Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 10, 2017

နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင်ချန်ပီယံ အေးလွင်

 

နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင်ချန်ပီယံ အေးလွင်


ဆွံ့အနားမကြားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ မြန်မာပြည်စစ်တုရင်ချန်ပီယံ ၆ ကြိမ်ဖြစ်ခဲ့ပြီး နိုင်ငံအတွက် ဆုတံဆိပ်တွေရယူပေးခဲ့သူပါ။ နောက်ဆုံး မျက်စိအမြင်တွေပါချို့တဲ့ခဲ့ပါတယ်၊ သူ့ရဲ့မလျော့သောဇွဲ့နဲ့ မသန်စွမ်းအားကစားပွဲတွေမှာ နိုင်ငံအတွက်ရွှေတံဆိပ်တွေရယူပေးခဲ့သူ။ လွန်ခဲ့တဲ့ နှစ်က ကွယ်လွန်သွားခဲ့ပါပြီ။ သူ့အကြောင်း ဦးမောင်မောင်လွင် ရေးထားတဲ့ဆောင်းပါးလေးပါ။

“အေးလွင်” ဆိုတဲ့နာမည်ကို
စစ်တုရင်သမားတွေ မှတ်မိနေကြမှာပါ

ဒီနေ့ (၂၀၁၆ နိုဝင်ဘာ ၁၉) မှာ
ရုတ်တရက်ရင်ဘတ်အောင့်ပြီး 
ဆေးရုံအရောက် ဆုံးပါးခဲ့ရှာပြီ

စကားမပြောနိုင်
အသံမကြားနိုင်တဲ့ဘ၀မှာတောင်
မြန်မာပြည်ချန်ပီယန် ၆ ကြိမ်ဖြစ်ခဲ့သူ

နိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာပွဲများစွာယှဉ်ပြိုင်ခဲ့သူ

မြန်မာပြည်က
ပထမဦးဆုံး
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်စံနှုန်းရသူတွေထဲမှာ 
အမြင့်ဆုံးရခဲ့သူ

အမြင်အာရုံပါချို့တဲ့သွားချိန်မှာ
စိတ်ဓါတ်မကျပဲ
စစ်တုရင်ပွဲတွေ ဆက်နွှဲနေသူ

မသန်စွမ်းဆီးဂိမ်းမှာ
ရွှေတံဆိပ်တွေ ရယူပေးခဲ့သူ
 
စင်ကာပူပွဲမှာ
သူကစားတာကြည့်ပြီး
ဘာမှမမြင်ရတာတောင်မှ
ဒီလောက်သပ်ရပ်လှပတဲ့ကစားကွက်တွေဖေါ်ပြီး
တိုက်စစ်ဆင်သွားတာ
ငါ့ကို စစ်တုရင်သင်ပေးနေသလိုပါပဲ ဆိုပြီး
ဒိုင်လုပ်တဲ့ ဖီဒဲမာစတာကတောင်မှ
ရင်သပ်ရှုမော အံ့သြချီးကျူးရသူ

အမှောင်ကမ္ဘာထဲက အောင်ပွဲတေးသံ ခေါင်းစဉ်နဲ့
သူ့ကိုဂုဏ်ပြုရေးခဲ့ဖူးတယ်

စင်ကာပူ ဒု-၀န်ကြီးချုပ် 
လာအားပေးကြည့်ရှုစဉ်ကပုံလည်းပါရဲ့

သူမှာထားတဲ့ 
MCO-15 (Modern Chess Opening 15th Edition) 
နိုင်ငံခြားက၀ယ်လာခဲ့တာ
လာမယူသေးပါလားလို့တောင်မှ
တစ်နေ့က ပြောမိနေသေးတယ်

ကွေးသောလက်သည် မဆန့်မီလျှင် တဲ့
မြန်ဆန်လွန်းလှချည်ရဲ့

သူနဲ့ပါတ်သက်ပြီးရေးစရာ
အများကြီးရှိပါသေးတယ်

အခုတော့ 
အရင်ကစာကိုပဲ ထပ်တင်လိုက်ပါတယ်

နောင်ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင်
ကမ္ဘာ့စစ်တုရင်လောကကို
ခြောက်ခြားစေနိုင်တဲ့ချန်ပီယန်ကြီးဖြစ်ပါစေ

အမှောင်ကမ္ဘာထဲက အောင်ပွဲတေးသံ
မောင်စံပေါ

(၁)
စစ်တုရင်ခုံပေါ်က အရုပ်ကလေးတွေကို လက်နှစ်ဖက်နဲ့ စမ်းတယ်။ ကျင့်သားရနေတဲ့ လက်တွေရဲ့ အထိအတွေ့မှာ ဘယ်ကစားကောင်က ဘာအကွက်ပေါ်မှာ ရှိနေတယ်ဆိုတာကို စိတ်မျက်စိက မြင်တယ်။ ဟုတ်တယ်လေ။ မြင်နိုင်အောင် ကွဲပြားတဲ့ အမှတ်အသားတွေ ရှိတယ်။ ရှစ်ကွယ်ပတ်လည် စစ်တုရင်ခုံကို အနိမ့်အမြင့်မညီတဲ့ တစ်ကွက်ကျော် အကွက်တွေနဲ့ဖွဲ့စည်းထားတာဆိုတော့ စမ်းလိုက်တာနဲ့ အဖြူကွက်၊ အနက်ကွက်ဆိုတာသိတယ်။ အဖြူသမားရဲ့ ဘယ်ကနေညာအထိ အစဉ်အတိုင်း အင်္ဂလိပ်စာလုံး အေ(a) ကနေ အိပ်ခ်ျ(h) အထိ သတ်မှတ်ပေးထားတယ်။ အဖြူနဲ့အနီးဆုံးအကွက်ကို ၁၊ အဝေးဆုံးကို ၈ ဆိုပြီး အမှတ်အသားပြုထားပေးတယ်။ အဖြူဘက်ကိုစမ်းတယ်။ အနက်ဘက်ကိုစမ်းတယ်။ အားလုံးဟာ သူ့နေရာမှာသူ နေရာတကျ။ ပွဲစမယ်ဆိုတဲ့ ဒိုင်ရဲ့ကျေညာသံထွက်ပေါ်လာတယ်။

(၂)
ပွဲစပြီ။ အရုပ်တွေကို လက်နဲ့စမ်းတယ်။ ဒါ ရိုးရိုးစစ်တုရင်ခုံမှ မဟုတ်တာ။ မျက်မမြင်စစ်တုရင်ခုံ။ ဒီတော့ အရုပ်တွေ လဲမသွားရလေအောင် အပေါက်တွေထဲမှာ စိုက်ထားရတယ်။ အနက်ရုပ်တွေကို အပေါ်မှာ ဆူးချွန်လေးတွေ တပ်ထားပေးပြီး အဖြူ အနက် ကွဲပြားစေတယ်။ အဖြူဘုရင်ရှေ့ကနယ်ကို အပေါက်ထဲကနေ ဆွဲထုတ်လိုက်တယ်။ တစ်ကွက်ကျော် အပေါက်လွတ်ထဲမှာစိုက်ပြီး နာရီကို နှိပ်လိုက်တယ်။ နံဘေးက ရွှေ့ကွက်မှတ်တမ်းတင်တဲ့ဒိုင်က e4 ဆို တီးတိုးရေရွတ်ကျေညာပြီး မှတ်တမ်းစာရွက်မှာ ရေးမှတ်လိုက်တယ်။ အနက်သမားက နယ်ကို c5 ရွှေ့ပြီး တုန့်ပြန်တယ်။ စစ်စလီယန်ခံစစ် (Sicilian Defense) ပြင်လာတာပေါ့လေ။ ကြိုက်ပြီ။ အေးလွင် စိတ်ထဲကနေ ရေရွတ်လိုက်တယ်။ 

(၃)
အေးလွင်က မြန်မာနိုင်ငံ အမျိုးသားတံခွန်စိုက်စစ်တုရင်ချန်ပီယန်ဆုကို ၆ ကြိမ်အထိဆွတ်ခူးခဲ့တာ။ ၁၉၈၀၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊ ၁၉၉၁ ခုနှစ်တွေမှာပါ။ သူ့စံချိန်ဟာ နှစ်များစွာ တည်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာမှ ၀င်းဇော်ထွန်းက အမီလိုက်လာနိုင်ခဲ့ပြီး ၆ ကြိမ်တူခဲ့တာ။ ဒါတောင် တူရုံဘဲရှိသေးတာ။ ကျိုးတာ မဟုတ်သေးဘူး။ သူနဲ့ ၀င်းဇော်ထွန်းနဲ့တူတာက ငယ်စဉ်ကတည်းက လက်စွမ်းလက်စပြခဲ့ အောင်မြင်ခဲ့တာ။ အရေးအကြီးဆုံး မတူတာ ပြောရရင် သူက ဆွံ့အနားမကြား။ စာရေးပြီး စကားပြောရ ဆက်သွယ်ရသူ။ နောက်ပိုင်း အမြင်အာရုံ ချို့ယွင်းခဲ့ပြီး ခွဲစိတ်ကုသခဲ့ပေမဲ့ ၂၀၀၇ ခုနှစ်ကစပြီး လုံးဝမမြင်ရတော့ချိန်မှာ သူပြောချင်တာကို မှန်းပြီး စာရေးပြောတယ်။ သူ့လက်ဖ၀ါးမှာ ရေးလာတဲ့ စာလုံးတွေကို ပုံဖေါ်ပြီး တစ်ဖက်သား ဘာပြောသလဲဆိုတာ သူသိတယ်။ 

(၄)
အေးလွင်မှတ်တမ်းတင်ခဲ့တာတွေထဲတစ်ချို့ကို ပြောပြပါမယ်။ ၁၉၉၁ မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲဝင်ခဲ့တဲ့ ပထမဦးဆုံး မြန်မာစစ်တုရင်လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့တယ်။ သူ့လက်ရည် အကောင်းဆုံးရှိနေခဲ့ပြီး အဲဒီအချိန်မှာ မြန်မာနိုင်ငံ အမျိုးသားတံခွန်စိုက်စစ်တုရင်ချန်ပီယန် ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကြီးမှာ မြန်မာစစ်တုရင်သမားတွေထဲမှာ အကောင်းဆုံးရလဒ်ရသူ ဖြစ်ခဲ့တယ်။ ၁၉၉၃ ဇန်န၀ါရီလက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ လက်ရည်စံနှုန်း သတ်မှတ် ကျေညာပေးခြင်းခံရတဲ့ ပထမဦးဆုံး မြန်မာစစ်တုရင်သမားတွေထဲမှာ အမြင့်မားဆုံးရခဲ့သူဆိုတာလည်းပါတယ်။ အေးလွင် ၂၃၆၀၊ အောင်သန့်ဇင် ၂၂၀၅၊ မျိုးနိုင် ၂၂၀၅၊ ဇော်ဝင်းလေး ၂၂၀၅ တို့ ဖြစ်ကြပါတယ်။ (အဲဒီနှစ်တွေတုန်းက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ရဲ့ လက်ရည်စံနှုန်းစာရင်းကို နှစ်စဉ် ဇန်န၀ါရီလမှာ ထုတ်ပြန်ပေးလေ့ရှိပါတယ်။ ၁၉၉၁ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ပီနန် Tanjung Bungah မှာ ရှိတဲ့ MarVista Resort မှာ ကျင်းပခဲ့တဲ့ န၀မအကြိမ်မြောက် အာရှအသင်းလိုက်စစ်တုရင်ပြိုင်ပွဲ (9th Asian Team Chess Championship) က ရလဒ်တွေကို အခြေခံတွက်ချက်ခဲ့တဲ့ စံနှုန်းဟာ ၁၉၉၂ ဇန်န၀ါရီလ စာရင်းမှာ ပါဝင်သင့်ခဲ့တာမှန်ပေမဲ့ ပြိုင်ပွဲအစီရင်ခံစာ အချိန်မီမရောက်ခဲ့လို့ ထည့်သွင်းကျေညာခံခဲ့ရခြင်း မရှိခဲ့တာ အင်မတန်မှ နစ်နာခဲ့ရပါတယ်။) 

(၅)
ပြောရရင် ဘ၀ပေးကံအရ ရလာခဲ့တဲ့ ဆွံ့အနားမကြားဘ၀မှာ သူဝါသနာပါရာ၊ စိတ်ဝင်စားစွာ လေ့ကျင့်အောင်မြင်ရာ စစ်တုရင်သမားဘ၀မှာ နှစ်ခြိုက်ပျော်ပိုက်စွာ နေလာခဲ့တယ်။ တစ်ခြားလူတွေထက်တောင် စွမ်းဆောင်နိုင်ခဲ့၊ အောင်မြင်ခဲ့တယ်။ နောက်ပိုင်း အာရုံကြောတွေအားနည်းပြီး တစ်ဖြည်းဖြည်းနဲ့ အမြင်အာရုံချို့တဲ့လာတယ်။ စစ်တုရင်ပြိုင်ပွဲတွေသွားချိန်မှာ ဟိုနေရာတိုက်မိ၊ ဒီနေရာတိုက်မိဖြစ်လာတယ်။ ချို့တဲ့လာတဲ့အမြင်ကြောင့် စစ်တုရင်ပြိုင်ရာမှာ အခက်အခဲဖြစ်ခဲ့တယ်။ နောက်လူငယ်တွေ လက်တက်လာချိန်မှာ တောင့်ခံထားနိုင်ဖို့ ခက်ခဲခဲ့တယ်။ 

(၆)
၂၀၀၇ ခုနှစ်မှာ အေးလွင် အမြင်အာရုံပျောက်ဆုံးခဲ့ပြီး တိုက်ဆိုင်စွာ နောက်နှစ် ဇန်န၀ါရီလမှာ 4th ASEAN Para Games ကို ထိုင်းနိုင်ငံ၊ နခွန်ရတ်စီမာမြို့ (Nakhon Ratchasima, Thailand) မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က စစ်တုရင်အားကစားနည်းမှာ Technical Delegate အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဋ္ဌေးနိုင်၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့်တို့နဲ့ တွေ့ဆုံခဲ့ရာမှာ အေးလွင် အကြောင်း ပြောပြဖြစ်ခဲ့ပါတယ်။ အခြေအနေအရ ဆီးဂိမ်းမှာ နိုင်ငံကိုယ်စားပြုခွင့်မရခဲ့တဲ့ အေးလွင်တစ်ယောက် မသန်စွမ်းဆီးဂိမ်းရဲ့ မျက်မမြင်စစ်တုရင်မှာ အစွမ်းပြခွင့်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ 

(၇)
စစ်တုရင်ကစားခုံပေါ်မှာ စစ်တုရင်အရုပ်တွေကိုကြည့်ပြီး တွက်ချက်စဉ်းစား ကစားနေကျအနေအထားကနေ မျက်မမြင်စစ်တုရင်ခုံမှာ အရုပ်တွေ အကွက်တွေစမ်းပြီး ကစားရတာ လွယ်ကူလှတဲ့ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ ဦးနှောက်က ဦးနှောက်အလုပ်အပြင် မျက်စိအလုပ်ပါ ၀င်လုပ်နေရတာကလား။ အားလျော့ခြင်း၊ စိတ်ပျက်ခြင်းတွေ ဘေးဖယ်ပြီး ကြိုးစားလေ့ကျင့်ခဲ့တယ်။ အထူးသဖြင့် မျက်မမြင်စစ်တုရင်ခုံ၊ မျက်မမြင်စစ်တုရင်အရုပ်တွေနဲ့ ကျင့်သားရဖို့ အချိန်ယူရတယ်။ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်။ ၂၀၀၉ မလေးရှား 5th Asean Para Games မှာ ငွေ ၂ ကြေး ၂ စ ရခဲ့တယ်။ 
၂၀၁၁ ကျတော့ အင်ဒိုနီးရှား မှာ ရွှေ ၂ ကြေး ၂ တိုးတက်လာတယ်။
(၈)
၂၀၁၃ ကိုယ့်မြေပေါ်မှာလုပ်တဲ့ မသန်စွမ်းဆီးဂိမ်းမှာ ပြိုင်သမျှ ရွှေဖြစ်စေရမယ်ဆိုပြီး ရည်မှန်းခဲ့တယ်။ အချိန်ဖိစီးမှုအောက်မှာ ကစားကောင်တည်ရာကို လွဲချော်မှတ်သားခဲ့ပြီးရှုံးနိမ့်ခဲ့ရာက ရွှေတံဆိပ် အရေအတွက် လျော့နည်းခဲ့ရတယ်။ ရွှေ ၂ ငွေ ၂ ဖြစ်ခဲ့ရတယ်။ ရတယ်လေ။ နောက်တစ်ကြိမ် မသန်စွမ်းဆီးဂိမ်းမှာ တွေ့ကြတာပေါ့။ 

(၉)
၂၀၁၅ စင်ကာပူ မသန်စွမ်းဆီးဂိမ်းမှာ စစ်တုရင်ပါမယ်ဆိုတာ သေချာပြီးချိန်မှာ လေ့ကျင့်မှုကို အရှိန်မြှင့်ခဲ့တယ်။ နောက်ဆုံးထွက်တဲ့ စစ်တုရင်စာအုပ်စာတမ်းတွေ၊ စစ်တုရင်ကွန်ပျူတာပရိုဂရမ်တွေကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ကနေတစ်ဆင့် မျက်မြင်စစ်တုရင်သမားတွေ အကူအညီနဲ့ လေ့လာခဲ့တယ်။ အုပ်ချုပ်၊ နည်းပြတွေကလည်း ကူညီတယ်။ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ကလည်း အထူးအားပေးတယ်။ အားကိုးတယ်။ ပြောသာပြောရတာ။ ၃-၈-၁၉၅၈ ရက်နေ့က မော်လမြိုင်မှာမွေးဖွားခဲ့တဲ့ အေးလွင်။ အသက် ၅၇ အရွယ်ဆိုတာ လူကောင်းတွေတောင်မှ ကျဆင်းချိန်။ ထားလိုက်ပါ။ ဒါတွေ ခေါင်းထဲ ထည့်မထားဘူး။ သူသိတာ ရွှေတံဆိပ် ၄ ခု။ သူပြိုင်မဲ့  လုံးဝမျက်မမြင်(ကျား) မှာပေးမဲ့  ရွှေတံဆိပ်စုစုပေါင်းအရေအတွက်။ စင်ကာပူရေ၊ အေးလွင်လာပြီဟေ့။

(၁၀)
ဒီဇင်ဘာ ၆ ရက်နေ့။ တစ်ဖက်ကို ခွင့်ပြုချိန် တစ်နာရီပေးတဲ့ ပုံမှန်စစ်တုရင်။ ၄ ရက်နေ့က စခဲ့ပြီး တစ်ရက် နှစ်ပွဲ ကစားရတယ်။ ၆ ပွဲပြိုင်ရမှာပေမဲ့ ၅ ပွဲ အပြီးမှာတင် ရာနှုန်းပြည့် အနိုင်ရပြီး တစ်ဦးချင်း ရွှေတံဆိပ်တစ်ခုက သေချာသွားခဲ့ပြီ။ ပွဲစဉ် ၆ က အသင်းလိုက်အတွက်။ အဆုံးသတ်မှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခု ရယူပေးနိုင်ခဲ့တယ်။ စစ်တုရင်ပြိုင်ပွဲခန်းမမှာ မြန်မာအလံ နှစ်ခါလွှင့်ထူခဲ့တယ်။ မြန်မာနိုင်ငံတော်သီချင်းကို နှစ်ခါဆိုခဲ့ကြတယ်။ တစ်ဝက်တော့ရပြီ။ 

(၁၁)
ဒီဇင်ဘာ ၇ ရက်နေ့။ တစ်ဖက်ကို ခွင့်ပြုချိန် ၃၀ မိနစ်ပေးတဲ့ အမြန်စစ်တုရင် စပြီ်။ စဉ်းစားချိန်နည်းသွားတော့ အမှားများနိုင်တယ်။ သူမှားနိုင်သလို ကိုယ်လည်း မှားနိုင်တာပါပဲ။ ကဲ အေးလွင်ရေ၊ ရာဇ၀င်ကြွေး ဆပ်ပေရော့။ ကိုယ့်ဖာသာ သတိပေးရင်း ယုံကြည်ချက်အပြည့်နဲ့ ကစားခဲ့တယ်။ ပွဲစဉ် ထိပ်ဆုံးခုံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အေးလွင်ရဲ့ကစားကွက်တွေက ခုံမှာ တာဝန်ကျတဲ့ အင်တာနေရှင်နယ်ဒိုင်လူကြီး ဖက်ချရာဝီ ကို အံ့အားသင့် မင်သက်မိစေတယ်။ ပြောရရင် ဖက်ချရာဝီ ကိုယ်တိုင်က ထိုင်းနိုင်ငံလက်ရွေးစင်ဖြစ်ခဲ့ဖူးသူ။ ထိုင်းနိုင်ငံ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲမှာ ဒုတိယအထိရခဲ့သူ။ လုံးဝမျက်မမြင်တစ်ယောက်အနေနဲ့ အေးလွင်ရဲ့ လှပတဲ့တိုက်စစ်၊ တိကျတဲ့တွက်ချက်မှု၊ သေသပ်တဲ့ပွဲသိမ်းကစားကွက်တွေဟာ မယုံနိုင်စရာပါပဲလို့တောင် နှုတ်က ထုတ်ပြော ချီးမွမ်းခဲ့တယ်။

(၁၂)
ဒီဇင်ဘာ ၈ ရက်နေ့။ ပုံမှန်စစ်တုရင်လိုပါပဲ။ ၅ ပွဲ အပြီးမှာတင် တစ်ဦးချင်း ရွှေတံဆိပ်တစ်ခုက အေးလွင် လက်ထဲရောက်သွားခဲ့ပြီ။ နောက်ဆုံးပွဲမစခင်မှာ ကန့်ကွက်ကြေး ဒေါ်လာတစ်ရာ နဲ့အတူ အင်ဒိုနီးရှား အသင်းခေါင်းဆောင်က ကန့်ကွက်စာတင်လာတယ်။ အေးလွင်ကို ဆက်သွယ်ကြရာမှာ စာရေးဆက်သွယ် ကြတာမို့ လုံးဝမျက်မမြင်အတန်းမှာ မထည့်သင့်ကြောင်း၊ ပြန်လည် စစ်ဆေး အတန်းခွဲပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့အကြောင်း စာနဲ့ပေနဲ့ တရားဝင် ကန့်ကွက်ခဲ့တာ။ ဒါလည်း နားလည်နိုင်ပါတယ်။ ကန့်ကွက်တာ အောင်မြင်ခဲ့ရင် စစ်တုရင်မှာ မြန်မာရတဲ့ရွှေတွေဟာ အင်ဒိုနီးရှားအတွက် ဖြစ်သွားမှာကိုး။ 
ဖြစ်ချင်တော့ ကန့်ကွက်လွှာ အဆုံးအဖြတ်ပြုရေးကော်မီတီမှာ ဥက္ကဋ္ဌက ဦးမောင်မောင်လွင်။ ဆွေးနွေးအပြီးမှာ မြန်မာနဲ့ပတ်သက်တာမို့ ကော်မီတီအတွင်း မဲခွဲအဆုံးအဖြတ်ပြုရာမှာ ဘေးဖယ်ပေးခဲ့တယ်။ ကျန်သူတွေကို ဆုံးဖြတ်စေတယ်။ အားလုံးက မှန်ကန်မျှတစွာနဲ့ ဆေးအဖွဲ့က ပြိုင်ပွဲမစခင်မှာ စစ်ဆေးသတ်မှတ် ပေးထားတဲ့ မူလသတ်မှတ်ချက်ဖြစ်တဲ့ လုံးဝမျက်မမြင်အတန်းကိုပဲ ဆက်လက်လက်ခံ အတည်ပြုခဲ့ကြပါတယ်။

(၁၃)
 ပွဲပြီးပြီ။ စင်ကာပူ မသန်စွမ်းဆီးဂိမ်းမှာ မြန်မာအလံ နှစ်ခါထပ်လွှင့်လို့။ လေထဲမှာ နိုင်ငံတော်သီချင်းသံ နှစ်ကြိမ်ထပ်မံ လွင့်ပျံလို့။ အိမ်အပြန် အေးလွင်ရင်ဘတ်မှာ ရွှေတံဆိပ်လေးခု။ “သူများတွေ ရွှေရနေပြီ။ ငါတို့အတွက် ပင်နီဆူလာမှာ သွားဝယ်ထားရမလား” ဆိုပြီး ပွဲအစမှာ နောက်ခဲ့ဖူးတဲ့ နည်းပြသူငယ်ချင်းကို ဒီမှာတွေ့လားဆိုပြီး လက်ကိုဆွဲ ရင်ဘတ်ကို ပုတ်ပြရင်း အော်လိုက်တယ်။ ၀ူး တဲ့။ အေးလွင်ရဲ့အောင်တေးသံ။ အားပေးတဲ့လက်ခုပ်သံတွေ ညံသွားတယ်။ လက်ခုပ်သံတွေကိုမကြားနိုင် အပြုံးတွေကို မမြင်နိုင်ပေမဲ့ အေးလွင် အားရပါးရပြုံးရင်း စာတစ်ကြောင်းရေးလိုက်တယ်။ ဆက်ချမယ် တဲ့။    ။

(နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။)
credit to U Maung Lwin
  

No comments:

Post a Comment