ဖျော်ဖြေရေး ကဏ္ဍဆိုင်ရာ ဥပဒေ (အမေရိကန် ရုပ်ရှင်လုပ်ငန်း) အပိုင်း (၃)



ဥပမာ (၃) - အကယ်၍ ၀တ္ထုကို ရုပ်ရှင်ကုမ္ပဏီ (ဒါမှမဟုတ်) ရုပ်ရှင် ထုတ်လုပ်သူက ရုပ်ရှင်ရိုက်ဖို့အတွက် ၀ယ်ယူတာမဟုတ်ပဲ၊ ရုပ်မြင်သံကြား ထုတ်လုပ်ရေး ကုမ္ပဏီက ရုပ်သံ ဇာတ်လမ်းရိုက်ဖို့အတွက် ၀ယ်ယူတာဆိုရင် စာချုပ်ထဲမှာ ရုပ်သံဇာတ်လမ်းရိုက်ကူးဖို့အတွက် ၀ယ်ယူတာဖြစ်ကြောင်း တိတိကျကျ ရှင်းရှင်း လင်းလင်း ဖော်ပြထားရပါမယ်။ ဒါပေမယ့် ၀တ္ထုကို ၀ယ်ယူတဲ့အခါမှာ များသောအားဖြင့် ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီက ပေးတဲ့ ငွေပမာဏဟာ ရုပ်ရှင်ကုမ္ပဏီက ပေးတဲ့ ငွေပမာဏထက် နည်းပါတယ်။ ညှိနှိုင်းကြေးငွေ (Option fee) ရော၊ ၀တ္ထုတပုဒ်လုံးရဲ့ တန်ဖိုးပါ နည်းသွားတာပါ။

ဥပမာ (၄) - အမေရိကန် ရုပ်သံ နှင့် ရုပ်ရှင် ဇာတ်ညွှန်းရေး ဆရာများ သမဂ္ဂ (WGA) က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း များအရ၊ ထုတ်လုပ်မှုတာဝန်ခံ (Producer-in-charge) တစ်ယောက်က ၀တ္ထုရေးဆရာ (သို့) ဇာတ်ညွှန်းရေးဆရာ နဲ့ အရောင်းအ၀ယ် ကိစ္စ ညှိနှိုင်းစာချုပ် (Option Contract) မချုပ်ရသေးခင် ၀တ္ထု၊ ဇာတ်ညွှန်းကို ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဆီသွားပြီး ပြသခွင့်မရှိပါဘူး။ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာ ဒါကို shop လုပ်တယ်လို့ခေါ်ပါတယ်။ ၀တ္ထု၊ ဇာတ်ညွှန်းရေးဆရာကို free option (ဒါမှမဟုတ်) option fee လည်းမပေး၊ ဇာတ်ညွှန်းဝယ်ယူဖို့ နှစ်ဘက်ညှိနှိုင်းနေကြောင်း ညှိနှိုင်းသဘောတူစာချုပ်လည်းမချုပ်ပဲ နဲ့ ထုတ်လုပ်မှု တာဝန်ခံက ၀တ္ထု၊ ဇာတ်ညွှန်းကို ရုပ်ရှင် ကုမ္ပဏီထံ သွားပြတာကို shopping လုပ်တယ်လို့ ခေါ်တာပါ။

ဒါကို နမူနာပေးပြီးထပ်ရှင်းရမယ်ဆိုရင် …. ကျော်သိင်္ခက ရုပ်ရှင် ထုတ်လုပ်မှုတာဝန်ခံ ဆိုပါစို့။ သူ့အနေနဲ့ ဇာတ်ညွှန်းရေး ဆရာတယောက်ဆီက ဇာတ်ညွှန်းတပုဒ်ကို ကြည့်ချင်လို့ဆိုပြီး တပတ်လောက် အိမ်ကို ယူသွားခွင့်တောင်းတယ်။ ဇာတ်ညွှန်းရေးဆရာက ခွင့်ပြုလိုက်တယ်။ အဲဒီတပတ်အတွင်းမှာ ကျော်သိင်္ခက Warner Bros. Studios, Universal Studios, Fox, SONY, Disney, Paramount, DreamWorks စတဲ့ ရုပ်ရှင် စတူဒီယိုတွေမှာ ဒီဇာတ်ညွှန်းကို shop လုပ်တယ်။ ဒါပေမယ့် ဘယ်ရုပ်ရှင်စတူဒီယိုကမှ ဒီဇာတ်ညွှန်းကို ရုပ်ရှင်အဖြစ် ထုတ်လုပ်ဖို့ စိတ်မ၀င်စားဘူး။

နောက်ဆုံး ကျော်သိင်္ခက ဇာတ်ညွှန်းရေးဆရာကို “မင်း ဇာတ်ညွှန်းကို ငါမကြိုက်ဘူးကွာ” (ဒါမှမဟုတ်) “ငါစိတ်မ၀င်စားဘူးကွာ” လို့ပြောပြီးတော့ ဇာတ်ညွှန်းကို ပြန်ပေးလိုက်တယ်။ ဒါပေမယ့် သူ့ဇာတ်ညွှန်း shop အလုပ်ခံလိုက်ရတာကို ဒီဇာတ်ညွှန်းရေးဆရာ မသိဘူး။ ကျော်သိင်္ခက မကြိုက်ပေမယ့် အထက်ပါ စတူဒီယိုတွေက ကြိုက်ရင် ကြိုက်မှာပဲဆိုပြီး ဇာတ်ညွှန်းရေးဆရာက အဲဒီစတူဒီယို တွေကို သူ့ ဇာတ်ညွှန်းရောင်းတယ်။ ဒါပေမယ့် သူ့ဇာတ်ညွှန်းကို အဲဒီစတူဒီယိုတွေက အရင်တပတ် ကတည်းက ပယ် (reject) လုပ်ထားတဲ့ အကြောင်း ပြန်ပြောတယ်။

အခုလို အခြေအနေဖြစ်လာခဲ့ရင် ဥပဒေကြောင်းအရ ဘယ်လို ရင်ဆိုင်မလဲ?

အမေရိကန် ရုပ်သံ နဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေး ဆရာများ သမဂ္ဂ (WGA) က ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေအရ၊ ဇာတ်ညွှန်းတပုဒ်သည် မူရင်း ရေးတဲ့သူ မသိပဲ နဲ့ shop အလုပ်ခံလိုက်ရတယ်ဆိုရင်၊ ထုတ်လုပ်မှုတာဝန်ခံအနေနဲ့ WGA ကို ဒဏ်ကြေးငွေ ပေးဆောင်ရမှာပါ။ ပြီးမှ အဲဒီ ဒဏ်ကြေးငွေကို WGA က shop အလုပ်ခံလိုက်ရတဲ့ ဇာတ်ညွှန်းရေးဆရာဆီကို ပြန်လွှဲပေးမှာပါ။ (မှတ်ချက်။ အခုလို WGA ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကို WGA မှာ အသင်းဝင်ဖြစ်ထားတဲ့ ဇာတ်ညွှန်းရေး ဆရာတွေပဲ ခံစားခွင့်ရှိပါတယ်)
အကယ်၍ ထုတ်လုပ်မှုတာဝန်ခံဘက်က ဒီကိစ္စ နဲ့ ပက်သက်ပြီး WGA မှာ လာရောက်ရှင်းလင်းခြင်း၊ ဒဏ်ကြေးငွေပေးဆောင်ခြင်း မရှိဘူးဆိုလျှင်တော့ အနည်းဆုံး မူပိုင်ခွင့် (Copyright) ဥပဒေ ချိုးဖောက်မှု နဲ့ WGA ဘက်က တရားစွဲမှာပါ။ ဒါကတော့ သူ့အသင်းဝင်ဖြစ်တဲ့ ဇာတ်ညွှန်းရေး ဆရာတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးထားတဲ့ WGA ရဲ့ မူဝါဒပါ။

ဥပမာ (၅) - ၀တ္ထုရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာဆီကနေ သူ့ ၀တ္ထု၊ ဇာတ်ညွှန်းကို ရုပ်ရှင်ရိုက်ခွင့်ပြုလိုက်တာ ဟာ ဒီရုပ်ရှင် အမှတ်တံဆိပ်တွေ နဲ့ တီရှပ်၊ ဦးထုပ်တွေ လုပ်ပြီးရောင်းတာ၊ ဖန်ခွက်၊ မက်ခွက်တွေ လုပ်ပြီးရောင်းတာအပါအ၀င် တခြားငွေရှာတဲ့ နည်းလမ်းတွေ နဲ့ ငွေ ဖန်တီးခွင့်ပေးတာမဟုတ်ပါဘူး။ အဲဒီအတွက် စာရေးဆရာဟာ တခြား ကုမ္ပဏီ တခုခု နဲ့ သီးခြားစာချုပ်ချုပ်ပြီး လုပ်ပိုင်ခွင့်ပေးရင်လည်း ပေးမယ်။ ဒါမှမဟုတ် လက်ရှိ သူ့ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ၀ယ်လိုက်တဲ့ ထုတ်လုပ်သူနဲ့ စာချုပ်နောက်တခု ထပ်ချုပ်ပြီး သီးခြားလုပ်ပိုင်ခွင့် ထပ်ပေးရင်လည်းပေးမယ်။ ဒါက စာရေးဆရာရဲ့ မူပိုင်ခွင့်ပါ။

နောက်တခုကတော့ မူရင်း စာရေးဆရာဟာ သူ့ ၀တ္ထု၊ ဇာတ်ညွှန်းကို ရုပ်ရှင် ထုတ်လုပ်သူကို ရောင်းလိုက်ပေမယ့် ဒီဝတ္ထု၊ ဇာတ်ညွှန်းကို အဲဒီရုပ်ရှင်ထုတ်လုပ်သူက တသက်လုံး ပိုင်သွားတာမဟုတ်ပါဘူး။ အရောင်းအ၀ယ် စာချုပ်ထဲမှာ တရားဝင်ဖော်ပြထားတဲ့ အချိန်ကာလ သတ်မှတ်ချိန်တခု ကျော်လွန်သွားတဲ့အခါ တခြား ရုပ်ရှင် (သို့) ရုပ်သံ (သို့) ပြဇာတ် ထုတ်လုပ်သူတယောက်ယောက်ကို ဒီဇာတ်လမ်း ရောင်းခွင့်ရှိပါတယ်။ ဒါပေမယ့် ကနဦး ထုတ်လုပ်သူရဲ့ အခွင့်အရေးကို လေးစားလိုက်နာတဲ့အနေနဲ့ စာရေးဆရာဟာ ရုပ်ရှင် ဇာတ်ကား ရုံတင်ပြသပြီးလို့ (ထုတ်လုပ်သူ နဲ့ စာရေးဆရာ) နှစ်ဦး သဘောတူညီထားတဲ့ အချိန်ကာလတခု လွန်မြောက် သွားတဲ့အခါမှသာ တခြား ရုပ်သံ မီဒီယာ (ဒါမှမဟုတ်) ပြဇာတ်ထုတ်လုပ်တဲ့သူတွေဆီကို သူ့ဇာတ်လမ်း ရောင်းရမှာပါ။

အခုတော့ ဒီလောက်ပါပဲ။ နောက်ထပ် နှစ်ပိုင်းလောက် ထပ်တင်လိုက်ရင် ၀တ္ထု၊ ဇာတ်ညွှန်းအပိုင်း ပြီးလောက်ပြီလို့ ထင်ပါတယ်။ အဲဒါပြီးရင်တော့ ဒါရိုက်တာ နဲ့ သရုပ်ဆောင်တွေရဲ့ အခွင့်အရေး နဲ့ ရပိုင်ခွင့် တွေကို ဆက်မှာပါ။
Kyaw Thein Kha










Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)