Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဥပဒေ (အမေရိကန် ရုပ်ရှင်လုပ်ငန်း) အပိုင်း (၇)



ရုပ်သံ နဲ့ ရုပ်ရှင် သရုပ်ဆောင်များ သမဂ္ဂ (SAG) ဘက်က အရေးယူ၊ပြစ်ဒဏ် ပေးတာတွေ ဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ SAG ရဲ့ ပုံမှန်အသင်းဝင်အဖြစ် မရပ်တည်ကြတဲ့ သရုပ်ဆောင်တွေလည်း Hollywood မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် SAG ရဲ့ အကာ အကွယ်ရဖို့အတွက် SAG ကို အသင်းဝင်ကြေးတော့ ပုံမှန်သွင်းကြ ပါတယ်။ မိမိကိုယ်ကိုယ် အသင်းဝင်အဖြစ် မခံယူပဲ SAG ကိုအသင်းဝင် ကြေးပုံမှန်ပေးပြီး မိမိရဲ့ ဘဏ္ဍာရေးအခြေအနေအရ မည့်သည့် ရုပ်သံ/ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက မဆို ကမ်းလှမ်းလာခဲ့ ရင် လက်ခံမယ့် (လက်ခံခွင့်ရှိတဲ့) သရုပ်ဆောင်ကို Financial Core Status (Fi-Core) နဲ့ ရပ်တည်သူလို့ခေါ်ပါတယ်။

Fi-Core သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့် နဲ့ အခွင့်အရေး အတွက် SAG ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရတဲ့ အပြင်၊ SAG က သပိတ်မှောက်ထားတဲ့ ရုပ်ရှင်စတူဒီယို တွေမှာ မိမိဆန္ဒအလျောက် သွားပြီးသရုပ်ဆောင် မယ်ဆိုရင်လည်း ပုံမှန်အသင်းဝင်တွေအပေါ် SAG က ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းချက်တွေ နဲ့ မသက်ဆိုင်တဲ့ အတွက် အပြစ်ပေး၊ အရေးယူခံရစရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ SAG ရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေဟာ ပုံမှန်အသင်းဝင်ဖြစ်တဲ့ သရုပ်ဆောင်တွေအတွက်ပဲ ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

ဥပမာ - Fi-Core သရုပ်ဆောင် တယောက်က ငွေကြေးအတော်လေး လိုအပ်နေတဲ့အချိန်မှာ Paramount စတူဒီယိုက သူ့ကို ငှားတယ်။ အဲဒီအချိန်မှာ SAG က လည်း သရုပ်ဆောင်တွေကိုပေးတဲ့ အနိမ့်ဆုံး လုပ်ခကို တိုးမြှင့်ပေးဖို့ Paramount စတူဒီယိုကို ဆန္ဒပြတဲ့ အချိန်ဖြစ် နေတယ်။ ဒါပေမယ့် အဲဒီ သရုပ်ဆောင်ဟာ SAG ရဲ့ ပုံမှန် အသင်းဝင်မဟုတ်တဲ့အတွက် အဲဒီသရုပ်ဆောင်ကို အရေးယူလို့မရပါဘူး။

ဒါပေမယ့် Fi-Core သရုပ်ဆောင်တွေဟာ ပုံမှန်အသင်းဝင်တွေလို သမဂ္ဂအတွင်းမှာရှိတဲ့ အဖွဲ့အစည်းရဲ့ နေရာတွေမှာ တာဝန် ထမ်းဆောင်ခွင့်မရှိပါဘူး။ ဒါ့အပြင် သမဂ္ဂက အခါအားလျော်စွာ ကျင်းပတဲ့ အစည်းအဝေးတွေကိုလည်း တက်ရောက်ခွင့် မရှိတဲ့အပြင်၊ အဖွဲ့အစည်းအတွင်း မဲခွဲဆုံးဖြတ်ရတဲ့ ကိစ္စတွေမှာလည်း ပါဝင်မဲပေးခွင့်မရှိပါဘူး။

အထက်ဖော်ပြခဲ့တဲ့ SAG ရဲ့ မူဝါဒတွေဟာ အမေရိကန် ရုပ်ရှင် နှင့် ရုပ်မြင်သံကြား ဇာတ်ညွှန်းရေး ဆရာများ သမဂ္ဂ (WGA) က သူ့ရဲ့ ပုံမှန်အသင်းဝင်တွေ နဲ့ Fi-Core ဇာတ်ညွှန်းရေးဆရာတွေအပေါ် ကျင့်သုံးတဲ့ မူဝါဒတွေ နဲ့ အတူတူပါပဲ။

ဒါပေမယ့် Fi-Core တွေနဲ့ ပက်သက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာကို ကြိုတင်ကာကွယ် တဲ့အနေနဲ့ SAG နဲ့ WGA ဟာ ရုပ်ရှင် စတူဒီယိုတွေ နဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေမှာ Security Clause ကို ထည့်သွင်းပြီး ချုပ်ဆိုကြပါတယ်။ Security Clause ထဲမှာ “စတူဒီယိုနှင့် အလုပ်လုပ်ကိုင်မည့် SAG (သို့မဟုတ်) WGA ၏ သရုပ်ဆောင် (သို့မဟုတ်) ဇာတ်ညွှန်းရေးဆရာသည် သက်ဆိုင်ရာ သမဂ္ဂ၏ အမြဲတမ်းအသင်းဝင်မဟုတ်ကြောင်း၊ သို့သော် အမြဲတမ်း အသင်းဝင်မဟုတ်သော်လည်း၊ အဆိုပါ သရုပ်ဆောင် (သို့) ဇာတ်ညွှန်းရေး ဆရာအား ငှားရမ်းအသုံးပြုသည့် ပုံစံသည် အမေရိကန်နိုင်ငံ၏ အထွေထွေ အလုပ်သမား ဥပဒေနှင့် ငြိစွန်းမှု မရှိလျှင် ဆိုပါ ပုဂ္ဂိုလ်အား ငှားရမ်းအသုံးပြုနိုင်ကြောင်း” ဖော်ပြထားပါတယ်။

“အနုပညာရှင်များ သမဂ္ဂ” (SAG, WGA, DGA) တွေအပါအ၀င် အလုပ်သမား သမဂ္ဂတိုင်းဟာ သက်ဆိုင်ရာ သမဂ္ဂတွေ မှာ အသင်းဝင်ထားတဲ့ သူ့အသင်းဝင်တွေကိုပဲ ကိုယ်စားပြုပါတယ်။ အသင်းဝင်မဟုတ်သူတွေကို ကိုယ်စားမပြုသလို၊ အလုပ်ခန့်သူ (အလုပ်ရှင်) တွေ နဲ့ အလုပ်ကြီးကြပ်တဲ့ အဆင့် (Supervisory Level) တွေကိုလည်း ကိုယ်စားမပြုပါဘူး။

ဒါပေမယ့်လည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းထဲက တချို့ ထုတ်လုပ် ရေးတွေမှာတော့ အနုပညာရှင်များ သမဂ္ဂ အမြဲတမ်း အသင်းဝင်ဖြစ်သူ တချို့ဟာ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကြီးကြပ်တဲ့အဆင့် (သို့) စီမံခန့်ခွဲတဲ့ အဆင့်တွေဖြစ်တဲ့ ပရိုဂျူဆာ၊ အယ်ဒီတာ၊ တွဲဖက်ဒါရိုက်တာ အဆင့်တွေ ထမ်းဆောင်နေတာကို တွေ့ရမှာပါ။ အဲဒီလို လူတွေကိုတော့ ရုပ်ရှင်လုပ်ငန်းမှာ Hyphenate လို့ခေါ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ သက်ဆိုင်ရာ သမဂ္ဂတွေအနေနဲ့ Hypernate တွေကို ကိုယ်စားပြု၊ မပြုဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအပေါ်မှာ အခြေခံ ပြီးတော့ ဆုံးဖြတ်ကြတာပါ။

အပိုင်း (၇) ကိုတော့ ဒီလောက် နဲ့ပဲ အဆုံး သတ်လိုက်ပါမယ်။ အပိုင်း (၈) မှာတော့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ ပြည်ပမှာသွားပြီး ရုပ်ရှင်ရိုက်ကူးတဲ့အတွက်ကြောင့် အမေရိကန် ရုပ်ရှင် လောကသားတွေကြုံတွေ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ကာလီဖိုးနီးယား ပြည်နယ် အစိုးရအပါအ၀င်၊ အခြားပြည်နယ် တချို့ရဲ့ အစိုးရတွေက ဘယ်လို ဥပဒေပြဋ္ဌာန်းပြီး အကာအကွယ်ပေး သလဲဆိုတာကို တင်ပြ သွားမှာပါ။
Kyaw Theinkha
https://www.facebook.com/kyawthein.kha.3/posts/996607667129572








No comments:

Post a Comment