ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဥပဒေ (အမေရိကန် ရုပ်ရှင်လုပ်ငန်း)


“ရုပ်ရှင်ဇာတ်ကား တစ်ကားရဲ့ ပိုင်ဆိုင်မှု” ဆိုတဲ့ စကားရပ်ထဲမှာ ဒီရုပ်ရှင်ကား တစ်ကားဖြစ်မြောက် ရေးအတွက် ပါဝင်လုပ်ဆောင်ကြတဲ့ လူပုဂ္ဂိုလ်တွေ (၀တ္ထု စာရေးဆရာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး နဲ့ ထုတ်လုပ်ရေးပိုင်းမှာ ပါဝင်လုပ်ကိုင်ကြတဲ့ ၀န်ထမ်းများ) နဲ့ ဒီရုပ်ရှင်ဇာတ်ကား ဖန်တီးရာမှာ အသုံးပြုတဲ့ ဇာတ်ညွှန်းအပါအ၀င်၊ အတွေးအခေါ် နဲ့ အနုပညာပိုင်းဆိုင်ရာ ဖန်တီးမှု အတတ်ပညာတွေအားလုံး ပါဝင်ပါတယ်။

ရုပ်ရှင်ကား တစ်ကားရဲ့ သန္ဓေတည်ခြင်းအစဟာ ၀တ္ထု (သို့မဟုတ်) ဇာတ်ညွှန်းဖြစ်တဲ့အတွက် အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းပိုင်းမှာ ပြဋ္ဌာန်းထားတဲ့ ၀တ္ထု၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာ ဥပဒေအပိုင်းကို အရင်ရေး ရမှာပါ။

ရုပ်ရှင်လုပ်ငန်းမှာ “ရုပ်ရှင်ဇာတ်ကား တစ်ကားရဲ့ ပိုင်ဆိုင်မှု” အားလုံးကို စီမံကွပ်ကဲရတဲ့သူက ထုတ်လုပ်မှု တာဝန်ခံ (Producer-In-Charge) ပါ။ ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းမှာ သူကလည်း ထုတ်လုပ်သူပါပဲ။ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့အတွက် အစကနဦးမှာ ထုတ်လုပ်သူဘက်က (၁) ဇာတ်ညွှန်းရေး ဆရာတစ် ယောက်ကို အလုပ်ခန့်အပ်ပြီးတော့ မူရင်း ဇာတ်ညွှန်း (Original Screenplay) ကို ရေးခိုင်းတာပဲဖြစ်စေ (၂) ၀တ္ထု၊ ပြဇာတ် ဇာတ်လမ်းတပုဒ်ကို မှီငြမ်းဇာတ်ညွှန်း (Adapted Screenplay) ပြန်ရေးခိုင်းတာပဲဖြစ်စေ အဲဒီနှစ်ခုထဲက တခုခုတော့ လုပ်ရမှာပါ။
နံပါတ် (၁) အချက်အတိုင်း လုပ်ရတယ်ဆိုရင် အဲဒီ မူရင်းဇာတ်ညွှန်းကိုရေးတဲ့သူကို ထုတ်လုပ်သူက ခန့်အပ်ထားတဲ့ ၀န်ထမ်းအဖြစ် သတ်မှတ်ပါတယ်။ ပြီးတော့ သူရေးတဲ့ ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာက မပိုင်ပါဘူး။

ဥပမာ - ရုပ်ရှင် ထုတ်လုပ်သူက ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ သံဃာတော်တွေ လမ်းပေါ်ထွက် ဆုတောင်း မေတ္တာပို့သတာ မလုပ်မီ ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတပါးပါး (သို့မဟုတ်) သံဃာတော်တစုရဲ့ လျှို့ဝှက်စီစဉ်လှုပ်ရှားခဲ့ရတဲ့ အကြောင်းကို ဇာတ်ညွှန်းရေးဆရာကို ပြောပြပြီး၊ ဇာတ်ညွှန်း ရေးဆရာက ဒါကို မူရင်းဇာတ်ညွှန်း (Original Screenplay) အဖြစ်ဖန်တီးတယ်ဆိုပါစို့။ အဲဒီဇာတ်ညွှန်းရဲ့ မူပိုင်ခွင့် (Copyright) ကို ထုတ်လုပ်သူက ပိုင်ပါတယ်။

နံပါတ် (၂) အချက်အတိုင်း လုပ်ရတယ်ဆိုရင်တော့ ထုတ်လုပ်သူဟာ ၀တ္ထု (သို့) ပြဇာတ်ရေး ဆရာဆီကနေ သူ့ဇာတ်လမ်းကို မှီငြမ်းပြီး ဇာတ်ညွှန်းအဖြစ် ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ခွင့်ပြုချက်ကို ရရမှာ ဖြစ်ပါတယ်။

ဥပမာ - ထုတ်လုပ်သူက ၀တ္ထု (သို့) ပြဇာတ်တပုဒ်ကို ဖတ်ပြီး၊ ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဖန်တီးရင် အောင်မြင်မယ်လို့ ယူဆတယ်ဆိုပါစို့။ ဒါဆိုရင် ထုတ်လုပ်သူဘက်က ဒီဇာတ်လမ်း မူရင်း ဖန်တီးတဲ့ သူ (တနည်းအားဖြင့်) မူပိုင်ခွင့် (Copyright) ရှိတဲ့သူဆီကနေ ဇာတ်ညွှန်းအဖြစ် ပြန်လည်ဖန်တီးခွင့်ကို တောင်းခံရမှာဖြစ်ပါတယ်။

မူရင်းဇာတ်ညွှန်းဖြစ်စေ၊ မှီငြမ်းဇာတ်ညွှန်းဖြစ်စေ ဇာတ်ညွှန်းတပုဒ်ဖန်တီးပြီးသွားပြီဆိုရင် ထုတ်လုပ်မှု တာဝန်ခံ က ဒီဇာတ်လမ်းကို ငွေစိုက်ထုတ်ပြီးရိုက်မယ့် အမှုဆောင် ထုတ်လုပ်သူ (executive producer) ကို ဈေးရောင်း သလို သူ (Producer-In-Charge) ရွေးထားတဲ့ ဇာတ်ညွှန်းကို ရောင်းရပါတယ်။ စာပေ နဲ့ ရုပ်ရှင် နယ်ပယ်မှာ ဒါကို pitch လုပ်တယ်လို့ခေါ်ပါတယ်။ NGO လောကမှာ အလှူရှင်တွေဆီက ဘက်ဂျက်ချပေးအောင် proposal တင်တဲ့ သဘောပါပဲ။

Pitch လုပ်တာ အောင်မြင်သွားတယ်ဆိုရင် နောက်တဆင့်ကတော့ စာချုပ်စာတမ်းတွေ ပြင်ဆင်ရတဲ့ ကိစ္စပါ။ ဒီအပိုင်းဟာ ဥပဒေ နဲ့ ပက်သက်လာတဲ့ ကိစ္စဖြစ်တဲ့အတွက် ထုတ်လုပ်မှု တာဝန်ခံ နဲ့ အမှုဆောင် ထုတ်လုပ်သူ အကြားစာချုပ်စာတမ်းတွေပြင်ဆင်တဲ့အခါမှာ အောက်ပါ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါ တယ်။
၁။ ဒီဇာတ်ညွှန်းဟာ မူရင်းလား၊ မှီငြမ်းလားဆိုတာကို အမှုဆောင် ထုတ်လုပ်သူ (ငွေစိုက်သူ) ဘက်က ရှင်းရှင်း လင်း သိရပါမယ်။ မှီငြမ်းဖြစ်တယ်ဆိုရင် ပိုပြီး သတိထားရမှာက အမှုဆောင် ထုတ်လုပ်သူအနေနဲ့ မူရင်း စာရေးဆရာ (တနည်း) မူပိုင်ခွင့်ရှိသူထံကနေ သူ့ဝတ္ထု၊ ပြဇာတ်ကို ဇာတ်ညွှန်းအဖြစ် ဖန်တီးဖို့ တရားဝင်ခွင့်ပြု တယ်ဆိုတဲ့ ထုတ်ပြန်စာကို ရရမှာ ဖြစ်ပါတယ်။

၂။ ဇာတ်ညွှန်းသည် မူရင်း ဇာတ်ညွှန်းဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ညွှန်းရေးတဲ့သူသည် ထုတ်လုပ်မှု တာဝန်ခံက အလုပ်ခန့်ထားတဲ့သူလား (ဒါမှမဟုတ်) ပုဂ္ဂလိက (အလွတ်) ဇာတ်ညွှန်းရေးတဲ့သူလားဆိုတာ သိရပါမယ်။ အခုခေတ်မှာတော့ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီအငယ်စားလေးတွေ အများကြီးပေါ်ပေါက်လာတာကြောင့် ကိုယ့်ဟာကိုယ် ဇာတ်ညွှန်းရေးပြီး ပြန်ရောင်းတဲ့ ပုဂ္ဂလိက အလွတ် ဇာတ်ညွှန်းရေး ဆရာတွေလည်း အများကြီး ပေါ်လာပါတယ်။ အဲဒီအခါမှာတော့ ဇာတ်ညွှန်းရေး ဆရာ နဲ့ အမှုဆောင် ထုတ်လုပ်သူကြားမှာ ကြားကနေ pitch လုပ်တဲ့ ထုတ်လုပ်မှုတာဝန်ခံ ဆိုတာလည်း မရှိပါဘူး။ ဇာတ်ညွှန်းရေးတဲ့သူက ကိုယ့်ဟာကိုယ်ရေး၊ ကိုယ့်ဟာကိုယ် ရောင်းရတာပါ။ အခုလို အခြေအနေမျိုးမှာကျတော့ အမှုဆောင် ထုတ်လုပ်သူ နဲ့ ဇာတ်ညွှန်းရေးတဲ့သူအကြားမှာ စာချုပ်ချုပ်တဲ့အခါ မူပိုင်ခွင့် နဲ့ တာဝန်ယူမှုတွေကို တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်တွေအပြင်၊ သီးခြား ညှိနှိုင်းပြီး ချုပ်ဆိုတဲ့ စာချုပ်တွေလည်း ပါပါတယ်။

၃။ ရုပ်ရှင်ဇာတ်ကား ထွက်လာတဲ့အခါမှာ တရားဝင် ဖြန့်ချီခွင့်ကို ဘယ်လို၊ ဘယ်လောက် အတိုင်းအတာအထိ သတ်မှတ်မလဲ? ဖြန့်ချီခွင့်ဆိုတာကတော့ ရုပ်ရှင် ထုတ်လုပ်ရေးမှာ အဓိက ၀င်ငွေ နဲ့ အကျိုးအမြတ် အရဆုံး အပိုင်းပါ။ ဖြန့်ချီခွင့်ရတဲ့သူဟာ ဒီဇာတ်ကားရဲ့ ၀င်ငွေ နဲ့ အကျိုးအမြတ် အနည်း၊ အများရဲ့ ရိုက်ခတ်မှုကို အကြီမားဆုံး ခံရပါတယ်။

အထက်ဖော်ပြပါ အပိုင်း (၃) ပိုင်းလုံး နဲ့ ပက်သက်ပြီး အသေးစိတ်ရှင်းလင်းချက်တွေ နဲ့ ၀တ္ထု၊ ပြဇာတ်၊ ဇာတ်ညွှန်းရေး ဆရာတွေရဲ့ ရပိုင်ခွင့် နဲ့ အခွင့်အရေးတွေကို ဒုတိယပိုင်းမှာ ဆက်ပြီး ရေးသွား ပါမယ်။
Kyaw Thein Kha 
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)