Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

လက်ရှိဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့ထက် များနေသော်လည်း အခြားနိုင်ငံများထက် နည်းပါး

 

လက်ရှိဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့ထက် များနေသော်လည်း အခြားနိုင်ငံများထက် နည်းပါး
Monday, April 3, 2017

လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ အရှေ့တောင်အာရှနိုင်ငံများတွင် ကမ္ဘောဒီးယားနှင့် ဘရူနိုင်း နိုင်ငံတို့ထက် များနေသော်လည်း အခြားနိုင်ငံများထက် နည်းပါးနေကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့နှင့် မြန်မာ့မဟာဗျူဟာ လေ့လာရေးစင်တာတို့ ပူးပေါင်း ထုတ်ဝေသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို လေ့လာသည့် စာတမ်းငယ်တွင် ဖော်ပြထားမှုအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံအလိုက် ဘတ်ဂျက်သုံးစွဲမှုများတွင် စင်ကာပူနိုင်ငံသည် ကာကွယ်ရေး ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံဖြင့် အများဆုံး အသုံးပြုထားပြီး အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ၊ ထိုင်းနိုင်ငံက ဒေါ်လာခြောက်ဘီလျံ၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာငါးဘီလျံ၊ မလေးရှားနိုင်ငံက ဒေါ်လာ ၃ ဒသမ ၆ ဘီလျံနှင့် ဖိလစ်ပိုင်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၇၆ ဘီလျံလျာထားပြီး မြန်မာနိုင်ငံက ဒေါ်လာ ၂ ဒသမ ၁၄ ဘီလျံအထိ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများတွင် တရုတ်နိုင်ငံက ယမန်နှစ်ကထက် ကာကွယ်ရေး အသုံးစရိတ်ကို ခုနစ်ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် ရည်ရွယ်ထားသည် ဆိုသဖြင့် ဒေါ်လာ ၁၄၇ ဘီလျံအထိ အသုံးပြုဖွယ်ရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သည့် လွှတ်တော်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းသည့် ကာကွယ်ရေး ဘတ်ဂျက်ကို စိစစ်၍ ဖြတ်တောက်နိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း အဆိုပါ ခန့်မှန်းမှုများ ဖြစ်လာခဲ့ခြင်းမရှိကြောင်း သိရသည်။

နိုင်ငံရေး အသွင်ကူးပြောင်းမှု စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကာကွယ်ရေး အသုံးစရိတ်အပေါ် လေ့လာထားသည့် အဆိုပါစာတမ်းငယ်တွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် နှစ်စဉ် ပုံမှန်တိုးမြင့်နေသည်ကို တွေ့ရှိရသည်ဟု စာတမ်းတွင် ဖော်ပြသည်။

သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တို့ကို နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ကို သိသိသာသာ တိုးမြှင့်ထားမှု မရှိကြောင်း အဆိုပါစာတမ်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရက ဘတ်ဂျက်ရေးဆွဲခဲ့ရာ၌ ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ကို ၂၈၇၆ ဘီလျံ သတ်မှတ်ခဲ့ပြီး NLD အစိုးရတက်လာချိန် ဘတ်ဂျက်များကို ပြန်လည်စိစစ် ရေးဆွဲခဲ့ရာ၌ စုစုပေါင်းဘတ်ဂျက်ကို လျှော့ချပေးခဲ့သော်လည်း ကာကွယ်ရေး ဘတ်ဂျက်ကိုမူ ဘီလျံ၂၉၀၀ ကျော်သို့ တိုးမြှင့်ပေးလိုက်ကြောင်း စစ်တမ်းက ဆိုသည်။

ထို့ပြင် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေရေး ဥပဒေကြမ်းကို အတည်ပြုရာတွင် လည်း ထပ်မံပြီးနောက်တိုး အသုံးစရိတ် ၉၆ ဒသမ ၉ ဘီလျံ ထပ်မံခွင့်ပြုခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းသော ဘတ်ဂျက်ကို စိစစ်ရန် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့် ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးပါ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုနှစ်အတွက် သာမန်အသုံးစရိတ် ၁၆၅၅ ဒသမ ၄၃၆ ဘီလျံ တင်သွင်းခဲ့ရာတွင် တစ်ဘီလျံသာ စိစစ်လျှော့ချနိုင်ခဲ့ကြောင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ၁၂၅၀ ဒသမ ၈၆၅ ဘီလျံ အဆိုပြုခဲ့ရာတွင် လုံးဝဖြတ်တောက် လျှော့ချနိုင်ခဲ့ခြင်း မရှိကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မှာ နှစ်စဉ်ပျှမ်းမျှအားဖြင့် ပြည်ထောင်စုအသုံးစရိတ်၏ ၁၄ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်နေသည်။

အဆိုပါ ကာကွယ်ရေး အသုံးစရိတ် သုံးစွဲမှုများအဖြစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၂၆၉ ဘီလျံရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၂၁၀၃ ဘီလျံ ရှိနေသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၂၂၈၈ ဘီလျံရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၃ ဘီလျံ ရှိနေသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၂၇၅၀ ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၂၉၀၀ ရှိနေကာ လက်ရှိ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၂၉၁၅ ဘီလျံ အထိရှိနေကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့နှင့် မြန်မာ့မဟာဗျူဟာ လေ့လာရေးစင်တာတို့ ပူးပေါင်းထုတ်ဝေသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို လေ့လာသည့် စာတမ်းငယ်တွင် ဖော်ပြထားမှုအရ သိရသည်။  

ဖြိုးဝေ
Eleven Media Group

No comments:

Post a Comment