Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

မြဝတီမြို့တွင် ဇနီးသည်ဘုရားဖူးသွားစဉ် ခင်ပွန်းဖြစ်သူမှ ၁၃နှစ်အရွယ် အိမ်ဖော်အား သားမယားအဖြစ်ပြုကျင့်



မြဝတီ မေ ၁၁

ကရင်ပြည်နယ် မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပဒုမ္မာလမ်းတွင် နေထိုင်သည့် နေလင်းထွန်း(ခ)ထွန်းထွန်းမင်းနှင့်ဇနီးဖြစ်သူ ဒေါ်ခင်လေး(ခ)ဒေါ်ခင်ဥမ္မာလွင်တို့ နေအိမ်တွင် အိမ်အကူလုပ်ကိုင်ရန် ခေါ်ထားသော မ-------- ၁၃နှစ်၊ (ဘ)ဦးရွှေအုံ၊ ဆပ်သွားခြုံကျေးရွာ၊ ဝေါမြို့နယ်နေသူအား အသက်၄၀နှစ်အရွယ်ရှိ အိမ်ရှင်ဖြစ်သူ နေလင်းထွန်းမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရပါသည်။

အဆိုပါသားမယားပြုကျင့်မှုအား ဇနီးဖြစ်သူကိုယ်တိုင် ပြုကျင့်ခံရသည့် အိမ်ဖော်ကို ခေါ်ဆောင်ကာမေလ(၂)ရက်နေ့က မြ၀တီမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သဖြင့် မြ၀တီမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၃)နှစ်အရွယ်၊ မ------- သည် ဝေါမြို့နယ်၊ ဆပ်သွားခြုံကျေးရွာမှ အိမ်ဖော်အဖြစ် မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်၊ပဒုမ္မာလမ်းနေ နေလင်းထွန်းနှင့်ဇနီးဖြစ်သူ ဒေါ်ခင်လေး(ခ)ဒေါ်ခင်ဥမ္မာလွင်တို့နေအိမ်သို့ အိမ်အကူ အဖြစ်လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ ၈-၄-၂၀၁၇ ရက်နေ့တွင် အိမ်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ခင်လေး(ခ)ဒေါ်ခင်ဥမ္မာလွင်မှာ ကျိုက်ထီးရိုးသို့ ဘုရားဖူးသွား နေကြောင်း သိရသည်။

 အဆိုပါနေအိမ်တွင် အိမ်ရှင်နေလင်းထွန်းနှင့် အသက်(၈၅)နှစ်အရွယ် အဖွားအိုတစ်ဦးနှင့် မ--------တို့ (၃)ဦးသာ ကျန်ရှိနေခဲ့ကြောင်း၊ ည(၉)နာရီအချိန်ခန့်တွင် အဘွားအိုမှာ နေအိမ်အပေါ်ထပ်သို့ တက်သွားကာ အိပ်ယာဝင်သွားစဉ် အိမ်ဖော်ဖြစ်သူ မ-------- အား နေအိမ်အောက်ထပ်ရှိ အိမ်ရှင် နေလင်းထွန်း၏ အိပ်ခန်းအတွင်းခြင်ထောင် ထောင်ခိုင်းခဲ့ကြောင်း၊ မ-------မှ ခြင်ထောင်ထောင်ပေးနေစဉ် နေလင်းထွန်းမှ ပါးစပ်အားပိတ်ကာ အတင်းအဓမ္မသားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ နောက်တစ်နေ့ညပိုင်း(၈)နာရီအချိန်ခန့်တွင်လည်း ၎င်းအိပ်ယာတွင် နှိပ်ပေးရန်ခေါ်၍ အိပ်ယာဘေးတွင် သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ နောက်တစ်ရက် နံနက်(၃)နာရီအချိန်ခန့်တွင် နေအိမ်အပေါ်ထပ်တွင် မ--------- မှအိပ်ပျော်နေ
စဉ် မ--------အား နိုးကာ နေအိမ်အပေါ်ထပ်ရှိ အိမ်သာခန်းတွင် အိမ်သာတက်လိုကြောင်းပြောသဖြင့် တံခါးဖွင့်ပေးပြီး အိမ်သာရေမရှိ၍ အိမ်သာရေခပ်ပေးရန်ခိုင်းသဖြင့် အိမ်သာရေခပ်၍ သွားပေးစဉ် အိမ်သာ ရှေ့တံခါးဝတွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ရေလဲပုဆိုးယူပေးရန်ခိုင်း၍ သွားပေးစဉ် ရေချိုးခန်းအနီး၌ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ကြောင်း၊ ည(၉)နာရီခန့်တွင် နေအိမ်နောက် ဘေးမီးဖိုချောင်တွင် သားမယာအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ဒေါ်ခင်လေး(ခ)ဒေါ်ခင်ဥမ္မာလွင်မှာ ၁၀-၄-၂၀၁၇ ရက်နေ့ည (၁၀)နာရီအချိန်ခန့်တွင် ဘုရားဖူးမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး မ-------- မှ တိုင်ကြားချင်သော်လည်း နေလင်းထွန်းမှ တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည့်အတွက် တိုင်ကြားခဲ့ခြင်းမပြုခဲ့ကြောင်း သိရသည်။

ထိုသို့နေလာရာမှ မ--------မှာ ကိုယ်ဝန်ရှိလာမည်ကို စိုးရိမ်လာသည့်အတွက် မေလ(၂)ရက်နေ့ ၁၂း၀၀အချိန်ခန့်တွင် အိမ်ရှင်နေလင်းထွန်း၏ဇနီးဖြစ်သူဒေါ်ခင်လေး(ခ)ဒေါ်ခင်ဥမ္မာလွင်နှင့် ၎င်း၏အမဖြစ်သူ မမျိုးစန္ဒီလွင်တို့အားဖြစ်စဉ်များအား ပြောပြခဲ့ရာမှ ၎င်းတို့နှစ်ဦးကိုယ်တိုင် ရဲစခန်းသို့လိုက်လံ ပို့ဆောင်ကာ အသက်မပြည့်သေးသည့် (၁၃)နှစ်အရွယ် မ---------အား သားမယားအဖြစ်(၅)ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့သူခင်ပွန်းဖြစ်သူ နေလင်းထွန်းအား ဥပဒေအရ အရေးယူပေးရန်အတွက် ပြုကျင့်ခံရသူ မ--------- အား တရားလိုပြုလုပ်စေကာ မြ၀တီမြို့မရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် မြ၀တီမြို့မရဲစခန်းမှ (ပ)၄၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ခဲ့ပြီးစခန်းမှူး ဒုတိယရဲမှူး ကိုကိုနိုင်မှ စစ်ဆေးကာ အမှုမှ ပြစ်မှုကျူးလွန်သူ နေလင်းထွန်းအား တိုင်တန်းသည့်နေ၌ပင် အမှုဖြင့်ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin

No comments:

Post a Comment