာရတဲ့အကြောင်းပေါ့။ ကျမတို့ကအခုသင်တန်းရှိနေ သေးတော့ ရွာကိုမပြန်သွားကြည့်ရသေးဘူး။ ဗုံးတွေက သံချေးတွေ တောင်တက်ကုန်ပြီ။ သက်တမ်းအရမ်းကြာပြီ ထင်တယ် ”- ဟု ပြောဆိုသည်။

နမ္မတူမြို့နယ်အနီးတဝိုက်တွင် အစိုးရတပ်မတော်အပြင် ရဲတပ်ဖွဲ့ ၊ တအာင်းတပ်ဖွဲ့ ၊ ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားနေထိုင်ပါသည်။ အစိုးရတပ်မတော်နှင့် တအာင်းတပ်ဖွဲ့၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးလာသည့် ၁ နှစ် ၂ နှစ်အတွင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုင်းရင်၊ မိုင်းတပ် ၊ မန်တုံ၊ မိုင်းဝီး၊ သိန်နီ ၊ကွတ်ခိုင်တို့တွင် မြေမြုပ်မိုင်း၊ ထောင်မိုင်း၊ ဗုံးများ အများအပြား တွေ့ရှိလာကြောင်းလည်း ဒေသခံများပြောပြချက်အရသိရသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

No comments:

Post a Comment