Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 14, 2017

ရုပ်သံလွှင့်လုပ်ငန်း Content Provider ငါးခုအတွက် ပဏာမ ၁၀ ဦးတွင် KMA Group က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Eleven Media Group ကဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် အဆိုပြုထား


-ရုပ်သံလွှင့်လုပ်ငန်း Content Provider ငါးခုအတွက် ပဏာမ ၁၀ ဦးတွင် KMA Group က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Eleven Media Group ကဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် အဆိုပြုထား
 


MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး မြှုပ်နှံသွားရန် တင်ပြထားပြီး Eleven Media Group ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး မြှုပ်နှံသွားရန် စီစဉ်ထားကြောင်း ရုပ်သံလိုင်း ငါးခုအတွက် ရွေးချယ်မှုဆိုင်ရာ အဆင့်များကို အဆင့်ဆင့် စိစစ်ခဲ့သည့် Tun Group Asia လီမိတက်မှ သိရသည်။

အဆိုပါ MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် Content Provider အဖြစ်လုပ်ကိုင်လိုသူများအား Request For Proposal (RFP) အဆင့်လျှောက်ထားရန် Expression Of Interest (EOI) အဆင့်အောင်မြင်သူ ၄၂ ဦးကို ဖိတ်ကြားခဲ့ပြီး EOI အဆင့်အောင်မြင်သူ ကုမ္ပဏီ/အဖွဲ့အစည်း ၄၂ ဦးတွင် ၂၉ ဦးက RFP တင်သွင်းလျှောက်ထားရာ ရွေးချယ်မှုဆိုင်ရာ အဆင့်များကို Tun Group Asia Limited မှအဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀ ခုကို ပဏာမ စိစစ်ရွေးချယ်ထားသူများအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုမှာ Eleven Media Group ကုမ္ပဏီလီမိတက်၊ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်၊ Tikhina ကုမ္ပဏီလီမိတက်၊ VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Global Technology ကုမ္ပဏီလီမိတက်၊ Fortune International လီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် Young Investment Group ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုအနေဖြင့် ရုပ်သံလိုင်းငါးခုတွင် အရွေးချယ်ခံရရန် ကုမ္ပဏီမှ အဓိကတွဲဖက် အဖြစ်ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးပေးမည့် အဖွဲ့အစည်း၊ မြှုပ်နှံမည့်ပမာဏ စသည်ဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်။

ရုပ်သံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်မှ ကျပ်သန်း ၁၇၀၀၀ ဖြင့်အများဆုံးမြှုပ်နှံရန် စီစဉ်ထားကာ Life Channel အမည်ဖြင့် ရုပ်သံထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ဦးခင်မောင်အေးပိုင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်၏ တွဲဖက်ပါတနာအဖြစ် ဒါရိုက်တာ မောင်မျိုးမင်းနှင့် သရုပ်ဆောင် ရဲအောင်တို့ ပါဝင်နေကြောင်း သိရသည်။

ဒုတိယအများဆုံး မြှုပ်နှံမည့် Eleven Media Group ကုမ္ပဏီလီမိတက်သည်  Eleven Channel အမည်ဖြင့် ရုပ်သံလိုင်း ထုတ်လွှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ခြောက်သန်း မြှုပ်နှံမည်ဖြစ်ကာ တွဲဖက်ပါတနာ ပါဝင်မှုမရှိဘဲ ဒေါက်တာသန်းထွဋ်အောင်နှင့် ဒေါက်တာသိန်းမြင့်တို့ ဦးဆောင်မည်ဖြစ်သည်။

တတိယအများဆုံး မြှုပ်နှံမည့် Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက် အနေဖြင့် ကျပ်သန်း ၈၀၀၀ မြှုပ်နှံမည်ဖြစ်ကာ ဦးဘိုဆန်းက ဦးဆောင်ပြီး BTV အမည်ဖြင့် ရုပ်သံလိုင်း ထူထောင်မည်ဖြစ်သည်။

Mizzima Media ကုမ္ပဏီလီမိတက်မှ ဦးစိုးမြင့်ဦးဆောင်ကာ ဒေါ်လာ ၅ ဒသမ ၃ သန်းမြှုပ်နှံ၍ နောက်ကွယ်မှ တွဲဖက်ပါတနာအဖြစ် ဦးသိမ်းဝေ၏ SPA Myanmar နှင့် 21 st Century Fox တို့ပါဝင်ကြောင်း သိရသည်။

VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်မှ Smile TV အဖြစ် ကျပ်သန်း ၆၀၀၀ ဖြင့်ရုပ်သံ ထူထောင်မည်ဖြစ်ကာ ဦးဆောင်သူများအဖြစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေး (မိုးဆမ်းပန်း မီဒီယာဂရုပ်) နှင့် သရုပ်ဆောင် စမိုင်းလ်၊ စာရေးဆရာ မင်းခိုက်စိုးစန် စသူတို့ပါဝင်ကြောင်း သိရသည်။

ဦးမြဟန်၏ Fortune International လီမိတက်မှ Fortune Channel ထူထောင်ကာ တွဲဖက်ပါတနာအဖြစ် MCN News မှပါဝင်မည်ဖြစ်ပြီး ကျပ်သန်း ၅၁၀၀ မြှုပ်နှံမည်ဖြစ်သည်။

ဦးသီဟအောင်နှင့် သရုပ်ဆောင်ဇာဂနာ ဦးဆောင်မည့် Young Investment Group ကုမ္ပဏီလီမိတက်မှ My Channel ထူထောင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း မြှုပ်နှံမည်ဖြစ်သည်။

ကျပ်သန်းလေးထောင် မြှုပ်နှံမည်ဆိုသည့် Tikhina ကုမ္ပဏီလီမိတက်သည် IBTV (Industrial Business) Channel ထူထောင်ကာ ဦးကျော်ညွန့်ဦးနှင့် သခင်သန်းတင်တို့က ဦးဆောင်၍ တွဲဖက်ပါတနာအဖြစ် Tikhina နှင့် Aung Naing Thu Cooperative စသူများပါဝင်ကြောင်း သိရသည်။

ဦးရှိန်းသူအောင်နှင့် ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေ ဦးဆောင်မည့် Global Technology ကုမ္ပဏီလီမိတက်သည် Channel A အမည်ဖြင့် ရုပ်သံထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၃ သန်းမြှုပ်နှံ၍ တွဲဖက်ပါတနာများအဖြစ် Frontier Myanmar နှင့် Nam Ei Ki စသူတို့ပါဝင်သည်။

ဦးခင်မောင်စိုး ဦးဆောင်မည့် DVB Muti Media Group ကုမ္ပဏီလီမိတက် အနေဖြင့် DVB Channel ထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထားကြောင်း သိရသည်။

MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံကာ နောက်ဆုံးငါးဦးကို အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Tun Group Asia လီမိတက်မှသိရသည်။

“ကျွန်တော် နားလည်သလောက်ပေါ့။ ဒီ ၁၀ ဦးထဲမှာ ငွေကြေးပိုင်းနဲ့ ပတ်သက်တာ ပြန်စိစစ်မယ်။ စာထဲမှာတော့ ရေးထားတာပေါ့။ တကယ် လုပ်နိုင်မလုပ်နိုင် အဲဒါတွေကိုလည်းစစ်မယ်။ ကုမ္ပဏီဖွဲ့စည်းပုံ ဘာညာ အဲဒါတွေကြည့်မယ်။ တစ်ခါ MRTV ရဲ့မူဝါဒတွေနဲ့ ဒါတွေကို လိုက်နိုင်မလိုက်နိုင် ကြည့်မယ်။ ကျွန်တော်နားလည်တာက အဲဒီမှာ ၀န်ကြီးဌာနရဲ့ Board အဖွဲ့ကလည်း ထိုင်တယ်။ ကျွန်တော်တို့ကလည်းမေးမယ်။ အသေးစိတ်စစ်ပြီးရင်တော့ နောက်ဆုံးငါးဦး ထွက်လာမှာပဲ။ အခုနောက်တစ်ဆင့် ထပ်ထည့်လိုက်တာက အဲဒါအဓိကပေါ့။ စနစ်က ပြောင်းသွားပြီဆိုတော့ ကျွန်တော်တို့က ကုမ္ပဏီတိုင်းဆိုတာထက် ကိုယ့်ငွေနဲ့ တကယ်လုပ်မယ့်သူ။ အခွန်တွေဘာတွေ ဆောင်ထားတဲ့သူ။ ဥပဒေလမ်းကြောင်းက လိုင်စင်တွေ ဘာတွေ အဲဒါတွေကို ပြန်စိစစ်တဲ့သဘော ဖြစ်သွားတယ်။ ငွေဖြူငွေမည်း ပြဿနာတွေလည်း ထိုက်သင့်သလောက်ပါလိမ့်မယ်။ အခွန်ဆောင်ထားသလား။ အခုမှစလုပ်မယ့်သူဆိုရင် အဲဒီငွေဘယ်ကရသလဲ။ သူ့ပိုင်ဆိုင်မှုတွေ ပြနိုင်လားစသည်ဖြင့် စိစစ်တဲ့ အပိုင်းတွေပါလာမယ်။ အဲဒါကြောင့် ဒီအဆင့်က ပိုလာတာ။ ပုံမှန်အားဖြင့်ဆို ကျွန်တော်တို့က ငွေဘယ်လောက်ထည့်နိုင်လဲ၊ သူရဲ့ စီးပွားရေး စီမံကိန်းလောက် ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ ၀န်ကြီးဌာနက ကျတော့လည်း အဲဒီလောက်တင် မဟုတ်ဘဲ အဲဒီငွေ ဘယ်ကရသလဲ။ နိုင်ငံခြားက ငွေတွေပါလာခဲ့ရင် လက်ရှိမြန်မာနိုင်ငံ ဥပဒေတွေနဲ့ ငြိစွန်းမှုတွေ ရှိသလား။ ရှိတယ်ဆိုရင် သူတို့အခက်အခဲ။ အဲဒီလိုသဘောတွေအတွက် ကျွန်တော်တို့ နောက်တစ်ဆင့် ထည့်ခဲ့တာပေါ့။ လက်ရှိရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ ကိုက်ညီသလား။ ဒါတွေကို ထည့်သွင်း စဉ်းစားခဲ့တာပေါ့။ အဲဒါတွေ ပြန်စိစစ်ဖို့ဆိုတဲ့ အဆင့်လောက်ပါပဲ” ဟု Tun Group Asia လီမိတက်မှ အကြံပေးအရာရှိချုပ် ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခု၏ အခွန်ထမ်းဆောင်မှုကို လတ်တလော ထုတ်ပြန်ပေးထားသည့် ၂၀၁၅ - ၂၀၁၆ စည်းကြပ်နှစ်၏ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်း၌ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Young Investment Group ကုမ္ပဏီလီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် ကုမ္ပဏီအသစ်ဖြစ်သည့် Tikhina ကုမ္ပဏီလီမိတက်နှင့် VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်တို့ ပါဝင်နေမှု မရှိသော်လည်း Global Technology ကုမ္ပဏီမှ ကုန်သွယ် လုပ်ငန်းခွန်တွင် အဆင့် ၇၁၆ နှင့် ကျပ် ၆၁၈၄၃၆၉၁ ပေးဆောင်ထားပြီး Fortune International လီမိတက်မှလည်း ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ် ၈၅၅၂၂၂၃၂ ပေးဆောင်ထားကာ အဆင့် ၆၅၆ မှာရပ်တည်နေသည့်အပြင် ၀င်ငွေခွန်တွင်လည်း ကျပ် ၁၆၃၃၂၆၉၇၂ ပေးဆောင်၍ အဆင့် ၃၅၆ တွင်ရပ်တည်နေကာ Eleven Media Group သည် ကျပ်သန်း ၃၀၀ အောက် အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၂၂၇ နေရာမှ ပါဝင်ပြီး အခွန်ထမ်းဆောင်မှု ကျပ် ၂၇၁၆၆၇၂၃၄ နှင့်ကုန်သွယ် လုပ်ငန်းခွန်တွင် ကျပ် ၂၈၀၆၅၇၄၄၅ နှင့်အဆင့် ၂၈၉ တွင်ရပ်တည်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

MRTV ၏ Digiral Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံထားပြီး ယခုလအတွင်းပင် ငါးဦးရွေးချယ်ရန် တင်ပြမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ရုပ်သံလွှင့် ဥပဒေမပေါ်ပေါက်မီ ရုပ်သံဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို MRTV ၏လိုင်း ၁၆ ခုအနက်မှ ငါးခုကို New Content Provider များကို လုပ်ကိုင်ခွင့်ပြုရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထုတ်လွှင့်ခအဖြစ် ရုပ်သံလိုင်းတစ်ခုလျှင် လစဉ်ကြေး တစ်လကျပ်သိန်း ၂၀၀ ကို ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ရရှိသူငါးဦးက ပေးသွင်းရမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားထားသည်။        

 
Writer
ဖြိုးဝေ

No comments:

Post a Comment