ရန်ကုန်မြို့ ၏ သုည မိုင်တိုင် တည်နေရာကို ခြေရာခံမိခြင်း


 
ရန်ကုန်မြို့ ၏ သုည မိုင်တိုင် တည်နေရာကို ခြေရာခံမိခြင်း

ရန်ကုန်မြို့တွင် ၆မိုင်ခွဲ၊ ၇မိုင်ခွဲ၊ ၈မိုင်၊ ၉မိုင်၊ ၁၀မိုင် ဘတ်စ်ကား မှတ်တိုင် နေရာများ ရှိပါသည်။ ထိုအကွာအဝေးများကို မည်သည့်နေရာက စတင်၍ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လျှင် ဖြေဆိုနိုင်သူ အနည်းငယ်သာ ရှိပါလိမ့်မည်။ 

ဆူးလေစေတီ မှ အခြေခံ၍ တိုင်းတာသည်ဟု ဖြေဆိုနိုင်သူ အနည်းငယ်တော့ ရှိပါလိမ့်မည်။ သို့သော် ကျွန်တော့အနေဖြင့် ဗြိတိသျှ တို့သည် အဘယ့်ကြောင့် ပြည်လမ်းတလျှောက် ၏ အကွာအဝေးပြ မိုင်တိုင်အမှတ်အသားကို စိုက်ထူရာတွင် ဆူးလေစတီ တည်နေရာအား သုည မိုင် အဖြစ် သတ်မှတ်ခဲ့ရကြောင်း အကြောင်းရင်းကို ရှာဖွေ မတွေ့ရှိခဲ့ပါ။

ဆူးလေစေတီ သည် မြို့တော်ခန်းမ အနီးတွင် တည်ရှိသောကြောင့် မြို့တော်ခန်းမ အစား ဆူးလေစေတီ ကို ဗဟိုပြုရသည်ဟု စဉ်းစားလျှင် ယုတ္တိတန်သည်။ ကျွန်တော့၏ သူငယ်ချင်း ကိုဇော်မြင့်ဦး ပြန်လည် ပြောပြသည်မှာ ဗြိတိသျှ တို့ အုပ်ချုပ်စဉ်ကာလက ဘုရင်ခံ ဆားဟူးဖရန့်ကိုယ်တိုင် ရွှေတိဂုံဘုရား တောင်ဖက်မုဒ်ရှိ သခင်ကိုယ်တော်မိုင်း အုတ်ဂူ တည်ရှိရာ နေရာတ၀ိုက်တွင် ရန်ကုန်မြို့ ၏ ဗဟို အဖြစ် အမှတ်အသားကျောက်တိုင် စိုက်ထူခဲ့ကြောင့် သူမှတ်ထားသမျှ ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ရှင်းပြခဲ့သည်။ အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူငယ်ချင်း ကိုကျော်ကျော်စိုး လည်း ကျွန်တော့အား ရန်ကုန်မြို့ ၏ သမိုင်းကြောင်းကို ကိုလိုနီလက်ထက် ရန်ကုန်မြို့၏ မြေပုံ နှင့်တကွ ရှင်းပြခဲ့သည်။

အင်္ဂလိပ် လူမျိုးများသည် အင်မတန်တိကျ၍ စနစ်ကျသူများဖြစ်သောကြောင့် သုညမိုင် အမှတ်အသား ကို ရန်ကုန်မြို့အလယ် ၏ မြေပြင်တနေရာတွင် စိုက်ထူခဲ့ပေလိမ့်မည်။ သို့သော် လွှတ်လပ်ရေး ရသောအခါ အင်္ဂလိပ် အစိုးရထံမှ စည်ပင်သာယာ မြေပုံများကို လွှဲပြောင်း ယူရာတွင် အချို့ အရေးကြီးသော မြေပုံ အချက်အလက်များ ကျန်ကောင်း ကျန်နိုင်ပါသည်။
ထိုပျောက်ဆုံးနေသာ သမိုင်း အချက်အလက် ကွင်းဆက်များကို ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အားလပ်သော အချိန်များတွင် မြေပြင်တလျှောက် လေ့လာ၍ သုတေသန လုပ်ရန် တက္ကသိုလ်ကျောင်းသားဘ၀ က စိတ်ကူးယဉ် ခဲ့ကြသည်။

လွန်ခဲ့သောတပါတ်က ကိုကျော်ကျော်စိုး တယောက် သခင်ကိုယ်တော်မှိုင်းဂူ တ၀ိုက်တွင် သဲလွန်စ ရလိုရငြား သွားရောက် ရှာဖွေခဲ့သည်။ နှစ်အတ်ာကြာခဲ့သည်ဖြစ်၍ မြေပြင်အနေအထားမှာ လုံးဝ ပြောင်းလဲနေပါပြီ။ မည်သည့် သမိုင်းဝင် ကျောက်တိုင်မျှ မတွေ့ခဲ့ရတော့ပေ။ ရွှေတိဂုံဘုရား ၏ နယ်နမိတ်အစ ဆိုသည့် ကျောက်တိုင် တခုကိုသာ တွေ့ရှိခဲ့သည်။
 
ထို့နောက် ကိုကျော်ကျော်စိုး သည် သူ၏ကားကို ယင်းနေရာမှစတင်ပြီး ပြည်လမ်းတလျှောက် မောင်းနှင်ခဲ့ရာ ၆မိုင်ခွဲ မှတ်တိုင် နှင့် ၈မိုင် မှတ်တိုင်သို့ရောက်ခိုက် သူ၏ကားတွင် တပ်ဆင်ထားသော အကွားဝေးပြ ဒိုင်ခွက် နှင့် တိုက်ကြည့်သောအခါ ၂မိုင် နီးပါး လိုနေသည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့် သုည မိုင်တိုင် နေရာသည် ရွှေတိဂုံဘုရား တောင်ဖက်မုဒ် နေရာ  ဖြစ်နိုင်ချေ အလွန်နည်းသွားပြီး ဆူးလေစေတီ နေရာသည်သာ ရန်ကုန်မြို့ ၏ သုည မိုင် တည်နေရာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ 

သမိုင်း စိတ်ဝင်စားသူများ ၏ ပြောပြချက်အရ သခင်ကိုယ်တိုင်မှိုင်း အုတ်ဂူနေရာ တ၀ိုက်တွင် အထင်ကရ ကျောက်တိုင် စိတ်ထူခဲ့ခြင်းမှာ ဖြစ်နိုင်ခြေ ရှိပြီး မည်သည့်အကြောင်းအရာအတွက် စိုက်ထူခဲ့ရခြင်း ဖြစ်ကြောင်းကိုသာ အဖြေမထုတ်နိုင်ခြင်း ဖြစ်ဖို့များပါသည်၊ 

ကိုကျော်ကျော်စိုး ၏ တွေ့ရှိချက်ကို အခြေခံပြီး ကျွန်တော်လည်း Google map တွင် ဆူးလေစေတီအား စတင်မှတ်အဖြစ် အခြေပြုပြီး ပြည်လမ်းတလျှောက် အကွာအဝေးကို အပြန်ပြန်အလှန်လှန် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်ရှိ ၆မိုင်ခွဲ ဘတ်စ်ကား မှတ်တိုင်နေရာတွင် မပြဘဲ ၄င်းမှတ်တိုင်ကိုကျော်လွန်၍ အေဒီလမ်းမရောက်ခင် လူငယ်အင်းယားလေးနေရာအထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။ ၈မိုင် အကွာအဝေးသည်လည်း မြေပြင် ၈မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်ကို လွန်ပြီး ၉မိုင် နေရာလောက်ထိ ရောက်သည်ကို တွေ့ရှိခဲ့သည်။

၈မိုင်၊ ၇မိုင်ခွဲ၊ ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်နေရာများကို အသီးသီး အခြေပြု၍  ဆန့်ကျင်ဖက်အရပ် ရန်ကုန်မြို့လယ်သို့ ပြည်လမ်းတလျှောက် ပြန်လှန် တိုင်းတာကြည့်ရာ အဆုံးနေရာများသည် ဆူးစေတီကိုလွန်၍ ၀.၇မိုင် ကျော်လွန်သည် ကို တွေ့ရှိရသည်။ ထို ၀.၇မိုင် ကျော်လွန်သောနေရာသည် ဆူးလေလမ်းမအတိုင်းဆိုလျှင် ၀န်ကြီးများ ရုံးအဆောက်အဦး၊ ကမ်းနားလမ်း ဆိုလျှင် ဗဟိုစာတိုက်ကြီး အဆောက်အဦး ရှိသည့် နေရာတ၀ိုက် ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ဗဟိုစာတိုက်ကြီးအား အစမှတ်အဖြစ် အခြေပြုပြီး ကမ်းနားလမ်းမှတဆင့် ပြည်လမ်းတလျှောက် တိုင်းတာကြည့်ရာ ၆မိုင်ခွဲ အကွာအဝေးသည် မြေပြင်ပေါ်တွင် ၆မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၇မိုင်ခွဲ နေရာသည် ၇မိုင်ခွဲ ဘတ်စ်ကားမှတ်တိုင်၊ ၈မိုင်နေရာသည် ၈မိုင် ဘတ်စ်ကားမှတ်တိုင်နေရာ အသီးသီး ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

အင်္ဂလိပ်တို့သည် Singapore မြို့ကို တည်ဆောက်ရာတွင်  မြို့ပြအင်္ဂါရပ်များ သတ်မှတ်သည့်အခါ ဗဟိုစာတိုက်ကြီး (ယခု Fullerton hotel)  ကို သုညမိုင် zero mile အဖြစ် အခြေပြု သတ်မှတ်ခဲ့သည်။ ထိုခေတ်က ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် စာပို့ခြင်း၊ ကြေးနန်း၊ တယ်လီဖုန်းများကိုသာ အသုံးပြုခဲ့သည်။ ဗဟိုစာတိုက်ကြီးကို အခြေပြု၍ မြို့တမြို့ နှင့် တမြို့အကွာအဝေးအလိုက် တံဆိပ်ခေါင်းအဖိုးအခ၊ ဆက်သွယ်ရေး ၀န်ဆောင်မှု အဖိုးအခ ကို သတ်မှတ်ခဲ့သည်။ ထို့ကြောင့် စာတိုက်ဌါနအား zero milestone အဖြစ် သတ်မှတ်ခဲ့ဟန်တူသည်ဟု စာရေးသူအနေဖြင့် ယူဆပါသည်။  

Singapore မြို့သည် Rangoon မြို့တည်ပြီးသည့်နောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် Singapore မြို့အတွက် လိုအပ်သော မြို့ပြအင်္ဂါရပ်များ တည်ဆောက်ရာတွင် Rangoon မြို့ တည်ထားသည့် စနစ်အချို့ကို ပြန်လည်အသုံးပြုခဲ့နိုင်သည်ဟု မှန်းဆမိပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က Singapore အစိုးရသည် သမိုင်း အမွေအနှစ် ထောက်အထားများဖြစ်သည့် အကွာအဝေးပြ မိုင်တိုင် ကျောက်တိုင်များကို ပြန်လည်တူးဖေါ် ရရှိခဲ့ပြီးဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင်ကား မည်သည့် မိုင်တိုင်ကျောက်တိုင်ကိုမျှ ပြန်လည်တူးဖေါ် ရရှိကြောင်း မကြားရပါ၊ 

ကျွန်တော်တို့ သူငယ်ချင်း ၃ယောက်အနေဖြင့်  ကြားဖူးခဲ့သည့် အကြောင်းအရာများ၊ ဖတ်ရှုခဲ့ဖူးသော သမိုင်းအထောက်အထားများ၊ မြေပြင်လေ့လာမှုအခြေအနေ၊ Google map မှ အပြန်ပြန်အလှန်လှန် တိုင်းတာချက်များကို ခြုံငုံ၍ ကောက်ချက်ချရလျှင် ရန်ကုန်မြို့၏ သုည မိုင်တိုင် ကျောက်တိုင် တည်နေရာ သည် ကမ်းနားလမ်း နှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဗဟိုစာတိုက်ကြီး ဖြစ်ပါကြောင်း သုံးသပ်ရပါတော့သည်။

×××××××××××××××××××××××××××××××××××××××××××××××××
၃၀.၁.၂၀၁၆

ထပ်မံစုံစမ်း ရှာဖွေ ရရှိသော အချက်အလက်များ အထောက်အထားများ အရ zero mile ကျောက်တိုင်သည် ကမ်းနားလမ်း နျင့် ဗိုလ်အောင်ကျော်လမ်းထောင့် ရှိ ဗဟိုစာတိုက်ကြီး ရှေ့တွင် အမှန်တကယ် ရှိခဲ့ပါသည်ဟု ဗဟိုစာတိုက်ကြီးမှ အရာရှိတဦးက သမိုင်းကြောင်း အထောက်အထား နှင့် မျက်မြင်သက်သေ အဖြစ် အတည်ပြုပြီး ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်အနည်းအငယ်က စည်ပင်သာယာမှ ပလက်ဖေါင်း ပြုပြင်ရာတွင် ၄င်း ကျောက်တိုင်ကို နုတ်ယူသွားပါသည်။

ဤ zero mile အမှတ်အသား ကျောက်တိုင်သည် ရှေးဟောင်း သမိုင်းအမွေအနှစ်တခုဖြစ်ပြီး ဗြတိသျှ အစိုးရ ၏ မိုင်တိုင်အကွာအဝေး သတ်မှတ်ပုံ အကြောင်းကို တစေ့တစောင်း လေ့လာနိုင်ပါသည်။

၎င်း ကျောက်တိုင်ကို ပြန်လည်ရှာဖွေ၍ မူလနေရာတွင် ပြန်လည်စိုက်ထူနိုင်လျှင် နိုင်ငံသားများသာမက နိုင်ငံခြားသား ခရီးသွားများအတွက်ပါ အကျိုးရှိပါသည်။

ကမ္ဘာတ၀န်းလုံးတွင် ရှေးဟောင်းအမွေအနှစ်များကို လိုက်လံရှာဖွေ မှတ်တမ်းပြုစု၍ ပြန်လည်ထိန်းသိမ်း စောင့်ရှောက်နေသလို ကျွန်တော်တို့ နိုင်ငံတွင်လည်း ရှေးဟောင်း အမွေအနှစ်များကို ပြန်လည်စူးစမ်းရှာဖွေ၍ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

Aung Ngwe Latt ၏
စာမျက်နှာ မှ ကူးယူဖော်ပြ ပါသည်။

လူမွန်
Credit. . . Lu Mon
    
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)