Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 12, 2017

ဆရာဝန်တွေတောင် အံ့အားသင့်ခဲ့ရတဲ့ သေရွာပြန် ကင်ဆာဝေဒနာရှင် ဒေါ်ယဉ်မွန်သန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“သမီး . . ယဉ်မွန်သန်းမဟုတ်လား၊ သမီးအသက်ရှင်တုန်းပဲနော်၊ လန်းလန်းဆန်းဆန်းပဲ . .”
ပန်းလှိုင်ဆေးရုံကြီးတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးသိန်းမြင့်သူနှင့် တွေ့ဆုံခိုက် ဆရာကြီးက လွန်ခဲ့သော ရှစ်နှစ်ခန့်က လူနာဖြစ်သူဒေါ်ယဉ်မွန်သန်းကို တွေ့တွေ့ချင်း လွန်စွာ အံ့အားသင့်သွားခဲ့သည်။ အသက် ၃၀ကျော်အရွယ်တွင် သားအိမ်ကင်ဆာတွေ့ရှိခဲ့ရသဖြင့် ၃၃ နှစ် အရွယ်၌ သားအိမ်ထုတ်ခဲ့သူ၊ ခုနစ်နှစ်ကြာပြီးနောက် အသက် ၄၀ အရွယ်တွင် ဆီးအိမ်နှင့် အစာဟောင်းအိမ်ကင်ဆာခံစားခဲ့ရပြီး လူ့လောကတွင် ခြောက်လသာနေရတော့မည်ဟု ဆရာဝန်ကြီးများက သတ်မှတ်ခဲ့သူ . . ယခု အသက် ၄၈နှစ်အရွယ်တွင် ကျန်းမာလန်းဆန်းနေသော ဒေါ်ယဉ်မွန်သန်းနှင့် ပြန်လည် ဆုံတွေ့ခဲ့ရသည့်အခါ ဆရာကြီး ဦးသိန်းမြင့်သူနည်းတူ သူ့ကိုကုသပေးခဲ့သော ဆီးနှင့်ကျောက် ကပ်ခွဲစိတ်အထူးကု ဆရာဝန်ကြီးကပါ “သမီး အသက်ရှင်တုန်းပဲနော်၊ သေသွားပြီထင်နေတာ”ဆိုပြီး အံ့အားသင့်ခဲ့ရသည်။သို့ဖြစ်ရာ ဆရာကြီး၏ မိတ်ဆက်ပေးမှုဖြင့် ဒေါ်ယဉ်မွန်သန်းနှင့် တွေ့ဆုံပြီး သူ၏ကင်ဆာခယောင်းလမ်း ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပုံ၊ လောကဓံတရားကို ရင်ဆိုင်ရင်း အသက်ရှင်နေထိုင်ခဲ့ပုံအကြောင်းများကို ကင်ဆာလူနာတို့ ခွန်အားရရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

“အန်တီ အိမ်ထောင်ကျတာ အသက် ၂၇ နှစ် မှာပါ၊ အသက် ၃၀ ကျော်အရွယ်မှာ သားအိမ်ကင်ဆာဖြစ်တော့ ၃၃နှစ်မှာ သားအိမ်ကို ထုတ်လိုက်ရ တယ်။ မိန်းမသားတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုပြီးချိန်မှာ သားသမီးလည်း အရမ်းလိုချင်ပြီး မိခင် တစ်ယောက်ဖြစ်ချင်တော့ သားအိမ်ထုတ်ရချိန်မှာ အလွန်အမင်းဝမ်းနည်းခဲ့ပါတယ်။ အဲဒီအချိန်မှာ အန်တီ့ကို ကုပေးခဲ့တဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ဒေါက်တာက ‘လူ ၃၀၀၀ မှာ တစ်ယောက် ပဲပြန်ဖြစ်တတ်တာ၊ ညည်းကံကောင်းရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး၊ ကံဆိုးရင်တော့ ဖြစ်နိုင်တယ်’ဆိုပြီးမှာလိုက်တယ်” ဟု အန်တီဒေါ်ယဉ်မွန်သန်းက သူ၏ ကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့ သည်။

သားအိမ်ထုတ်ပြီးချိန်တွင် တပ်ရင်းမှူးကတော် ဒေါ်ယဉ်မွန်သန်းသည် အမျိုးသား နောက်လိုက်နေရသည့်အတွက် ခင်ပွန်းအတွက်၊ တပ်ရင်းအတွက် တာဝန်ဝတ္တရားများကျေပွန်စွာ အပင်ပန်းခံပြီး လုပ်ဆောင်ပေးခဲ့သဖြင့် သူ့ကျန်းမာရေးအတွက် အထူးတလည် ဂရုစိုက်နိုင်ခြင်းမရှိခဲ့ပေ။
“အဲဒီအချိန်မှာ အမျိုးသားက အပျော်အပါး သမားဖြစ်တော့ အန်တီ တရားအကြာကြီး ထိုင်ရင်၊ ဘုရားအကြာကြီး ရှိခိုးရင် သူက မကြိုက်ဘူး၊ သူရုံး သွားတဲ့ အချိန်မှာပဲ ဘုရားရှိခိုး၊ တရားထိုင်တာလုပ်ရတယ်၊ ပြီးတော့ တပ်ရင်းအလုပ်တွေနဲ့ အမြဲရှုပ်နေ တော့ ဘုရား၊ တရားကို ဇောက်ချပြီး မလုပ်ဖြစ်ခဲ့ဘူး၊ ဒါပေမဲ့ ဆေးခန်းနဲ့ ကိုယ်နဲ့ ပြတ်ရတယ်လို့လည်း မရှိလောက်အောင် တရှောင်ရှောင်ဖြစ်နေခဲ့တယ်၊ အဲဒီလိုနေရင်း နောက်ထပ် ခုနစ်နှစ်နေတော့ ဆီး အိမ်နဲ့အစာဟောင်းအိမ်ကင်ဆာ ထပ်ဖြစ်တယ်။ ကင်ဆာအဆင့်ကလည်း ၄ ဆိုတော့ ဆီးအိမ်ရော အစာဟောင်းအိမ်ပါ ခွဲစိတ်ကုသမှုက ပြိုင်လုပ်လို့ မရဘူး၊ ကင်ဆာဆဲလ်က ဆီးအိမ်ကော ၀မ်းသွားတဲ့ လမ်းကြောင်းကိုပါ ပျံ့နှံ့သွားပြီ၊ ခွဲခန်းထဲမှာ ကျောက်ကပ်က ကျောက်တွေခြေပြီး Stent တွေ အကြိမ်ကြိမ် ထည့်ခဲ့ရတယ်။ အဲဒီအချိန်မှာ အန်ကယ် ပါမောက္ခ ဦးသိန်းမြင့်သူက ခွဲခန်းထဲအထိဝင်ပြီး ဘေးနားကနေအားပေးခဲ့တယ်” ဟု အန်တီဒေါ်ယဉ်မွန်သန်းက ပြောပြခဲ့သည်။

ထိုအချိန်က အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် ဒေါ်ယဉ်မွန်သန်းသည်၂၀၀၈ ဖေဖော်ဝါရီ ၁၃ ရက် နေ့မှစပြီး ဓာတ်ရောင်ခြည်ပေးကုသမှု ခံယူခဲ့ကာ၊ ဧပြီလ ၂ ရက်နေ့အထိ အကြိမ် ၃၀ ခံယူခဲ့ကြောင်း၊ ဓာတ်ရောင်ခြည်ပေးကုသမှု ခံယူခဲ့ပြီး ကင်ဆာဆေး သွင်းရန် အကြံပြုခဲ့သော်လည်း လက်မခံတော့ဘဲ အဓိပ္ပာယ်ရှိသည့် အလုပ်ကိုသာ လုပ်တော့မည်ဟု ယတိပြတ် ဆုံးဖြတ်ပြီး တရားစခန်းသို့သာ ၀င်သွားခဲ့ကြောင်း သိရသည်။

အဲဒီအချိန်မှာ ဆရာဝန်တွေက ‘ခြောက်လပဲ ခံတော့မယ်၊ ကင်ဆာဆေးမသွင်းရင် ခြောက်လ တောင်နေရမှာ မဟုတ်ဘူး’လို့ ပြောခဲ့တယ်။ အန်တီ့ ပုံစံကလည်း အရိုးပေါ် အရေတင်၊ လူရုပ်တောင် မပေါ်တော့ဘူးဆိုတော့ လူတိုင်းကလည်း သေမှာပဲ ဆိုပြီး တစ်ထစ်ချ ထင်ခဲ့တယ်။
တစ်ပြိုင်တည်းမှာပဲ လောကဓံရိုက်နှက်ချက်က အတော်ပြင်းပါတယ်။

အမျိုးသားက တပ်ရင်းမှူး ဘ၀နဲ့ လောက်ကိုင်မှာ တာဝန်ကျတယ်၊ ဖေဖေက “ဇနီးသည် စိုးရိမ်ရတယ်၊ ကင်ဆာဖြစ်နေတယ်၊ အသက်မီချင်ရင် အမြန်လာပါ”ဆိုပြီး ကြေးနန်းပို့ လိုက်တယ်၊ အမျိုးသားက လာရှိုးကနေ “ယဉ်မွန် . . ကိုယ်လားရှိုးရောက်နေပြီ၊- – -နေ့ ရန်ကုန် ရောက်မယ်” လို့ ဖုန်းဆက်ပေမယ့် ရောက်မလာခဲ့ဘဲ ရန်ကုန်ကနေပြန်သွားတယ်၊ အန်တီလည်း သူလာမလား၊ လာမလားဆိုပြီး မျှော်နေမိခဲ့တယ်၊ မလာဘဲ ပြန်သွားခဲ့တော့ အန်တီ့ဖေဖေက အရမ်းစိတ်တိုပြီး ကွာရှင်းပြတ်စဲဖို့စီစဉ်လိုက်တယ်။ အဲဒီအချိန်မှာ ခင်ပွန်းရယ်၊ ဖေဖေရယ်၊ ရောဂါရယ်ကြားထဲမှာ အတော်ကြီးစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရပါတယ်။ ‘၀ဋ် ကြွေးလည်း အရမ်းကြီးတယ်၊ ဒါကြောင့် နောက်ဘ၀ မှာ ဒီဝဋ်ကြွေးမျိုး လုံးဝမပါချင်တော့ဘူး’ဆိုပြီး ကုသိုလ်ကောင်းမှု လုပ်မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

‘အန်တီရောဂါဖြစ်ချိန်မှာပဲ အန်တီတို့အိမ်ထောင်ရေး ပြိုကွဲသွားတယ်၊ အမျိုးသားကလည်း အလုပ်မှာ ဒုက္ခရောက်သွားတယ်၊ တကယ်တော့ ကင်ဆာဝေဒနာဖြစ်ရင် မိသားစုဝင်တွေရဲ့ အားပေးမှုက အများကြီးလိုအပ်ပါတယ်၊ ဒါပေမဲ့ အန်တီက အဲဒီလို အားပေးမှုကိုမရခဲ့ပါဘူး။ လက်ထပ်တုန်းကလည်း မိဘသဘောတူလို့ လက်ထပ်ခဲ့ရတယ်၊ ကွာရှင်းတော့လည်း မိဘကပဲကွာရှင်းခိုင်းခဲ့တယ် . . အန်တီလည်း မိဘဆန္ဒအတိုင်းပဲ လက်ခံခဲ့တယ် . . “ဟုဒေါ်ယဉ်မွန်သန်းက ဆိုသည်။ဖခင်က တစ်ဖက်၊ အမျိုးသားက တစ်ဖက်၊ ဝေဒနာကတစ်ဖက် ခံစားရသည့် လောကဓံရိုက်ချက် များအကြား ဒေါ်ယဉ်မွန်သန်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်သည်အထိ ခံစားခဲ့ရကြောင်း ပြောပြခဲ့သည်။

ဒီလိုသတ်သေလိုက်ရင် အဖန်ငါးရာငါးကမ္ဘာ ခံရမယ်၊ ဒီလို အရှုံးမပေးဘူး၊ ငါ့မှာ ဓမ္မ စွမ်းအားတွေ ရှိတယ်၊ အရင်ကလည်း တရားတွေကို အမြဲနာခဲ့တဲ့ အတွက် အန်တီ့ စိတ်ဓာတ်က အရမ်းမာပါတယ်။ အဲဒါနဲ့ ကင်ဆာဆေးသွင်းကုထုံး လုံးဝ မယူတော့ဘဲ တရားစခန်းကိုပဲ သွားခဲ့တော့တယ်။ လယ်တီမှာ တရားစခန်းကို သေချာအားထုတ်လိုက်တော့

ဘယ်တ ရားစခန်းမဆို ၀င်နိုင်သွားတယ်၊ သီလရှင်ဆိုရင် ငါးခါ ၀တ်ပြီးသွားပြီ။ နေ့စဉ်ပရဟိတအလုပ်တွေလုပ်၊ ပုညကိရိယ၀တ္ထု၁၀ပါး စတာတွေကို ဖြည့်တယ်၊ ဆရာတော်ဘုရားတွေရဲ့တရားတွေကို နာတယ်၊ အဲဒီအချိန်မှာ ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ ‘လောကဓံ မုန်တိုင်းနှင့် ကြံ့ခိုင်သောစိတ်ထား၊ အားပေးစကား’စတဲ့ တရားစကားတွေကို နာကြားခွင့်ရလိုက်တယ်၊ အဲဒါတွေက အန်တီ့အတွက် အတော်လေးအထောက်အကူပြုပါတယ်။ ဘယ်သူရဲ့ သာရေးနာရေးမဆို အကုန်လုပ်ပေးတယ်၊ အိမ်သာ ဆေးရလည်း ဘာမှမဖြစ်ဘူး၊ ကိုယ်အသက်ရှင်နေတဲ့အချိန်မှာ အဓိပ္ပာယ် ရှိတဲ့ အလုပ်ကိုပဲ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီး အဲဒီလိုပဲလုပ်ပေးတယ်၊ အဆင့်အတန်းမခွဲဘဲ အကုန် လုပ်ပေးတယ်၊ ဒီဘ၀မှာတောင် ဒီလောက် ဆိုးဆိုးရွားရွားခံရတာ . . နောင်ဘ၀မှာ ဒီလိုမလုပ်ရင် ပိုပြီးဆိုးဆိုးရွားရွားခံရမှာဆိုတဲ့ စိတ်နဲ့ အချိန်တိုင်း ကုသိုလ် ကောင်းမှုကိုပဲလုပ်ဆောင်တယ်”ဟု အန်တီဒေါ်ယဉ်မွန်သန်းက ဆိုသည်။

cancer2

ကင်ဆာဖြစ်နှုန်းမြင့်မားလာသည့် ယနေ့ခေတ်တွင် ကင်ဆာလူနာတို့အား ဒေါ်ယဉ်မွန်သန်းက သူ့ အတွေ့အကြုံနှင့် ယှဉ်၍ ယခုကဲ့သို့ ပြောပြခဲ့သည်။
“အကောင်းမြင်ဝါဒရှိရင် ကင်ဆာဝေဒနာသက်သာတယ်၊ ကင်ဆာဖြစ်တဲ့သူက များသောအားဖြင့် စိတ်အရမ်းတိုတတ်တယ်၊ အဲဒီစိတ်ကို မနည်းထိန်းရတယ်၊ ဟော်မုန်းကလည်း မရှိတော့ဘဲ ဝေဒနာကလည်း ခံစားရတော့ စိတ်အရမ်းတိုတယ်၊ ဓာတ်ကင်တဲ့အချိန်မှာ ၇ ကြိမ်မြောက်ကစပြီး လုံးဝ မထနိုင်တော့ဘူး။ ဓာတ်ကင်တော့လည်း အန်တီတစ်ယောက်တည်း . . စက်ခန်းကထွက်တာနဲ့ အန်တော့တာပဲ၊ သေခြင်းတရားက ဘယ်လောက် ဆန်းကြယ်ပြီး အံ့သြဖို့ ကောင်းသလဲဆိုရင် အန်တီအရင်မသေဘဲနဲ့ ကင်ဆာ စသိတဲ့အချိန်ကနေ သုံးလအတွင်းမှာ အန်တီရဲ့ ယောင်းမက သေသွားတယ်၊ အဲဒီမှာ သုံး လသားအရွယ် သားလေး ကျန်ခဲ့တယ်။ အန်တီက အဲဒီသားလေးကို ကြည့်ခဲ့ရတယ်။

တစ်ခါ အဖျားကြီးပြီး အာရှတော်ဝင်ဆေးရုံ တက်ခဲ့ရတဲ့အချိန်မှာ သွေးပေါင်တွေဆောင့်တက်၊ ငယ်ဝမ်းတွေ သွား . . အဲဒီလိုဖြစ်ခဲ့ဖူးတယ်၊ “စိတ်ထဲမှာ ငါ့သားလေးအတွက်၊ ငါ့မိဘအတွက် ငါအသက်ရှင်မှရမှာ . .” ဆိုတဲ့ စိတ်တွေနဲ့ဆိုတော့ အဲဒီ အချိန်မှာသာ သေသွားရင် လုံးဝကို ကျွတ်မှာမဟုတ်ဘူး၊ အဲဒီအချိန်မှာ ကိုယ့်စိတ်ကို ပြန်နှလုံးသွင်းရင်း ဝေဒနာကို ပြန်ကြည့် . . ဖြစ်နေတဲ့ စိတ်ကို ပြန်ကြည့် . . အဲဒီလိုမျိုးနဲ့ ၄၅ မိနစ်လောက် ရှူလိုက်တော့ လုံးဝကို ပြန်ကောင်းသွားပါတယ်၊ တရားရဲ့ တန်ခိုးက တကယ်အံ့သြဖို့ ကောင်းပါတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မသိနဲ့ဦး . . အာနာပါန(၀င်လေ၊ ထွက် လေ)ပဲမှတ်လိုက်ရင်ကို စိတ်က ပြန်ကြည်သွားတယ်၊ နောက်ပိုင်းလုပ်ရင်း၊ လုပ်ရင်း ခန္ဓာကို မလိုချင်တော့ အောင်ဖြစ်လာလိမ့်မယ်”

ငယ်စဉ်ကတည်းက သမီးအလိမ္မာဖြစ်သူ ဒေါ်ယဉ်မွန်သန်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဖခင်ကွယ်လွန်ချိန်အထိ အနီးကပ်ပြုစုခဲ့သည့်အပြင် ယခုအခါ အသက် ၇၆ နှစ်အရွယ် မိခင်ကိုသာ ပြုစုရင်း ဘ၀နေ့ရက်များကို ကုသိုလ်ကောင်းမှုဖြင့်သာနေထိုင်ခဲ့ဖြတ်သန်းနေသူဖြစ်သည်။“ကင်ဆာဆေးမသွင်းတော့ဘူးလို့ ဆုံးဖြတ်ပြီး တရားစခန်းဝင်ခဲ့တဲ့အချိန်ကစပြီး အခု ရှစ်နှစ်တာအတွင်း အန်တီ တစ်ခါမှ ဆေးမကုတော့ဘူး၊ ဆေးလည်း စစ်မကြည့်တော့ဘူး၊ အချိန်မရွေး သေလည်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီ၊ ကိုယ်အသက်ရှင်နေတဲ့ အခိုက်မှာတော့ ကိုယ့်ဝန်းကျင်က လူတိုင်းကိုအဆင့်အတန်းမခွဲခြားဘဲ ကူညီမယ်ဆိုတဲ့စိတ်နဲ့ အမြဲအကူအညီပေးခဲ့တယ်၊ မသေခင်မှာ အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ပြီးခဲ့ကတည်းက သေမှာကို မကြောက်တော့ဘူး၊ နောင်တမလွန်သွားရင် ကုသိုလ်ကောင်းမှုတွေပဲ ယူသွားမယ်။

နေလို့မကောင်းရင် တရားထိုင်တယ်၊ မနက်မိုးလင်း တစ်နာရီထိုင်တယ်၊ နေ့ခင်း တစ်နာရီထိုင်တယ်၊ ညနေ တစ်နာရီထိုင်တယ်၊ အဲဒီလို တရားထိုင်ပြီးမှ အားပြည့်တယ်၊ ခန္ဓာမှာဖြစ်နေတာ၊ စိတ်မှာဖြစ်နေတာတွေကို နာရီဝက်- တစ်နာရီလောက် မှတ်လိုက် မှာ သူ့ဘာသာနေပြန်ကောင်းသွားပါတယ်။ အလုပ်ပေးတရားနာပါတယ်။ အိမ်မှာ တရားစခန်းတွေ ခဏ ခဏ လုပ်ပေးတယ်၊ တရားပွဲတွေ လုပ်ပေးတယ်၊ မနက်သုံးနာရီခွဲ မေမေ့ကို တရားခွေဖွင့်ပေးရင်း အန်တီက တရားထိုင်တယ်၊ သက်ရှိဘုရားရှိနေသလို အာရုံဆွမ်း၊ နေ့ဆွမ်း စသဖြင့် သေချာကပ်လှူပူ ဇော်တယ်၊ နေ့တိုင်းဘာပဲလုပ်လုပ် ကုသိုလ်ပဲလို့ စဉ်းစားလိုက်တယ်။ အိမ်မှာပဲ ရက် ၅၀- ရက် ၁၀၀ ဆိုသလို ၁၀ ပါးသီလခံယူပြီး ယောဂီဝတ်ဖြစ်တော့တယ်၊ ၀ါတွင်းဆိုရင် ဓူတင်ဆောက်တည်တယ်. . လောဘကို အတတ်နိုင်ဆုံးပယ်သတ်ခဲ့တယ်။ တချို့ ဆို ငါက လုပ်ပေးရပြီး သူကတော့ စေတနာမထားပါလား၊ သူက ငါ့စေတနာနဲ့ မတန်ဘူးဆိုတာမျိုး ခံစားရတယ် . . အန်တီ့မှာ အဲဒီစိတ်လုံးဝမရှိတော့ဘူး၊ သူများကို လုပ်ပေးနေတာတွေက ကိုယ်လုပ်သလောက် ကုသိုလ်ရနေမှန်း သိနေတော့ ကိုယ် ဘယ်လောက်လုပ်ပေးပေး၊ ကိုယ့်ကို အကောင်းမမြင်လည်း ဘယ်လိုမှမနေဘူး၊ ချီးကျူးလည်း ခံနိုင်သွားပြီ၊ ကဲ့ရဲလည်း ဘယ်လိုမှမနေတော့ဘူး၊ လောကဓံ ရှစ်ပါးကို ခံနိုင်ရည်ရှိသွားပါပြီ”ဟု အန်တီဒေါ်ယဉ်မွန်သန်းက ပြောသည်။

ကင်ဆာမဖြစ်မီက ခေါက်ဆွဲခြောက်ထုပ်၊ အားဖြည့်အချိုရည်၊ အကင်စာ စသည်တို့ကို များများ စား သောက်ဖြစ်ခဲ့သော်လည်း ယခုအခါ အချိုမှုန့်၊ ကြက်သားမှုန့်၊ ဓာတုပစ္စည်းပါသည့် အစာများ၊ ခြေလေးချောင်းသား၊ သားကြီး၊ ငါးကြီးများ မစားတော့ဘဲ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကိုသာ များများ စားဖြစ်တော့ကြောင်း သိရသည်။“ကင်ဆာဖြစ်နေတဲ့သူတွေကို ပြောချင်တာက ဘာမှ ကြောက်စရာ မလိုဘူး၊ လူဆိုတာ မွေးကတည်းက သေမှာပဲ၊ ဝေဒနာဖြစ်လာရင် ဝေဒနာကို ခံနိုင်ရည်ရှိအောင် လုပ်ရမယ်၊ ရုပ်ရှိရင် ရောဂါရှိမှာပဲ၊ ရောဂါရှိရင် ခံစားချက်ဆိုတာ ရှိလာမှာပဲ၊ အဲဒါကို ရှူမှတ် နိုင်ဖို့ တရားပဲ လိုအပ်ပါတယ်။ အတွယ်အတာတွေ ကို ဖြတ်နိုင်သလောက်ဖြတ်၊ လျှော့နိုင်သလောက် လျှော့ . . တွယ်တာလေလေ ပူလောင်လေလေ၊ ဝေဒနာက ပိုခံစားရလေလေပဲ . .စိတ်ကို ခံနိုင်ရည်ရှိဖို့က တရားပဲ ခံနိုင်ရည်ရှိမှာ . . အန်တီလည်း ကင်ဆာ ဖြစ်တုန်းက ငါ့မှာကံဆိုးလိုက်တာ၊ ငါ့မှာကင်ဆာ လာဖြစ်လေခြင်းဆိုပြီး ၀မ်းနည်းခဲ့တယ်၊ ကင်ဆာ အဆောင်ကို သွားကြည့်လိုက်တော့ ခုတင်တစ်လုံးပေါ်မှာ လူသုံးယောက်လောက်ဝိုင်းပြီး ကင်ဆာဆေး သွင်းနေရတဲ့သူတွေလည်း အများကြီးပဲ . . ဘာမှ ကြောက်စရာမရှိပါဘူး။ ကင်ဆာဆိုတာ ရုပ်ရဲ့ဖောက်ပြန်မှုတစ်ခုပါပဲ၊ အတိတ်ဘ၀က ၀ဋ်ကြွေး၊ ခင်ပွန်းကြီး ၁၀ပါးကိုပြစ်မှားခဲ့လို့ဖြစ်တာ . . အဲဒီအတွက် ခင်ပွန်း ကြီး ၁၀ပါးကို အမြဲကန်တော့ပါ၊ ၀ဋ်ကြွေးတွေကိုချေပါ . . ပြီးတော့ အစားအသောက် အနေအထိုင်ပေါ်လည်း မူတည်တဲ့အတွက် သဘာဝမဟုတ်တဲ့ အစား အသောက်တွေကို တတ်နိုင်သလောက်ဆင်ခြင်ပါ”ဟု အန်တီဒေါ်ယဉ်မွန်သန်းက ကင်ဆာဝေဒနာရှင် များထံသို့ အကြံပြုစကားပြောကြားလိုက်ပါသည်။

(မှတ်ချက် – ဓာတ်ပုံများကို ကာယကံရှင်ဒေါ်ယဉ် မွန်သန်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ – အယ်ဒီတာ)

No comments:

Post a Comment